၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ စာမေးပွဲကာလကို မတ်လဆန်းအထိ ပြင်ဆင်သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ စာမေးပွဲကာလကို မတ်လဆန်းအထိ ပြင်ဆင်သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ- လွင်မျိုးသူ)
အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ- လွင်မျိုးသူ)
Published 5 February 2020
မျိုးထက်ပိုင်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ စာမေးပွဲကာလကို မတ်လဆန်းအထိ ပြင်ဆင်သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်တွင် ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သော KG ၊ Grade 1 ၊ Grade 2 ၊ Grade 3 ၊ Grade 6 ၊ Grade 7 ၊ Grade 8 ၊ Grade 10 နှင့်ပတ်သက်၍ ကျောင်းတွင်းစစ် စာမေးပွဲစစ်ဆေးရမည့် အတန်းများကို ၂၀၂၀ မတ် ၂၃ ရက်မှ မတ် ၂၅ ရက်အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် သုံးရက်စစ်ဆေးရမည်ဆိုသည့် မူလညွှန်ကြားချက်အစား စစ်ဆေးအကဲဖြတ်သည့် လုပ်ငန်းများနှင့် နှစ်ဆုံး စာမေးပွဲများကို ၂၀၂၀ မတ် ၄ ရက်မှ မတ် ၁၀ ရက်အတွင်း ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ (EC) တွင် အတည်ပြုပြီး အခြေခံပညာဦးစီးဌာနသို့ တင်ပြဆောင်ရွက်ရန်နှင့် အဆိုပါတတ်မြောက်မှုစစ်ဆေးခြင်း၊ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုပြီးပါက ယင်းကျောင်းသားများကို နွေရာသီကျောင်းပိတ်ရက်ရှည် ခံစားနိုင်သည်ဟု ပါရှိသည်။

ထိုသို့ နွေရာသီကျောင်းပိတ်ရက်ရှည် ခံစားနိုင်စေရန်အတွက် မူလကထုတ်ပြန်ထားသည့် “ မတ်လသည် ပူပြင်းသည့် နွေရာသီဖြစ်သည့်အတွက် ရာသီဥတုအပေါ်မူတည်၍ ကျောင်းတက်ချိန်များကို သတ်မှတ်ရန် (ဥပမာ နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအထိ) နှင့် ဆရာဦးရေပေါ်မူတည်၍ (Alternative Class) များ ဖွင့်စေရန်” ဆိုသည့် လုပ်ငန်းစဉ်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် Grade 5 နှင့် Grade 9 စာမေးပွဲများနှင့်ပတ်သက်၍ “ Grade 5 နှင့် Grade 9 စာစစ်ဌာနအဖြစ် အသုံးမပြုသောကျောင်းများတွင် သင်ကြားရေးဆရာဦးရေအပေါ် မူတည်၍ အချိန်ညှိနှိုင်းပြီး KG အပါအဝင် (G-1 ၊ G-2 ၊ G-3 ၊ G-6 ၊ G-7 ၊ G-8 ၊ G-10) အတန်းများတက်ရောက်ရန် (မြို့နယ် ပညာရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်)” ဆိုသည့် မူလညွှန်ကြားချက်အစား Grade 5 နှင့် Grade 9 စာမေးပွဲကာလများဖြစ်သော ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက်ကာလအတွင်း သင်ကြားရေးဆရာ ဦးရေအပေါ်မူတည်၍ အချိန်ညှိနှိုင်းပြီး KG ၊ Grade 1 ၊ Grade 2 ၊ Grade 3 ၊ Grade 6 ၊ Grade 7 ၊ Grade 8 ၊ Grade 10 အတန်းများ ကျောင်းတက်ရောက်ရမည်ဟု ပြင်ဆင်သတ်မှတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ Grade 5 နှင့် Grade 9 စာမေးပွဲများနှင့်ပတ်သက်ပြီး မူလညွှန်ကြားထားသည့် “ Grade 5 နှင့် Grade 9 စာစစ်ဌာနအဖြစ် အသုံးပြုသောကျောင်းများတွင် မူလတန်းအဆင့် KG ၊ Grade 1 ၊ Grade 2 ၊ Grade 3 နှင့် အလယ်တန်းအဆင့် Grade 6 ၊ Grade 7 ၊ Grade 8 နှင့် အထက်တန်းအဆင့် Grade 10 အတန်းများကို ၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၀၂၀ မတ် ၃ ရက်အထိ Private Study ပေးထားရန်” ဆိုသည့် လုပ်ငန်းစဉ်ကို ပယ်ဖျက်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Grade 11 နှင့်ပတ်သက်၍ မူလညွှန်ကြားချက်ဖြစ်သည့် “ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးပြုသောကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် ကျောင်းတွင်းစစ်အတန်းများ  KG အပါအဝင် (G-1 ၊ G-2 ၊ G-3 ၊ G-6 ၊ G-7 ၊ G-8 ၊ G-10) များကို Private Study ပေးထားရန်” ဆိုသည့် လုပ်ငန်းစဉ်နှင့် “ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးမပြုသောကျောင်းများတွင် သင်ကြားရေးဆရာ ဦးရေအပေါ်မူတည်၍ အချိန်ညှိနှိုင်းပြီး KG အပါအဝင် ကျန်အတန်းများ (G-1 ၊ G-2 ၊ G-3 ၊ G-6 ၊ G-7 ၊ G-8 ၊ G-10) ကျောင်းတက်ရောက်ရန်” ဆိုသည့် လုပ်ငန်းစဉ်များကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာ “ ထုတ်ပြန်ချက်ထုတ်ထားတာ အတည်ဖြစ်ပါတယ်။ ကျောင်းတွင်းစစ်စာမေးပွဲတွေကို ပြင်ဆင် သတ်မှတ်ထားတာပါ” ဟု ပြန်လည်ဖြေကြားသည်။

 

 

Most Read

Most Recent