ဆွီဒင်အမတ်များက ဂရီတာသွန်းဘတ်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခဲ့

ဆွီဒင်အမတ်များက ဂရီတာသွန်းဘတ်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခဲ့
ဆွီဒင်တက်ကြွလှုပ်ရှားသူ သွန်းဘတ် (ယာ) က စတော့ဟုမ်းတွင် အာဖရိကမှ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးနေစဉ် (Photo: AFP)
ဆွီဒင်တက်ကြွလှုပ်ရှားသူ သွန်းဘတ် (ယာ) က စတော့ဟုမ်းတွင် အာဖရိကမှ တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးနေစဉ် (Photo: AFP)
Published 2 February 2020
Ref: AFP

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူနှင့် ကမ္ဘာတစ်ဝန်း ဆန္ဒပြလှုပ်ရှားမှု Fridays For Future ကို ဦးဆောင်သူ ဆယ်ကျော်သက် ဂရီတာသွန်းဘတ်အား ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဆွီဒင်ဥပဒေပြု အမတ်နှစ်ဦးက ဇန်နဝါရီ ၃၀ တွင် အဆိုပြုခဲ့ကြသည်။

ဂရီတာသွန်းဘတ်သည် ငယ်ရွယ်သော်လည်း ရာသီဥတုအကျပ်အတည်းအား နိုင်ငံရေးသမားများက အာရုံစိုက်လာစေရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့မှုသည် နိုဘယ်ဆုအတွက် ထိုက်တန်သည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း Left ပါတီမှ အမတ်များဖြစ်သူ Jens Holm နှင့် Hakan Svenneling က နော်ဝေနိုဘယ်ဆု ရွေးချယ်ရေး ကော်မတီထံ ပေးပို့ခဲ့သောစာတွင် ရေးသားခဲ့သည်။

ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းသည် ပဋိပက္ခသစ်များ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး အဆုံးတွင် စစ်ပွဲများ ဖြစ်စေနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအား လျှော့ချနိုင်ရန် လုပ်ဆောင်ခြင်းနှင့် ပါရီရာသီဥတု သဘောတူညီချက်အတိုင်း လိုက်နာခြင်းတို့သည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ထိုအမတ်နှစ်ဦးက ပြောကြားခဲ့သည်။

Fridays For Future လှုပ်ရှားမှုနှင့် ဂရီတာသွန်းဘတ်သာ မရှိလျှင် ရာသီဥတုပြောင်းလဲမှု ပြဿနာအား ယနေ့အချိန်တွင် အရှိန်ရနေသည့် အနေအထားသို့ ရောက်လာမည်မဟုတ်ကြောင်း ၎င်းတို့နှစ်ဦး၏စာတွင် ဖော်ပြခဲ့သည်။

အသက် ၁၇ နှစ်ရှိ သွန်းဘတ်သည် ၂၀၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အဆိုပြုခံခဲ့ရသော်လည်း အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီအာမက်က ရရှိခဲ့သည်။

 

Most Read

Most Recent