ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေး

ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေး
Published 12 February 2020

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်အရှည်ကြာဆုံးနှင့် ယင်း၏အဆိုးရွားဆုံး သက်ရောက်မှုဒဏ်ကို ကာလရှည်လျားစွာ ခံစားကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာလာသည့်တိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်နိုင်ရန်ပင် ခက်ခဲနေသေးသည်ကို စိတ်မကောင်းစွာပင် တွေ့ရှိနေရဆဲ ဖြစ်သည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုသည် များစွာအရေးကြီးသည် ဆိုသည့်အချက်ကို အလေးအနက်ထားသည့်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းရာတွင် တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးရရှိရန် အလေးထားဆောင်ရွက်ခဲ့သည်။ ၁၉၄၅ သြဂုတ် ၁၅ တွင် ဂျပန်များစစ်ရှုံး၍ လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသောအခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏ သဘောတူညီမှုရရှိရန် ကချင်တိုင်းရင်းသားများကို စည်းရုံးရန် ကြိုးစားခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၈ တွင် ဗိုလ်ချုပ်သည် ကချင်ပြည်နယ်သို့ ရောက်ရှိစဉ် မြေပြန့်တောင်တန်း သွေးစည်းညီညွတ်ရေးအတွက် ကချင်ဒေသခံလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ယင်းမိိန့်ခွန်းတွင် “ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူအခွင့်အရေးရမည်” ဟု တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ပြောကြားချက်သည် သမိုင်းတွင်ခဲ့သည်။

ဗြိတိသျှအစိုးရလက်အောက်တွင် မြန်မာနိုင်ငံကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန် တိုင်းရင်းသားများအပေါ် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ သွေးကွဲမှုများပင် ရှိခဲ့သည်။ ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင် မြေပြန့်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ ပြည်မရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့က တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မနှင့်တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့သည်။ လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မရော တောင်တန်းဒေသများကိုပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများအနေဖြင့် ၎င်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ်သက်ဝင်သော အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဖေဖော်ဝါရီ ၈ ရက်တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက် ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ မြို့မ- ဦးသန်းကြွယ်၊ သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ပြည်ထောင်စုနေ့ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယနေ့တိုင် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် တိုင်းရင်းသားများအနေဖြင့် ပင်လုံသဘောတူညီချက်များအပေါ် ထောက်ပြခြင်း၊ ကချင် တစ်ကျပ်၊ ဗမာ တစ်ကျပ်၊ ကရင် တစ်ကျပ် စသဖြင့် တန်းတူညီမျှရေးအပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ယင်းမေးခွန်းများအပေါ် မည်သို့ဖြေရှင်းကြမည်နည်း။ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် မည်သည့်အရာသည် အတားအဆီးများ ဖြစ်နေသနည်း။ မည်သို့သော အလဲအထပ်၊ မည်သို့သော မူဝါဒသည် အားလုံးအတွက် လက်သင့်ခံနိုင်သည့် အခြေအနေမျိုးကို ဖန်တီးနိုင်မည်နည်း။ မည်သို့ပင်ဆိုစေ စိန်ခေါ်မှုများစွာ ရှိနေသော ငြိမ်းချမ်းရေးပြဿနာနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် စာနာထောက်ထားမှုများ၊ ငဲ့ညှာမှုများ၊ သမိုင်းကြောင်းအရ အတူယှဉ်တွဲရေးဆိုသည့် ဘုံသဘောတူညီချက်များ လိုအပ်လျက်ရှိနေပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် တိုင်းရင်းသားများ စုံလင်စွာဖြင့် မှီတင်းနေထိုင်နေကြသည်ဖြစ်ရာ တိုက်ပွဲများချုပ်ငြိမ်း၍ ငြိမ်းချမ်းသော အတူယှဉ်တွဲနေထိုင်ရေးကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသဖြင့် တိုင်းရင်းသားအားလုံးက လိုလားကြမည်ဟု ယုံကြည်မိပါသည်။

သို့ရာတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလသို့ ရောက်ရှိလာသည့်တိုင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသောတိုက်ပွဲများ၊ ပဋိပက္ခများ၊ လူမျိုးရေးကို အခြေခံသော အယူအဆ သဘောထားကွဲလွဲနေမှုများသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် ကြီးမားသော ကွက်လပ်တစ်ခု ဖြစ်နေပေရာ ထိုအရာများကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းပြုပြင်တည့်မတ်နိုင်ရန် အလျင်အမြန်လိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဖေဖော်ဝါရီ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent