နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ
Published 18 January 2020

နိုင်ငံရေးပါတီ တစ်ခုဟူသည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် ပါတီဝင်အမတ်လောင်းများကို အဆိုပြုတင်သွင်းလျက် ပါတီဝင်အမတ်လောင်းများက နိုင်ငံတော်၏ အစိုးရ ရုံး၊ ဌာနများတွင် နေရာရယူရန်ကြိုးပမ်း၍ အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို လွှမ်းမိုးရန် ကြိုးစားနေကြသူများဖြစ်သည်။ ပါတီနိုင်ငံရေးစနစ်၏ပုံစံကို သတ်မှတ်ရာတွင် မဲပေးရွေးကောက်သည့်စနစ်ပုံစံသည် အဓိကကျသော အချက်တစ်ခု ဖြစ်သည်။

တစ်ပါတီစနစ်များတွင် အာဏာထိရောက်စွာ သုံးစွဲခွင့်အား နိုင်ငံရေးပါတီတစ်ခု တည်းကိုသာ ဥပဒေအရ ခွင့်ပြုထားသည်။ ပါတီငယ်များကို တစ်ခါတစ်ရံ ခွင့်ပြုထားသော်လည်း ၎င်းတို့အနေဖြင့် လွှမ်းမိုးထားသောပါတီ၏ ခေါင်းဆောင်မှုကို လိုက်နာလက်ခံရန် ဥပဒေပြုထားသည်။ တစ်ခါတစ်ရံတွင် ယင်းပါတီအတွင်းရှိ ရာထူးရာခံများမှာ အမှန်တကယ်၌ အစိုးရအတွင်းရှိ ရာထူးရာခံများထက်ပင် ပိုအရေးကြီးသော ရာထူး များဖြစ်သော်လည်း ထိုပါတီသည် အုပ်ချုပ်သူအစိုးရနှင့် အမြဲတစ်ထပ်တည်း မကျနိုင်ပေ။ ယင်း၌ တရုတ်နိုင်ငံအား ဥပမာပြနိုင်သည်။

တစ်ပါတီလွှမ်းမိုးမှုစနစ်တွင် အတိုက်အခံပါတီများအား ခွင့်ပြုထားပြီး အခိုင်အမာ တည်ဆောက်ထားသော ဒီမိုကရက်တစ် အစဉ်အလာမျိုးပင် ရှိတတ်သည်။ သို့သော် အ ခြားပါတီများအနေနှင့် အာဏာရရှိနိုင်သည့် အခွင့်အလမ်းမျိုး အစစ်အမှန်မရှိဟု ဆိုနိုင်သည်။ တစ်ခါတစ်ရံတွင် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများနှင့် လူထု ထင်မြင်ချက်တို့သည် အခြားပါတီများ၏ ကျဆုံးခြင်းအတွက် အကြောင်းရင်းများ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဒီမိုကရက်တစ် အစဉ်အလာ အခိုင်အမာ မရှိသော နိုင်ငံများတွင် ထုံးစံအားဖြင့် လွှမ်းမိုးထားသောပါတီအနေနှင့် သူကောင်းပြုနိုင်သည့် အာဏာနှင့် တစ်ခါတစ်ရံ မဲလိမ်လည်ခြင်းတို့ကို အသုံးပြုကာ အာဏာကို ဆက်လက်ရယူထားရန် ဖြစ်နိုင်ခြေရှိသည်။

နှစ်ပါတီစနစ် အသုံးပြုသည့် ဂျမေကာနှင့် ဂါနာကဲ့သို့သော နိုင်ငံများတွင် နိုင်ငံရေးပါတီနှစ်ခုတို့၏ သြဇာလွှမ်းမိုးမှုမှာ အလွန်များသောကြောင့် အခြားမည်သည့် ပါတီမဆို ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် မဖြစ်နိုင်ဟုပင် ဆိုနိုင်သည်။ ထိုစနစ်တွင် လက်ယာယိမ်း ညွန့်ပေါင်းပါတီနှင့် လက်ဝဲယိမ်း ညွန့်ပေါင်းပါတီတို့သည် နိုင်ငံရေး သဘောထား ကွဲလွဲမှုအရှိဆုံးဖြစ်သော်လည်း ပါတီနှစ်ခုရှိသည့် တိုင်းပြည်များတွင် ယင်းကဲ့သို့သော နိုင်ငံရေးပါတီများသည် နိုင်ငံရေးသဘောထား ယူဆချက်များ မျိုးစုံပြန့်ကျဲနေသော ပါတီများအားလုံးကို အုပ်မိနိုင်ပေသည်။

အမေရိကန်ပြည်ထောင်စုသည် နှစ်ပါတီစနစ်တစ်ခု ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ အမေရိကန်နိုင်ငံရေးလောကအတွင်း သမ္မတစနစ်ကို စတင်အကောင် အထည်ဖော်စဉ်ကတည်းက ရီပက်ဘလီကင် ပါတီကဲ့သို့သောရှေးရိုးစွဲနှင့် ဒီမိုကရက် တစ်ပါတီကဲ့သို့သော ခေတ်သစ် ပါတီတို့သည်သာ ပိုနေမြဲ ကျားနေမြဲ ရှိနေခဲ့သည်။ တတိယပါတီတို့သည် ထောက်ခံအားပေးမှုအနည်းငယ် ရရှိတတ်သော်လည်း ရွေးကောက် ပွဲများတွင် အောင်နိုင်သည့် အဆင့်သို့ ရောက်မလာခဲ့ပေ။ ဗြိတိန်နိုင်ငံသည်လည်း နှစ်ပါ တီစနစ်ကို အသုံးချသော နိုင်ငံတစ်ခု ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းစဉ်တစ်လျှောက် အာဏာသည် လွှမ်းမိုးသော ပါတီနှစ်ခု (လေဘာပါတီနှင့်  ကွန်ဆာဗေးတစ်ပါတီ) တို့လက်တွင်သာ တစ်လှည့်စီ တည်လျက်ရှိ သောကြောင့်ဖြစ်သည်။

ပါတီစုံစနစ်ဆိုသည်မှာ နှစ်ပါတီနှင့်အထက်က ကိုယ်စားပြု၊ ရွေးချယ်ခံကြခြင်းကို ခေါ်သည်။ သြစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဗြိတိန် နှင့် နော်ဝေ တို့သည်  ခိုင်မာသော နှစ်ပါတီနှင့် အခြား ပါတီငယ်တို့ပါ ပါဝင်ကိုယ်စားပြု သည့်  စနစ်ကို သုံးနေကြသော နမူနာနိုင်ငံများဖြစ်ကြသည်။ ပါတီငယ် သို့မဟုတ် တတိယ ပါတီများသည် အခြားပါတီအကြီးများအနက်မှ တစ်ခုနှင့် ပေါင်း၍သော်လည်းကောင်း သို့မဟုတ် အခြားလွှမ်းမိုးပါတီများမှ လွတ်လပ်စွာ ခွဲထွက်၍သော်လည်းကောင်း ညွန့်ပေါင်းအစိုးရတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဆောင်ရွက်ကြသည်။

အများအားဖြင့် ပါတီသုံးခုထက် ပိုမိုပါဝင်သော ကိစ္စရပ်များတွင် ပါတီတစ်ခုတည်းမှ အာဏာကို ရရှိခြင်းမရှိဘဲ ပါတီအချင်းချင်း အတူတကွ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရများ ကို ဖွဲ့စည်းသည်။ ယင်းမှာ ၁၉၈၀ ခုနှစ်များကတည်းက အိုင်ယာလန်သမ္မတနိုင်ငံ၏ နိုင်ငံရေးလောကတွင် ပေါ်ပေါက်ခဲ့သော နည်းလမ်းဖြစ်သည်။ ထို့အပြင် အိုင်ယာလန်သမ္မတ နိုင်ငံ ပေါ်ပေါက်လာစဉ် ကတည်းက ညွန့်ပေါင်းအဖွဲ့ (လွတ်လပ်ရေးပါတီနှင့် အခြားတစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်မဟာမိတ်များ) က  ဦးဆောင်ခြင်း မရှိသော အစိုးရ ဟူ၍ မရှိခဲ့ပေ။ တစ်ပါတီ သို့မဟုတ် နှစ်ပါတီ လွှမ်းမိုးသောစနစ်များထက် ညွန့်ပေါင်း အစိုးရအဖွဲ့များက နိုင်ငံရေးအပြောင်းအလဲ ပြုလုပ်ရန် ပိုမိုလွယ်ကူသည်။

မည်သို့ပင်ဆိုစေ၊ ပါတီကြီးများကသာ ရေရှည်လွှမ်းမိုးထားသည့် နိုင်ငံရေးစနစ်များ တွင် နိုင်ငံရေး အပြောင်းအလဲများ ပြုလုပ်ရန် ပိုမိုခက်ခဲနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 

(ဇန်နဝါရီ ၁၈  ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent