ပရီးမီးယားလိဂ်ကလပ်များ၏ လူစာရင်းတွင် နိုင်ငံခြားသားပါဝင်မှုကို ၁၆ ဦးအောက်အထိ လျှော့ချပါက ဥရောပပြိုင်ပွဲများ၌ အားနည်းချက်ကြီးမားစေလိမ့်မည်ဟု အမှုဆောင်ချုပ်သစ် ရစ်ချက်မာစတာ သတိပေး

ပရီးမီးယားလိဂ်ကလပ်များ၏ လူစာရင်းတွင် နိုင်ငံခြားသားပါဝင်မှုကို ၁၆ ဦးအောက်အထိ လျှော့ချပါက ဥရောပပြိုင်ပွဲများ၌ အားနည်းချက်ကြီးမားစေလိမ့်မည်ဟု အမှုဆောင်ချုပ်သစ် ရစ်ချက်မာစတာ သတိပေး
Photos : Gettyimages
Photos : Gettyimages
Published 10 February 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမှုဆောင်ချုပ်သစ် ရစ်ချက်မာစတာက ကလပ်အသင်းများ၏ လူစာရင်းတွင် နိုင်ငံခြားသားပါဝင်မှုကို ၁၆ ဦးအောက်အထိ လျှော့ချပါက ဥရောပ ပြိုင်ပွဲများ၌ အခြားကလပ်များနှင့်ယှဉ်လျှင် အားနည်းချက်ကြီးမားစေနိုင်ကြောင်း သတိပေးပြောကြားသည်။

လက်ရှိစည်းမျဉ်းအရ ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ၂၅ ဦးလူစာရင်းတွင် နိုင်ငံခြားသားကစားသမား ၁၇ ဦး ထည့်သွင်းခွင့်ရထားသော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ် (FA) က Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်း) အသက်ဝင်ပါက နိုင်ငံခြားသားအရေအတွက်ကို ၁၃ ဦးထက်မကျော်လွန်စေရန် သတ်မှတ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ကစားသမားပါဝင်မှုနှင့်ပတ်သက်၍ ပရီးမီးယားလိဂ် နှင့် FA အကြား ဆွေးနွေးမှုများပြုလုပ်လျက် ရှိပြီး အပြီးသတ်ဆုံးဖြတ်ချက်မချရသေးသော် လည်း အမှုဆောင်ချုပ်သစ် ရစ်ချက်မာစတာ က သတိပေးပြောကြားခြင်းဖြစ်သည်။

''အဖြေထွက်ဖို့လိုသေးသလို ဆုံးဖြတ်ချက်ချဖို့ ဘာတစ်ခုမှ မနီးစပ်သေးပါဘူး။ ကစားသမားပါဝင်မှုစနစ် အပြောင်းအလဲလုပ်မယ်ဆိုရင် ဥရောပပြိုင်ဘက်တွေနဲ့ ကျွန်တော်တို့ရဲ့ ထိပ် တန်းကလပ်တွေကြားမှာ ခြားနားမှုအရမ်းကြီး သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ်မှာ အနိုင်ရဗိုလ်စွဲတဲ့အသင်းအများစုရဲ့ ပျမ်းမျှနိုင်ငံခြားသားပါဝင်မှု အရေအတွက်က ၁၆ ဦးလို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလပ်တွေဆီမှာ ဒီပမာဏထက် လျော့နည်းသွားရင် အားနည်းချက်ဖြစ်သွားစေပါလိမ့်မယ်။ ပရီးမီးယားလိဂ် နဲ့ ကလပ်အသင်းတွေရဲ့အမြင်ကို ပြောရရင်တော့ လက်ရှိစနစ်က အလုပ်ဖြစ်နေပြီး အရည်အသွေးရှိတဲ့ အင်္ဂလန်လူငယ်ကစားသမားတွေကိုလည်း ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ FA ကို အပြစ်တင်နေတာမဟုတ်ဘဲ နိုင်ငံရဲ့ ရှေ့ဆက်သွားမယ့်အခြေအနေနဲ့ ကိုက်ညီမှုရှိစေဖို့၊ ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ပြောနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကြားမှာ သဘောတူညီမှုရှိပါတယ်။ ကျွန်တော်တို့ကတော့ လက်ရှိစနစ်ကို စွန့်စားမှုထပ်မလုပ်ချင်ပါဘူး။ ပရီးမီးယားလိဂ်အတွက် စွန့်စားမှုမလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစနစ်က အံ့အားသင့်လောက်စရာ အောင်မြင်မှုတွေရနေလို့ပါ''ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်အထိ စာရင်းများအရ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကစားသမားများ ပွဲထွက်စာရင်း၌ ပါဝင်ခွင့်ရမှု ၃၄ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အဆိုးရွားစံချိန်တင်ခဲ့သည့် ပြီးခဲ့သည့်ရာသီထက် မြင့်တက်လာကြောင်း သိရသည်။

အင်္ဂလန်ကလပ်များအနေဖြင့် Brexit အကူးအပြောင်းကာလဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားများကို လွတ်လပ် စွာ ခေါ်ယူခွင့်ရဦးမည်ဖြစ်ကြောင်း သိရ သည်။

 

 

Most Read

Most Recent