လူမျိုးတစ်မျိုး၏ အမျိုးသားသရုပ်လက္ခဏာများကို ပြီးပြည့်စုံပြီး အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရန်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော နိုင်ငံရေးဆုံးဖြတ်ခွင့်ရရှိမှသာ ဖြစ်နိုင်ပြီး ယင်းအခွင့်အရေးများ မွန်လူမျိုးတို့လက်ဝယ် ပြန်လည်ရောက်ရှိရေး တရားဝင်နိုင်ငံရေး လမ်းကြောင်းမှ ကြိုးစားလျှောက်လှမ်းမည်ဟု မွန်ညီညွတ်ရေးပါတီ ထုတ်ပြန်

လူမျိုးတစ်မျိုး၏ အမျိုးသားသရုပ်လက္ခဏာများကို ပြီးပြည့်စုံပြီး အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရန်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော နိုင်ငံရေးဆုံးဖြတ်ခွင့်ရရှိမှသာ ဖြစ်နိုင်ပြီး ယင်းအခွင့်အရေးများ မွန်လူမျိုးတို့လက်ဝယ် ပြန်လည်ရောက်ရှိရေး တရားဝင်နိုင်ငံရေး လမ်းကြောင်းမှ ကြိုးစားလျှောက်လှမ်းမည်ဟု မွန်ညီညွတ်ရေးပါတီ ထုတ်ပြန်
၇ ၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မော်လမြိုင်မြို့တွင် ကျင်းပနေစဉ်
၇ ၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မော်လမြိုင်မြို့တွင် ကျင်းပနေစဉ်
Published 10 February 2020
ဘိုဘိုမြင့်

လူမျိုးတစ်မျိုး၏ အမျိုးသား သရုပ်လက္ခဏာများကို ပြီးပြည့်စုံပြီး အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရန်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော နိုင်ငံရေးဆုံးဖြတ်ခွင့် ရရှိမှသာဖြစ်နိုင်ပြီး ယင်းအခွင့်အရေးများ မွန်လူမျိုးတို့ လက်ဝယ် ပြန်လည်ရောက်ရှိရေး တရားဝင်နိုင်ငံရေး လမ်းကြောင်းမှ ကြိုးစားလျှောက်လှမ်းမည်ဟု မွန်ညီညွတ်ရေးပါတီက ဖေဖော်ဝါရီ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့်  ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

မွန်မင်းသားညီနောင် သမလ၊ ၀ိမလတို့ ဟံသာဝတီ (ပဲခူး) မင်းနေပြည်တော် ထူထောင်ခဲ့သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီးနောက် အခမ်းအနား ကျင်းပလာခဲ့သည်မှာ (၇၃) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မွန်အမျိုးသားနေ့ (၇၃) နှစ်တာခရီးရှည်သည် ချောမွေ့သော ခရီးလမ်းကို ဖြတ်သန်းလာခဲ့သည် မဟုတ်ဘဲ ခေတ်အဆက်ဆက် လူမျိုးကြီးဝါဒနှင့် အာဏာရှင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးနှင့် ကြမ်းတမ်းခက်ထန်သော နိုင်ငံရေးစနစ်အတွင်းမှ အဆက်ဆက်သော မွန်မျိုးချစ်ပုဂ္ဂိုလ်များ၏ ပေးဆပ်အနစ်နာခံမှုများဖြင့် ဖောက်ထွက်ခရီးနှင်ခဲ့၍သာ ယခုကဲ့သို့ အခမ်းအနားများ ကျင်းပနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်ကို မမေ့အပ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကူညီပံ့ပိုးမှု များပြားလာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်သည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သော်လည်း အမျိုးသားဂုဏ်အင်္ဂါရပ်များနှင့် အဆက်ဆက် ပေးဆပ်ခဲ့သူများ အခန်းကဏ္ဍ မှေးမှိန်မသွားရန်လည်း သတိထား ဆင်ခြင်သွားရမည်ဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး၏ အမျိုးသား သရုပ်လက္ခဏာများကို ပြီးပြည့်စုံပြီး အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရန်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တည်းဟူသော နိုင်ငံရေး အဆုံးအဖြတ်ပိုင်ခွင့် အခွင့်အရေးရရှိမှသာ ဖြစ်နိုင်သောကြောင့် ၎င်းအခွင့်အရေးများ မွန်လူမျိုးတို့လက်ဝယ် ပြန်လည်ရောက်ရှိရေးအတွက် မွန်ညီညွတ်ရေးပါတီ အနေဖြင့် တရားဝင် နိုင်ငံရေးလမ်းကြောင်းအတိုင်း တစိုက်မတ်မတ် ကြိုးစားလျှောက်လှမ်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မွန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်မှာ ပါတီအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်တဲ့အနေနဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တဲ့ သဘောပါပဲ။ အဓိကကတော့ သတိထားစရာ တစ်ခုကို Message ပေးလိုတာက မွန်အမျိုးသားတွေရဲ့ ဂုဏ်အင်္ဂါရပ်တွေ၊ ပေးဆပ်ခဲ့သူတွေရဲ့အခန်းကဏ္ဍတွေ မှေးမှိန်မသွားဖို ့ သတိပြုဖို့ လိုအပ်ပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်လယိတမက ပြောကြားသည်။

ထို့အတူ အတော်အသင့် ပွင့်လင်းလာသော ပါတီစုံဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဒီမိုကရေစီ အခွင့်အရေးအောက်တွင် ပြည်သူတို့၏ အခန်းကဏ္ဍက အရေးပါလာသည်ဖြစ်ရာ မွန်လူမျိုးတိုင်း၏ နိုင်ငံရေးနိုးကြားမှု နိုင်ငံရေးအသိကြွယ်မှုဖြင့် နိုင်ငံရေးပါတီများအပေါ် လေ့လာသုံးသပ် အကဲဖြတ်ပြီး မှန်ကန်သော ရွေးချယ်မှု ပေးစွမ်းနိုင်ခြင်းကသာ မွန်လူမျိုးတို့၏ အနာဂတ်နိုင်ငံရေး ကံကြမ္မာကို အဆုံးအဖြတ် ပေးသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်သံဃာတော်များနှင့် မွန်တစ်မျိုးသားလုံး၏ ဆန္ဒအရ ဖွဲ့စည်းပေါ်ပေါက်လာသော တစ်ခုတည်းသော မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ရပ်ဖြစ်သည့် အားလျော်စွာ မွန်လူမျိုးတို့၏ လိုလားချက်ဖြစ်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းသည်အထိ ဆက်လက်ကြိုးစား ရုန်းကန်သွားမည်ဖြစ်ပြီး၊ နိုင်ငံရေးခရီးလမ်း၊ တစ်လျှောက်လုံးတွင်လည်း မွန်လူမျိုး အပေါင်းတို့၏ ပူးပေါင်းပါဝင်မှု၊ ဝန်းရံထောက်ခံ အားပေးမှုတို့လည်း လိုအပ်နေမည် ဖြစ်သောကြောင့် ပါတီနှင့်အတူ လက်တွဲညီညီ ချီတက်ကြရန် မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ 

၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားအား မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး မွန်တိုင်းရင်းသားများ အများအပြား နေထိုင်သည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစသည့် နေရာဒေသ အသီးသီး၌လည်း မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent