ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်ကြီးဖြစ်စေရေးအပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်လေးချက်ဖြင့် အဓိက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်ကြီးဖြစ်စေရေးအပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်လေးချက်ဖြင့် အဓိက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား
 The Sixth GEGG Forum Green Investments and Development – Now အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
The Sixth GEGG Forum Green Investments and Development – Now အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - ဇေယျာငြိမ်း)
Published 6 February 2020
ဇေယျာငြိမ်း

ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်ကြီး ဖြစ်စေရေးအပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် လေးချက်ဖြင့် အဓိက ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၆ ရက်က ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ ပြုလုပ်သည့် GEGG Forum Green Investment and Development – Now အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရာတွင် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စိမ်းလန်းသောဧရိယာ Green Area ဖြစ်စေရေး၊ နေချင်စဖွယ်မြို့တော် ဖြစ်စေရေးနှင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်အဖြစ် ပေါ်ပေါက်လာစေရေး စသည့်အဓိကအချက် လေးချက်ဖြင့် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ ရည်မှန်းချက် လေးချက်ချပြီး ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒုတိယကတော့ စိမ်းလန်းဖို့ဖြစ်ပါတယ်။ တတိယကတော့ ကျွန်တော်တို့မြို့က နေချင်စဖွယ်မြို့တော်တစ်ခုဖြစ်လာဖို့နဲ့ စတုတ္ထကတော့ စီးပွားရေးမြို့တော်ကြီး ဖြစ်ဖို့ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးစေရန် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော စီးပွားရေးလုပ်ငန်းများ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ အဓိကထားဖိတ်ခေါ်သွားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ ကျွန်တော်တို့ဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေကလည်း ပတ်ဝန်းကျင်ကို မပျက်စီးစေနိုင်ဘဲ တာဝန်ယူမှု တာဝန်ခံနိုင်တဲ့လုပ်ငန်းတွေကို ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒီရေတောများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့တိုင်းအတွင်းမှာ ကျွန်တော်တို့ ဒီရေရောက်တောတွေ ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းအတွင်းမှာ ဒီရေရောက်တော သုံးသောင်းလောက် ပြန်လည်တည်ဆောက်နေပါတယ်။ မုတ္တမပင်လယ်ကွေ့တစ်ကြောကို ဒီရေတောတွေနဲ့ ကျွန်တော်တို့ ကာရံထားနိုင်ဖို့အတွက် ကျွန်တော်တို့ပြင်ဆင်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ်တွင် မျှော်မှန်းထားသည် မှာနှစ်ချက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိသည့် သန့်ရှင်းသည့် မြို့တော်ကြီးတစ်ခုဖြစ်စေရန် ကြိုးပမ်းရန်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်သည့် မြို့တော်ကြီးဖြစ်အောင် ဆောင်ရွက်ရေးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် ပြောကြားထားသည်။

ရန်ကုန်မြို့တော်ကြီးကို မြို့ပြအမွေအနှစ်များနှင့် စိမ်းလန်းပြီး နေချင်စဖွယ်စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ရှိနိုင်ရန် ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတွင် Green စီးပွားရေးများကို ဦးစားပေးချင်ကြောင်း၊ ရန်ကုန်မြို့သည် စီးပွားရေးအရ အချက်အချာကျပြီး စီးပွားရေးမြို့တော်ကြီးအနေဖြင့် မြို့တော်အတွက်သာမက အာဆီယံဒေသနှင့် အာရှဒေသအတွက်ပါ အရေးပါသည့် မြို့တော်ကြီးဖြစ်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။                                   

 

 

Most Read

Most Recent