တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးအား ခန့်အပ်

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးအား ခန့်အပ်
Published 12 February 2020
ဆန်းမိုးထွန်း

လစ်လပ်လျက်ရှိသည့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် အနောက်တောင််တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်လိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတည်ပြု ခန့်အပ်လိုက်တာ ဟုတ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ခန့်အပ်ခံခဲ့ရသည့် ဗိုလ်ချုပ် ရဲဝင်းဦးသည် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၇၇ (ဘွဲ့ရ) သို့ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး မဖြစ်မီ တပ်မ ၁၁ (အင်းတိုင်) တပ်မမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူညီခဲ့သည့်အတွက် လစ်လပ်သွားသော တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် နေရာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်က တိုင်းမှူးတွေကပဲ ဖြစ်တာ။ အရင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကလည်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အဆင့်ကနေပြီး အဲဒီလို တိုးမြှင့်ခံထားရတာပါ”ဟု ပြောကြားသည်။

အဆိုပါ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ရာထူးအတွက် ခန့်အပ်ရာတွင် တပ်မတော်က သတ်မှတ်ထားသည့် စွမ်းရည်သုံးရပ်အပေါ်တွင် မူတည်၍ တိုင်းမှူးအားလုံး၏ အရည်အချင်း အရည်အသွေးများကို အဖွဲ့စနစ်ဖြင့် အကဲခတ်ကာ ခန့်အပ်သည့် ရာထူးမျိုးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လစ်လပ်သွားတဲ့ ရာထူးနေရာနဲ့ ဒီအဆင့်တွေဆိုရင် တိုင်းမှူးတွေကိုပဲ ခန့်ထားတာ။ တိုင်းမှူးတွေကိုပဲ ခန့်ထားတဲ့နေရာမှာ သူ့ရဲ့အားလုံးကို ပြန်ကြည့်ရတာပေါ့။ အားလုံးကို ပြန်ကြည့်တယ် ဆိုတာတော့ တပ်မတော်မှာ အခြေခံတာကတော့ စွမ်းရည် သုံးရပ်ပေါ့။ အဲဒီစွမ်းရည်တွေနဲ့ ဘဝတစ်လျှောက်လုံး ပြုစုလာတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေကို အဖွဲ့စနစ်နဲ့ပဲ။ တပ်မတော်မှာတော့ ဒီကိစ္စတွေကို အဖွဲ့စနစ်နဲ့ပဲ ဆောင်ရွက်တာပဲ။ ခုနကပြောတဲ့ အရည်အချင်း အရည်အသွေးတွေကို အဖွဲ့စနစ်နဲ့ အကဲခတ်ပြီးမှ ကျွန်တော်တို့က ခန့်ထားတဲ့ ရာထူးမျိုးတွေ ဖြစ်ပါတယ်။ ဒီသွေးသစ်လောင်းတယ် ဆိုတာလည်း အခု တိုင်းမှူးက ၁၄ ယောက် ရှိတာကို။ ၁၄ ယောက်ထဲက တစ်ယောက်ခန့်ရမှာပဲ ဆိုတဲ့အတွက် ခန့်အပ်ခြင်း ဖြစ်ပါတယ်။ တိုင်းမှူးတွေထဲမှာလည်း ဗိုလ်ချုပ်ရဲဝင်းဦးထက် ဂျူနီယာကျတဲ့  တိုင်းမှူးတွေလည်း ရှိတယ်။ စီနီယာကျတဲ့ တိုင်းမှူးတွေလည်း ရှိတယ်။ သူ့ရဲ့နေရာ လစ်လပ်မှုရယ်၊ ခန့်ထားသင့်တဲ့ နေရာအတွက် အဖွဲ့စနစ်အလိုက် ဆောင်ရွက်ပြီး ခန့်ထားခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ဗိုလ်ချုပ်ရဲဝင်းဦးအား တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်သည့်အတွက် လစ်လပ်သွားသော အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွင် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေအား ခန့်အပ်သွားမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးအား ခန့်အပ်မှုနှင့်ပတ်သက်၍ နိုင်ငံရေးသုတေသီ ဒေါက်တာအောင်မျိုး (ဗိုလ်မှူးအငြိမ်းစား) က “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူနဲ့ ၁၀ နှစ်ကျော်လောက် လှမ်းတဲ့လူတစ်ယောက် ကို စပြီး အစားထိုးပြီပေါ့။ ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်လာမယ့် အခင်းအကျင်းမှာ ရှိနေမယ့် တပ်မတော် ခေါင်းဆောင်တွေဟာ လူငယ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီပရောဆက်ကို သူစပြီး လုပ်တယ်လို့ပဲ ပြောပါရစေ”ဟု မှတ်ချက်ပြုသည်။  

Most Read

Most Recent