၂၀၂၀ ရာသီတွင် ယှဉ်ပြိုင်နေသည့် MNL နှင့် MNL-2 ကလပ်များအား ထောက်ပံ့ကြေးတိုးမြှင့်ပေးထားအိမ်ကွင်းလက်ခံကျင်းပနိုင်သည့် MNL ကလပ်အသင်းများ ကျပ်သိန်း ၂၀၀၀ ရရှိမည်

၂၀၂၀ ရာသီတွင် ယှဉ်ပြိုင်နေသည့် MNL နှင့် MNL-2 ကလပ်များအား ထောက်ပံ့ကြေးတိုးမြှင့်ပေးထားအိမ်ကွင်းလက်ခံကျင်းပနိုင်သည့် MNL ကလပ်အသင်းများ ကျပ်သိန်း ၂၀၀၀ ရရှိမည်
Photo: EMG
Photo: EMG
Published 19 January 2020

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အသင်းများ အားလုံးကို ထောက်ပံ့ကြေး တိုးမြှင့်ပေးမည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် MNL  ကလပ်အသင်းများမှာ ကျပ် သိန်း ၂၀၀၀၊ အိမ်ကွင်းမကျင်းပနိုင်သည့် ကလပ်အသင်းများမှာ ကျပ် သိန်း ၁၂၀၀၊ MNL -2 ကလပ် အသင်းများမှာ ကျပ်သိန်း ၅၀၀ ရရှိမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် MNL  နှင့် MNL -2 (ပထမတန်း) ကလပ် အသင်းများအား ထောက်ပံ့ကြေး တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

MNL  ၏ ပြောင်းလဲသတ်မှတ်လိုက်သည့် ထောက်ပံ့ကြေးနှုန်းထားအရ အိမ်ကွင်းလက်ခံကျင်းပနိုင်သည့်အသင်းများမှာ ကျပ်သိန်း ၂၀၀၀ အထိ ရရှိမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အသင်းများ အားလုံးကို ထောက်ပံ့ကြေး တိုးမြှင့်ပေးမည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် MNL  ကလပ်အသင်းများမှာ ကျပ် သိန်း ၂၀၀၀၊ အိမ်ကွင်းမကျင်းပနိုင်သည့် ကလပ်အသင်းများမှာ ကျပ် သိန်း ၁၂၀၀၊ MNL -2 ကလပ် အသင်းများမှာ ကျပ်သိန်း ၅၀၀ ရရှိမည်ဖြစ်သည်။

ယခင်က အိမ်ကွင်းလက်ခံကျင်းပနိုင်သည့် MNL  ကလပ်အသင်းများကို ကျပ်သိန်း ၁၂၀၀၊ အိမ်ကွင်းမကျင်းပနိုင်သည့် MNL  ကလပ်အသင်းများကို ကျပ် သိန်း ၈၀၀၊ MNL -2 ကလပ်အသင်း များကို ကျပ်သိန်း ၄၀၀ ထောက်ပံ့ပေးခဲ့ပြီး ယခုရာသီတွင် ထောက်ပ့ံကြေးများ သိသိသာသာတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

 " ဒီရာသီမှာ စပွန်ဆာတွေ တိုးရတာမှန်ပေမဲ့ နှုန်းထားအရ အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလပ်အသင်းတွေကလည်း ရေရှည်ရပ်တည်နိုင်ဖို့ ငွေကြေးလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ပံ့ပိုးပေးတာဖြစ်ပြီး နှုန်းထားတွေလည်း တိုးပေးထားပါတယ်။ အိမ်ကွင်းလက်ခံကျင်းပနိုင်တဲ့ MNL  ကလပ်အသင်းဆိုရင် ကျပ် သိန်း ၂၀၀၀ အထိ ရရှိမှာဖြစ်ပါတယ်။ ဒီရာသီမှာဆိုရင် MNL  မှာ အိမ် ကွင်းလက်ခံကျင်းပနိုင်တဲ့အသင်းက ကိုးသင်းအထိ ရှိပါတယ်။ စပွန်ဆာတချို့က နူန်းထားတွေ လျော့ပေးတာတွေရှိတာကြောင့် စပွန်ဆာအသစ်တွေရဖို့ ကြိုးပမ်းနေပါတယ်။ စပွန်ဆာရဖို့ကလည်း အသင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ပရိသတ်တွေ များများလာအားပေးဖို့ လိုပါတယ်" ဟု မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

၂၀၂၀ ရာသီတွင် MNL  ပြိုင်ပွဲ၌ ၁၂ သင်း၊ MNL -2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၌ ရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး MNL  ကလပ်အသင်းများအနက် အိမ်ကွင်းလက်ခံကျင်းပနိုင်သည့်အသင်းမှာ ကိုးသင်းအထိ ရှိမည်ဖြစ်ရာ MNL  ကလပ်အသင်း ၁၂ သင်းအတွက် ကျပ်သိန်း ၂၀၀၀၀ ကျော်၊ MNL -2 ကလပ်အသင်း ရှစ်သင်းအတွက် ကျပ်သိန်း ၄၀၀၀  ပံ့ပိုးပေးရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ထောက် ပံ့ကြေးများကို အရစ်ကျပေးအပ်သွားမည်ဖြစ်ပြီး ရာသီဝက်နှင့် ရာသီပြီး ဆုံးချိန်တွင် ခွဲဝေပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

Most Read

Most Recent