ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေအလွဲသုံးစားမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်း မလိုက်နာမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေအလွဲသုံးစားမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်း မလိုက်နာမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟုဆို
ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို တွေ့ရစဉ်
ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို တွေ့ရစဉ်
Published 22 January 2020
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ၏ ဘဏ္ဍာငွေအလွဲသုံးစားမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်း မလိုက်နာမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အဖွဲ့ဝင် ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကိုယ်စားအဖွဲ့ဝင် ဦးဟန်စိုးက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးမှု အခြေအနေများနဲ့ ဘဏ္ဍာရေးစည်းမျဉ်းများ မလိုက်နာမှုတွေကြောင့် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ YCDC စီမံရေးရာဌာန လက်အောက်ရှိ နာနတ်တောလမ်းနဲ့ ကျွန်းတောလမ်းကြားရှိ ဆိုင်ခန်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက သတ်မှတ်ထားတဲ့နှုန်းထားထက် များစွာလျော့နည်းပြီး ငှားရမ်းထားတာကြောင့် တစ်နှစ်ကို ၁၇၅ ဒသမ ၃၈၂ သန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကို မြေငှားရမ်းမှုကြောင့် ကျပ်ငွေ ၉၂ ဒသမ ၁၄၈ သန်း လျော့နည်းရရှိခဲ့မှုက ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခဲ့ရတာလို့ ပထမအချက်အနေနဲ့ တင်ပြပါတယ်” ဟု ဦးဟန်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC ထုတ်လုပ်ရေးဌာန လက်အောက်၌ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးစခန်းများကို သုံးနှစ်တာကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ငှားရမ်းနိုင်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုဆိုကာ အချိန်ကုန်ခဲ့ရခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ YCDC စျေးများ ဌာနလက်အောက်ရှိ ငှားရမ်းခငွေများအပေါ် ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် မပေးသွင်းသောစျေး ငါးခုကြောင့် နိုင်ငံတော်ဆုံးရှုံး နစ်နာငွေသည် ကျပ် ၉၉၇ ဒသမ ၃၇၅ သန်း ဖြစ်ခြင်း၊ ကားပါကင်ငှားရမ်းခငွေများအပေါ် ဌာနမှ အကောက်အခွန်ဥပဒေကို မသိရှိသဖြင့်ဟုဆိုကာ ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် စာချုပ်၌ ထည့်သွင်း မချုပ်ဆိုထားခြင်း၊ စျေးဆိုင်ခန်းများဆောက် လုပ်ရောင်းချရာ၌ ကြွေးကျန်များကို ၂၀၁၅- ၂၀၁၆ ခုနှစ်မှစတင်ကာ ပေးသွင်းရန် ပျက်ကွက်သူများအား ကြပ်မတ်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ကျပ် ၂၂၄၉ ဒသမ ၅၆၆ သန်း လျော့နည်းရရှိခဲ့ခြင်းတို့သည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခြင်းဖြစ်ကြောင်း ဦးဟန်စိုးက ပြောကြားသည်။

ယင်းအပြင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မြေနေရာ၌ ရွှေတိုင်းရွှေပြည် ကုမ္ပဏီလီမိတက်သို့ မြေငှားရမ်းထားသော သဘောတူညီချက်၌ ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ရန်နေရာအတွက်လည်းကောင်း၊ ကုမ္ပဏီအိမ်ရာအတွက်လည်းကောင်း မြေနေရာများအတွက် ငှားရမ်းခ တွက်ချက်ပေးဆောင်ထားမှုများ မပါရှိခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများဖြစ်ကြောင်း၊ ကန်သာယာပန်းခြံ၌ နိုင်ငံတကာ ခေတ်မီကစားကွင်းအဖြစ် ဆောင်ရွက်ရန် ဖူးပွင့်စံကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပြဿနာဖြစ်ပွားမှုကြောင့် ကုမ္ပဏီက မြေငှားရမ်းခပေးသွင်းသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ခံမှုမရှိခြင်းကြောင့် နိုင်ငံတော်က မြေငှားရမ်းခများ နစ်နာဆုံးရှုံးလျက်ရှိကြောင်း ဦးဟန်စိုးက ပြောကြားသည်။

ဆက်လက်ပြီး YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနလက်အောက်ရှိ TATA ယာဉ်ကြီးများအတွက် စက်အရန်ပစ္စည်းများဝယ်ယူရန် ကျပ် ၈၁ ဒသမ ၂၆၃ သန်းကို တင်ဒါခေါ်ယူ ရွေးချယ်ဝယ်ယူခြင်းမရှိဘဲ Apex Greater Industrial ကုမ္ပဏီမှ တိုက်ရိုက်ဝယ်ယူခဲ့ခြင်းသည် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်ခြင်း မရှိသည်ကိုတွေ့ရကြောင်း၊ အမှိုက်သိမ်းယာဉ်၊ ယန္တရားများ ပြင်ဆင်နိုင်ရန်အတွက် မြို့တော်ဝန်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူခဲ့သော ဆောင်ငွေကျပ်သန်း ၁၀၀ သုံးစွဲမှုမှာလည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ ၃၅/ ၂၀၁၇ ကြေငြာချက်အခန်း ၁၀ ပြည်သူ့ဘဏ္ဍာရန်ပုံငွေများအား သုံးစွဲခြင်းအခန်းမှ ဆောင်ငွေကိုင်ဆိုင်ခြင်းနှင့် ပတ်သက်ပြီး အမြဲတမ်းဆောင်ငွေနှင့် ယာယီဆောင်ငွေဟူ၍ နှစ်မျိုးရှိသည်ဟုသိရကြောင်း၊ ကြိုတင်ထုတ်ပေးငွေတစ်ရပ်သည် ကျပ် ၁၀ သိန်းထက် ပိုမိုကြိုတင်ထုတ်ပေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ထုတ်ပေးရမည်ဟု ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွင် ဖော်ပြထားကြောင်း၊ သို့ပါသောကြောင့် ထိုအဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ လုပ်ငန်းဆောင်ရွက်ချက်အရ ကြိုတင်ထုတ်ပေးထားသော ငွေမည်မျှရှိသည်၊ မည်မျှသုံးထားသည်ကို ဝန်ကြီးက တာဝန်ခံရမည်ဖြစ်ပြီး ၎င်းကိစ္စရပ်သည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်မှုမရှိကြောင်း ဦးဟန်စိုးက ပြောကြားသည်။

 

 

Most Read

Most Recent