၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်ရည်ရွယ်၍ မြန်မာ ယူ-၂၁ အသင်း မတ်လလယ်တွင်လေ့ကျင့်မှုပြုလုပ်ရန် စီစဉ်နေပြီး နည်းပြချုပ် ပိုပေါ့ဗ်နှင့် နည်းပြအဖွဲ့ဝင်များက ကစားသမားများရွေးချယ်လျက်ရှိ

၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်ရည်ရွယ်၍ မြန်မာ ယူ-၂၁ အသင်း မတ်လလယ်တွင်လေ့ကျင့်မှုပြုလုပ်ရန် စီစဉ်နေပြီး နည်းပြချုပ် ပိုပေါ့ဗ်နှင့် နည်းပြအဖွဲ့ဝင်များက ကစားသမားများရွေးချယ်လျက်ရှိ
Photo:EMG
Photo:EMG
Published 9 February 2020

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ အသက် ၂၂ နှစ်အောက် သတ်မှတ်ထားသောကြောင့် မြန်မာ ယူ-၂၁ အသင်းအနေဖြင့် ၁၉၉၉ ခုနှစ် နောက်ပိုင်း မွေးဖွားသူများဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအချို့သာ အသက်ကန့်သတ်ချက်လွတ်မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၁ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ရည်ရွယ်၍ မတ်လလယ်တွင် လေ့ကျင့်မှုစတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဲမြန်မာ ယူ-၂၁ အသင်း နည်းပြချုပ် ပိုပေါ့ဗ်နှင့် လက်ထောက်နည်းပြများဖြစ်သည့် ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်းတို့သည် ကစားသမားများရွေးချယ်ရန် လိဂ်ပွဲစဉ်များကို လိုက်လံ ကြည့်ရှုလျက်ရှိပြီး ပဏာမကစားသမား ၃၀ ကျော်ဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် လတ်တလောတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် မရှိသော်လည်း ကစားသမားများ၏ ခြေစွမ်းပိုင်းကို စမ်းသပ်ရန်နှင့် လေ့ကျင့်မှုပြည့်ဝစေရန် လိဂ်ပြိုင်ပွဲရပ်နားသည့်ကာလများတွင် လေ့ကျင့် ပြင်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ အသက် ၂၂ နှစ်အောက် သတ်မှတ်ထားသောကြောင့် မြန်မာ ယူ-၂၁ အသင်းအနေဖြင့် ၁၉၉၉ ခုနှစ် နောက်ပိုင်း မွေးဖွားသူများဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအချို့သာ အသက်ကန့်သတ်ချက်လွတ်မည်ဖြစ်သည်။

"၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါပြီ။ ဆီးဂိမ်းစ်ပြိုင်ပွဲက ယူ-၂၂ ပြိုင်ပွဲဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့ အကြီးဆုံး အသက် ၂၁ နှစ် ရှိတဲ့ ကစားသမားတွေနဲ့ဖွဲ့စည်းမှ လာမယ့်နှစ်မှာ ယှဉ်ပြိုင်လို့ရမှာဖြစ်ပါတယ်။ လိဂ်ပွဲတွေအားလုံး လိုက်ကြည့်နေပြီး အလားအလာရှိတဲ့သူတွေနဲ့ ဖွဲ့စည်းသွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေထဲက ခြောက်ဦး၊ ခုနစ်ဦးလောက်ပဲ အသက်လွတ်မှာပါ။ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်နဲ့ စိုးမိုးကျော်တို့ အုပ်စုပဲ အသက်လွတ်မှာပါ။ လိဂ်ပွဲတွေ လိုက်ကြည့်ပြီး အသက်လွတ်တဲ့ ကစားသမားတွေကို စမ်းသပ်လေ့ကျင့်မှာပါ။ အသင်းနဲ့ အံဝင်တဲ့သူတွေကို ဆက်လက်လေ့ကျင့်သွားမှာဖြစ်ပြီး အံမဝင်တဲ့ ကစားသမားတွေကို အပြောင်းအလဲလုပ်မှာပါ။ လတ်တလော ပြိုင်ပွဲယှဉ်ပြိုင်ဖို့မရှိတာကြောင့် လေ့ကျင့်မှုတွေပဲ ပြုလုပ်သွားမှာပါ" ဟု မြန်မာ ယူ-၂၁ အသင်း လက်ထောက်နည်းပြ ဦးချစ်နိုင်က ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၁ အသင်း၏ ပဏာမလူစာရင်းကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိပြီး နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် လိဂ်ပွဲများ ရပ်နားသည့် မတ်လဒုတိယပတ်မှ လကုန်အထိ လေ့ကျင့်မှုပြုလုပ်မည် ဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၂၁ အသင်းသည် ပြည်တွင်းပွဲများ ရပ်နားသည့်ကာလများတွင် လေ့ကျင့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၁ အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် ပြင်ဆင်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီနှင့် ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲများ၊ လေ့ကျင့် ပြင်ဆင်မည့် အစီအစဉ်များအပြင် နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်မှုများ အတွက်ပါ ဆွေးနွေးမည်ဖြစ်သည်။

   

 

Most Read

Most Recent