ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေးဆိုင်ရာ အရေးပါမှု

ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေးဆိုင်ရာ အရေးပါမှု
Published 15 October 2018

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍများ၏ တိုးတက်တည်ငြိမ်မှု၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ အိမ်ရာဖော်ထုတ် တည်ဆောက်ပေးနိုင်မှု စသည့် လူထုလိုအပ်ချက်နှင့် လိုက်လျောညီထွေရှိအောင် ပြုပြင်ပြောင်းလဲပေးနိုင်မှုများမှာ အရေးပါသော လုပ်ငန်းဆောင်တာများ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက်အောက်တွင် နေထိုင်ရသူ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း၌ ခိုင်မာသော အလုပ်အကိုင်များ မရှိခြင်းအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေးအပေါ် ခြိမ်းခြောက်ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က သတိပေးထားသည်။ ဝင်ငွေအလယ်အလတ် နိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျော့ကျသွားသော်လည်း အာဖရိကနှင့် အာရှတိုက်နေရာအများစုတွင် ဆင်းရဲမွဲတေမှု အခြေအနေမှာ မြင့်တက်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ 

ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေမမျှတမှု၊ ကျန်းမာရေးစရိတ် အပါအဝင် နေ့စဉ်လူမှုဘဝ၏ နေထိုင်စားသောက်စရိတ်များ မြင့်တက်မှုကြောင့် ဆင်းရဲမွဲတေမှုဆိုင်ရာ မပြေလည်မှုများ ရှိနေဆဲဖြစ်သည်။ မြို့ပြကျေးလက် အခြေအနေများအပေါ် မူတည်ပြီး မတူကွဲပြားမှုအချို့ ရှိသော်လည်း နေရာဒေသအလိုက် တွေ့ကြုံရသော ပြဿနာများအရ ဆင်းရဲမွဲတေမှုအတွက် တွေ့ကြုံရင်ဆိုင်နေကြရဆဲဖြစ်သည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှု ပြဿနာအတွက် ကဏ္ဍအသီးသီးအလိုက် အရေးပါမှုများ ရှိသလို စီးပွားရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းမှုသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသည်။ စီးပွားရေးစနစ်သည် ကမ္ဘာကြီးနှင့် လူသားများအား အကျိုးကျေးဇူးများစွာ ရှိစေသော်လည်း ထိခိုုက်စေမှုများလည်း ရှိနေသည်။ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ လောဘကြီးမှု၊ ရောဂါဘယထူပြောမှု၊ သဘာဝကို ပျက်စီးစေမှု စသည့် အချက်များသည် စီးပွားရေးစနစ်၏ ကမ္ဘာကြီးနှင့် လူသားများအပေါ် ထိခိုက်စေသော အဓိကနည်းလမ်းငါးခုအဖြစ် ရှိနေသည်ကို သတိပြု ဆင်ခြင်ကြရမည် ဖြစ်သည်။ 

နည်းပညာနှင့် အရင်းအမြစ်များက ကမ္ဘာပေါ်ရှိ လူသားတိုင်းအတွက် သန့်ရှင်းသော ရေနှင့် စားနပ်ရိက္ခာ၊ နားခိုစရာတို့ကို ထောက်ပံ့ပေးသော်လည်း စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းစာရင်းဇယားများအရ ကမ္ဘာကြီး၏ ကြွယ်ဝချမ်းသာမှု ရာခိုင်နှုန်း ၄၀ ကို တစ်ရာခိုင်နှုန်းမျှရှိသော လူများကသာ ပိုင်ဆိုင်ပြီး လူပေါင်း ဘီလျံနှင့်ချီ၍ အစာရေစာ ငတ်မွတ်နေရသည်။ စီးပွားရေးစနစ်တွင် အသက်ရှင်သန်နိုင်ရန် ငွေကြေးသည် လူသားတို့၏ လိုအပ်ချက်ဖြစ်သည်။ လူတိုင်းအတွက် လုံလောက်ခြင်းမရှိသော ငွေကြေးလိုအပ်ချက်ကြောင့် လူအများစုသည် ငွေရရှိရန် အဆုံးမရှိသည့် ယှဉ်ပြိုင်နေရမှုများအတွင်း ပိတ်မိနေသည်။ စီးပွားရေးစနစ်သည် လူသားတို့၏ ကျန်းမာရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိသော်လည်း အများက သတိမမူမိကြသောကြောင့် မညီမျှမှုများနှင့်အတူ ကမ္ဘာပေါ်၌ ဆင်းရဲမွဲတေမှုပမာဏ၏ လွှမ်းမိုးမှုကို တွေ့ကြုံရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ လေ့လာချက်များအရ ဆင်းရဲမွဲတေမှု တွေ့ကြုံရင်ဆိုင်နေရသူများသည် ပိုမိုကောင်းမွန်သော အာဟာရ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးအတွက် လိုအပ်ချက်များကြောင့် ကျန်းမာစေသော အမူအကျင့်များ နိမ့်ပါးပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ပို၍ဖြစ်ပွားလွယ်ကြောင်း၊ စိတ်ဖိစီးမှု မြင့်မားသောကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါများလည်း အဖြစ်များစေကြောင်း တွေ့ရှိရသည်။

အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်း၊ ဝင်ငွေထွက်ငွေ မမျှတမှုများဖြင့် ရုန်းကန်နေရချိန်တွင် စီးပွားရေးလုပ်ငန်းများ၏ အခက်တွေ့မှုများက ဆင်းရဲမွဲတေမှု ပြဿနာကို အထောက်အကူ မပြုနိုင်သည်ဖြစ်ရာ ပိုမိုကောင်းမွန်သည့် မျှော်လင့်ချက်များ ရှိလာရန် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းနိုင်ရန် စီးပွားရေးကဏ္ဍ၏ အရေးပါမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent