မက်ဆီ၏စာချုပ်သစ်ကိစ္စ ကစားသမားကိုသာ မေးမြန်းသင့်ပြီး စာချုပ်သစ်ချုပ်ရန်မလွယ်ကူကြောင်း အဘီဒယ်လ် သုံးသပ်

မက်ဆီ၏စာချုပ်သစ်ကိစ္စ ကစားသမားကိုသာ မေးမြန်းသင့်ပြီး စာချုပ်သစ်ချုပ်ရန်မလွယ်ကူကြောင်း အဘီဒယ်လ် သုံးသပ်
Published 10 February 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို ဝေဖန်ပြောကြားမှုကြောင့် ဖိအားများရင်ဆိုင်နေရသည့် အားကစားဒါရိုက်တာ အဘီဒယ်လ်က စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စ မှာ ထင်သလောက်မလွယ်ကူဘဲ ယင်းမေးခွန်းအား ကာယကံရှင်ကစားသမားကိုသာ မေးမြန်းသင့်ကြောင်း သုံးသပ်ပြောကြားသည်။

အဘီဒယ်လ်သည် နည်းပြဟောင်း ဗယ်လ်ဗာဒီ ရာထူးမှထုတ်ပယ်ခံရခြင်းမှာ ကစားသမားများ၏ ကြိုးစားအားထုတ်မှု လျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်က Mundo Deportivo သတင်းစာသို့ ပြောကြားခဲ့သောကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီး ၎င်း၏အနာဂတ်မှာလည်း မရေရာတော့ကြောင်း စပိန်သတင်းဌာနများ က ခန့်မှန်းဖော်ပြခဲ့ကြသည်။

Mundo Deportivo သတင်းစာက အဘီဒယ်လ်နှင့် အင်တာဗျူး ဒုတိယပိုင်းကို ဖေဖော်ဝါရီ ၈ ရက်တွင် ဆက်လက်ဖော်ပြခဲ့ခြင်းဖြစ်ပြီး မက်ဆီ နှင့် ဆွာရက်ဇ်၏ စာချုပ်သစ်ကိစ္စအပြင် တိုက်စစ်မှူးဟောင်း နေမာကို ပြန်လည်ခေါ်ယူလို ခြင်းရှိမရှိ စသည့်မေးခွန်းများပါဝင်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံး တော့မည့် မက်ဆီ၏စာချုပ်နှင့်ပတ်သက်၍ အဘီဒယ်လ်က '' ဒီမေးခွန်းက သူ့ကိုမေးရမှာပါ။ သူဆက်ရှိနေမယ်လို့တော့ မျှော်လင့်ပါ တယ်။ ဘာကာက သူ့အတွက် အရာအားလုံးပဲလို့ လီယိုက ပြောဖူးပါတယ်။ ဒီမှာဆက်နေဖို့ သူကိုယ်တိုင်လည်း ဆန္ဒရှိပါတယ်။ ဒီနေရာမှာ အခြေအနေအကြောင်းတရားတွေက အများကြီးရှိပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားအကြောင်းကို ပြောနေတာပါ။ ဒီလိုကစားသမားရဲ့ စာချုပ်သစ်ကိစ္စဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး''ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက ''ဆွာရက်ဇ်ရဲ့အသက်အရွယ်နဲ့ ဒဏ်ရာက စာချုပ်ကိစ္စအပေါ် သက်ရောက်မှုမရှိပါဘူး။ ပထမဆုံးအနေနဲ့ အသင်းအတွက် ကူညီပေးဆပ်ခဲ့တဲ့အရာတွေကြောင့် ကစားသမားတွေအပေါ် လေးစားမှုရှိရပါမယ်။ ပြီးတော့ နေမာလို ထိပ်တန်းကစားသမားမျိုးကို အားလုံးက လိုချင်ကြတယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်''ဟု ဆိုသည်။

Most Read

Most Recent