နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့အင်အားကို ပြည့်ပြည့်ဝ၀ ထူထောင်နိုင်သည့် အခြေအနေမရှိသေးဘဲ ရှိသည့် အင်အားဖြင့် အတတ်နိုင်ဆုံးလုပ်ဆောင်နေချိန်တွင် ပြည်သူလူထုက ၀ိုင်းဝန်းကူညီစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့အင်အားကို ပြည့်ပြည့်ဝ၀ ထူထောင်နိုင်သည့် အခြေအနေမရှိသေးဘဲ ရှိသည့် အင်အားဖြင့် အတတ်နိုင်ဆုံးလုပ်ဆောင်နေချိန်တွင် ပြည်သူလူထုက ၀ိုင်းဝန်းကူညီစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တော်ခန်းမဆောင်တွင် ဇန်နဝါရီ ၂၂ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တော်ခန်းမဆောင်တွင် ဇန်နဝါရီ ၂၂ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)
Published 23 January 2020
ကောင်းခန့်လင်း

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့အင်အားကို ပြည့်ပြည့်ဝ၀ ထူထောင်နိုင်သည့်အခြေအနေ မရှိသေးဘဲ ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံး လုပ်ဆောင်နေချိန်တွင် ပြည်သူလူထုက ၀ိုင်းဝန်းကူညီစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တော်ခန်းမဆောင်တွင် ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

“ ကျွန်မတို့နိုင်ငံမှာဆိုရင် လုံလောက်တဲ့ ရဲအင်အားမရှိပါဘူး။ ကမ္ဘာက သတ်မှတ်ထားတဲ့ အနေအထားမရှိပါဘူး။ ကမ္ဘာက ဘယ်လိုသတ်မှတ်ထားလည်းဆိုတော့ ဥပမာ လူဦးရေ ဘယ်လောက်ဆိုရင် ရဲအင်အား ဘယ်လောက်ရှိရမယ်ပေါ့။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းထက်စာလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ လုုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အားဟာ ရာခိုင်နှုန်း ၅၀ တောင် မပြည့်ပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ မဖွံ့ဖြိုးသေးလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြည့်ပြည့်ဝဝထူထောင်နိုင်ဖို့ အခြေအနေမရှိသေးလို့။ ရှိနေတဲ့ အင်အားလေးနဲ့ အတတ်ဆုံး ကျွန်မတို့က လုပ်တဲ့အခါမှာ ပြည်သူလူထုက ၀ိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပီပီပြင်ပြင် အလုပ်လုပ်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးနေသည့်အပြင် လေ့ကျင့်သင်ကြားမှုနှင့် ပက်သက်၍ နိုင်ငံတကာ၏ အကူအညီများလည်းရရှိထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

“ ကျွန်မတို့ရဲ့လုံခြုံရေးအဖွဲ့တွေကိုလည်း ပိုပြီးတော့ ပီပီပြင်ပြင်အလုပ်လုပ်နိုင်ဖို့အတွက် လေ့ကျင့်ပေးနေပါတယ်။ ဒါနဲ့ ပက်သက်လို့ နိုင်ငံတကာရဲ့ အကူအညီတွေလည်း ရပါပြီ” ဟု ၎င်းက ပြောကြားသည်။

မူးယစ်ဆေးနှင့်ပတ်သက်၍လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် မည်သူက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်မှု ရှိနေသည်ကို သတင်းပေးတိုင်ကြား၍ ကူညီစေချင်ကြောင်း၊ မူးယစ်ဆေးစွဲသူများအတွက် အစိုးရက ပြန်လည်ထူထောင်ရေး စင်တာများ ဖွင့်လှစ်၍ ဆေးရုံ၌ ဆေးဖြတ်ပေးသော်လည်း အိမ်ပြန်ရောက်သည့်အခါတွင် မူးယစ်ဆေးပြန်လည်မစွဲစေရန် မိသားစု၊ မိဘဆရာနှင့် ရပ်ရွာကပါ ၀ိုင်းဝန်းကူညီသည့်နည်းဖြင့် ပါဝင်လုပ်ဆောင်ပေးစေချင်ကြောင်း ပြောကြားသည်။ 

“ ဘယ်သူတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်မှုရှိနေတယ်။ အဲဒီဘက်က ကူညီပါ။ ကျန်းမာရေး ဘက်ကဆိုလို့ရှိရင် လူထုက ဆေးရုံတွေ ပိုပြီးတော့ တောင်းတယ်ပေါ့နော်။ ဆေးရုံတွေမှာ ဖြတ်လို့မဖြတ်ပါဘူး။ ဒါဟာ ကျွန်မတို့ လက်တွေ့ကျကျကို မြင်ရပါတယ်။ ဆေးရုံတွေမှာ ပြတ်သွားတဲ့သူတွေက အိမ်ကိုရောက်လို့ရှိရင် မကြာခင်မှာ ပြန်ပြီးတော့ မူးယစ်ဆေးဝါးစွဲတာ တော်တော်များပါတယ်။ ဒါကြောင့်မို့လို့ မိသားစုများ၊ မိဘဆရာများ၊ ရပ်ရွာကပါ အားလုံးဝိုင်းပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျွန်မတို့က အခုဆိုလို့ရှိရင် ပြည်သူ့ရဲ့ ပြန်လည်ထူထောင်ရေးစင်တာတွေကို ဖွင့်ပြီးတော့ ဒီမူးယစ်ဆေးဝါးကို ဆေးရုံကို ဖြတ်ပေးပြီးလို့ရှိရင် အိမ်ပြန်ရောက်လို့ရှိရင် အိမ်မှာပြန်ပြီးတော့ မူးယစ်ဆေးဝါးမစွဲအောင်လို့ဆိုပြီးတော့ ရပ်ရွာကဝိုင်းပြီးတော့ ကူညီတဲ့နည်းပါ။ အဲဒီတော့ အားလုံးပါဝင်မှ ဖြစ်မယ်။ ကျွန်မ စောစောကပြောသလိုပါပဲ။ ပြည်သူမပါဘဲနဲ့ ဘာမှ မအောင်မြင်နိုင်ဘူး” ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

ထို့ပြင် အစိုးရတွင်ရှိသည့် လုံခြုံရေးအင်အားကို အကောင်းဆုံးဖြစ်အောင် သုံးသွားမည်ဖြစ်ပြီး လိုအပ်သည့်အင်အားကိုလည်း ထပ်မံဖြည့်ဆည်းသွားရန် ကြိုးစားနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ ကျွန်မတို့ ရှိတဲ့ လုံခြုံရေးအင်အားကို အကောင်းဆုံးဖြစ်အောင် သုံးပါ့မယ်။ ထပ်ပြီးတော့ ဖြည့်စွက်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း ၀ိုင်းပြီးတော့ ပံ့ပိုးပေးပါ” ဟု ၎င်းက ပြောကြားသည်။  

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ဇန်နဝါရီ ၂၁ ရက်က စတင်ရောက်ရှိနေပြီး လူထုတွေ့ဆုံပွဲများ ပြုလုပ်နေခြင်း ဖြစ်သည်။

 

Most Read

Most Recent