မန္တလေးတောင်ပေါ်သို့ သုံးဘီးယာဉ်များ မောင်းနှင် တက်ရောက်ခြင်းကို ဇန်န ၀ါရီလကုန်ပိုင်းမှစတင်ကာ တားမြစ်ကန့် သတ်ထားကြောင်း ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီ (မြို့တွင်း)မှ သိရသည်။
တောင်တော်ဂေါပကအဖွဲ့မှ မန္တလေး တောင်ပေါ်သို့သုံးဘီးယာဉ်များတက်ရောက်မှုမှာ ခရီးသည်များအတွက် အန္တရာယ်ရှိ သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သို့တင်ပြခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တားမြစ်ရန် စာထုတ်ပြန်ခဲ့သည့်အတွက် ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာတောင်တော်ဂေါပက၊ စည်ပင်သာယာရေးကော်မတီနှင့် သယ်ယူပို့ ဆောင်ရေးဌာနတို့ဖြင့် ပူးပေါင်းကာ တောင်ပေါ်သို့ သုံးဘီးယာဉ်များ တက်ရောက်ခြင်း မပြုရန် အသိပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အန္တရာယ်များလို့ တားမြစ်တာပါ။ သုံးဘီးယာဉ်တွေအနေနဲ့ တောင်ပေါ်တက်ဖို့ အင်ဂျင်ပါ၀ါလည်း မနိုင်ဘူး။ ခရီးသွား တွေ ငှားတော့ တက်ရင်းနဲ့ နည်းနည်းကနေ နောက်တော့ များလာတယ်။ အဓိကတော့ ဘေးကင်းဖို့အတွက် အခုလိုတားမြစ်တာပါ။ လက်ရှိမှာ ပညာပေးအနေနဲ့ တောင်တော် အတက်လမ်းမှာ စတေကာ ဝေတာတွေပြု လုပ်နေတယ်။ အခု ဖေဖော်ဝါရီလလယ် အထိ ပညာပေးဆောင်ရွက်သွားမယ်”ဟု တိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးဌေးဝင်းက ပြောကြား သည်။
မန္တလေးတောင်သို့ သုံးဘီးယာဉ်များ တက်ရောက်ခြင်း တားမြစ်မှုကို အများပြည်သူသိရှိရန် သတင်းစာတွင်ကြေညာထားပြီး တောင်တက်လမ်းအဝင်နေရာများတွင်လည်း ကန့်သတ်ဆိုင်းဘုတ်များ စိုက်ထူ အသိပေးမှုပြုလုပ်ထားကြောင်း သိရသည်။
သုံးဘီးယာဉ်များအနေဖြင့် မန္တလေးတောင်ပေါ်သို့ ခရီးသည်များ၏ငှားရမ်းမှု အရ တက်ရောက်ပို့ဆောင်ပေးခြင်းမှ တစ တစ များပြားလာကာ နေ့စဉ် သုံးဘီးယာဉ် အစီး ၅၀ ခန့်အထိ တောင်ပေါ်သို့ တက်ရောက်မှုရှိပြီး ပြီးခဲ့သည့်လများအတွင်း ခရီးသည်ပါ သုံးဘီးယာဉ်တစ်စီး တောင်ပေါ်သို့တက်ရာတွင် ဝန်အားမနိုင်မှုကြောင့် နောက်ပြန်လိမ့်ခြင်းဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းကဲ့သိ့ု ဖြစ်စဉ်များကြောင့် ခရီးသည်များ အန္တရာယ် မဖြစ်စေရန် ရည်ရွယ်ကာ တောင်ပေါ် တက်ရောက်ခြင်းအား ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။















