ရန်ကုန်မြို့၌ ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ပြုလုပ်

ရန်ကုန်မြို့၌ ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ပြုလုပ်
Published 1 February 2020
ပြည့်ဖြိုးအောင်

ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခုနစ်ရက်တိုင်တိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့က ကြီးမှူးသည့် ဒုတိယအကြိမ်မြောက် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ" ပွဲတော်ကြီးကို တိုင်ရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များ၊ စည်းလုံးညီညွတ်မှုနှင့် နေထိုင်မှုပုံစံတို့အား တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်စွာ ရင်းနှီးဖလှယ်မှုပြုရန်နှင့် ပြည်ပနိုင်ငံသားများကပါ သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကြီးတွင် နိုင်ငံတော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုး တစ်စုချင်းစီ၏ စုပေါင်းအကအလှများ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ နေထိုင်မှုပုံစံများ၊ ဝတ်စားဆင်ယင်မှုများနှင့် အထင်ကရနေရာများကို တည်းဖြတ်ဖော်ပြထားရှိသော Virtual Reality (VR) နှင့် Augmented Reality (AR) နည်းပညာပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်ရန်အတွက် Exhibition Booth များ၊ လူမျိုးဘာသာမရွေး အလွယ်တကူ မှာယူစားသောက်နိုင်သည့် တိုင်းရင်းသားရိုးရာနှင့် အထွေထွေစားသောက်ဆိုင်များ၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးရန်အတွက် Photo Booth များ၊ ပွဲတော်အထိမ်းအမှတ်အနေဖြင့် ကျင်းပသော အားကစားပွဲများ ထည့်သွင်းထားသည်။

 

 

 

Most Read

Most Recent