“ တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးပိတ်ရက်များအတွင်း စင်ကာပူနိုင်ငံ၌ ပြသမည်

“ တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးပိတ်ရက်များအတွင်း စင်ကာပူနိုင်ငံ၌ ပြသမည်
Published 17 January 2020

တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူး ပိတ်ရက်များအတွင်း စင်ကာပူနိုင်ငံ၌ ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ တိမ်တွေပေါ်ကပန်း ဇာတ်ကားအား Carnival Cinema ၌ ဇန်နဝါရီ ၂၅ ရက်တွင် မွန်းလွဲ ၁၂ နာရီနှင့် ညနေ ၆ နာရီတို့ တွင်ပြသမည်ဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက်တွင်လည်း မွန်းလွဲ ၁၂ နာရီ၊ ၃ နာရီနှင့် ၆ နာရီများတွင် ပြသရန်စီစဉ်ထားကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်တွင်အား လပ်ရက်ရရှိသော မြန်မာပရိသတ်များအနေဖြင့် အားပေးကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ စင်ကာပူက ပရိသတ်တွေအတွက် တိမ်တွေပေါ်ကပန်း ဇာတ်ကားကို ပြသသွားမှာပါ။ လှပတဲ့ ချင်းတောင်ရဲ့ရှုခင်း၊ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို နောက်ခံထားပြီး မိန်းကလေးတစ်ယောက်ရဲ့စိတ်ဓာတ်၊ ဇွဲတွေကိုပုံဖော်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားကို ပြည်ပရောက်နေတဲ့ မြန်မာပရိသတ်တွေ အားပေးကြည့်ရှုရင်း မြန်မာနိုင်ငံကိုလွမ်းဆွတ်မှုတွေ ဖြေဖျောက်နိုင်သလို စိတ်ဓာတ်ခွန်အားတွေလည်း ရရှိစေမှာဖြစ်ပါတယ်။ အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ဒါရိုက်တာအကယ်ဒမီ စင်ရော်မောင်မောင်က ဆိုသည်။

“ တိမ်တွေပေါ်ကပန်း” ဇာတ်ကားမှာ ဒါရိုက်တာအကယ်ဒမီ စင်ရော်မောင်မောင် ရိုက်ကူးထားကာ သရုပ်ဆောင် Ryu Sang Wook ၊ ကျော်ထက်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီဝတ်မှုန်ရွှေရည်နှင့် သရုပ် ဆောင်များစွာ ပါဝင်ထားသည်။ ချင်းတိုင်းရင်းသူ မိဘမဲ့မိန်းကလေးတစ်ဦးမှာ ငယ်စဉ် ဘဝ၏ စိတ်ဒဏ်ရာကြောင့် လူအများကြားတွင် သွားလာနေထိုင်ရန် မဝံ့မရဲဖြစ်နေချိန်တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာသူ ကိုရီးယားနိုင်ငံသားတစ်ဦးနှင့် ဆုံတွေ့ပြီးနောက် စိတ်ဓာတ်ခွန်အားများ ရရှိလာကာ မိမိပိုင်ဆိုင်ထားသည့်သီချင်းဆို ကောင်းမွန်မှုစွမ်းရည်ကို သီချင်းဆိုပြိုင်ပွဲတွင် အသုံးချယှဉ်ပြိုင်ပုံကို ပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။

စင်ကာပူနိုင်ငံတွင်လက်ရှိ၌ Now & Ever ဇာတ်ကားနှင့် ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားများ ပြသလျက်ရှိသည်။

 

Most Read

Most Recent