လစ်ဗျား၏ကာလရှည် ပြည်တွင်းစစ်အား အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုအဖြစ် ရုရှားနှင့် တူရကီတို့က အဆိုပြုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လစ်ဗျားပြိုင်ဘက်များက လက်မှတ်မထိုးခဲ့ဘဲ မော်စကိုမှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း ရုရှားကထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရ၏ခေါင်းဆောင် ဖေယက်ဇ်ဆာရက်ဂျ်နှင့် ၎င်း၏ပြိုင်ဘက်ဖြစ်သူ စစ်ဘုရင် ခါလီဖာဟက်ဖ်တာတို့သည် ရုရှားနှင့်တူရကီတို့မှ ထိပ်တန်းသံတမန်နှင့် စစ်ဘက်တာဝန်ရှိသူများနှင့်အတူ ထိုအဆိုပြု သဘောတူညီချက်အား ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသည် ခုနစ်နာရီခန့် ကြာမြင့်ခဲ့သော်လည်း ဆာရက်ဂျ်နှင့် ဟက်ဖ်တာတို့က တိုက်ရိုက်တွေ့ဆုံမှု မရှိခဲ့ပေ။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များအား ရှင်းရှင်းလင်းလင်း ဖော်ပြထားသော မှတ်တမ်းမူကြမ်းကို ဆာရက်ဂျ်က လက်မှတ်ထိုးခဲ့သော်လည်း ဟက်ဖ်တာကမူ စဉ်းစားရန်အတွက် အချိန်ထပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလုကာဗူဆိုဂလူတို့က ဆွေးနွေးပွဲအပြီးထုတ်ပြန်ခဲ့သည်။
ဟက်ဖ်တာသည် ထိုသဘောတူညီချက်အား လက်မှတ်မထိုးဘဲ မော်စကိုမှ ထွက်ခွာသွားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ နံနက်တွင် ထုတ်ပြန်ခဲ့သည်။ ဆာရက်ဂျ်လည်း ထိုနေ့တွင်ပင် မော်စကိုမှ ထွက်ခွာသွားကြောင်း ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့ကြသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ရော့ဗ်က ပြောကြားလျက် လစ်ဗျားတွင် ပြဿနာရပ်များအား အကြမ်းဖက်အင်အားသုံးသည့် နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုအစား ညှိနှိုင်းဆွေးနွေး ရေးလမ်းစဉ်ကို ရွေးချယ်ရန်အတွက် သက်ဆိုင်သူအားလုံးအား တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ကြုံတွေ့ရမည့် အဟန့်အတားမျိုးစုံအတွက် စဉ်းစားရန် အချိန်လေးရက်ပေးရန် ဟက်ဖ်တာက တောင်းဆိုခဲ့ကြောင်း ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရတာဝန်ရှိသူ ခါလက်အယ်မက်ရှ်ရီက လစ်ဗျားရုပ်သံ al- Hrar သို့ ပြောကြားခဲ့သည်။ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဘာလင်၌ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံတစ်ခုသို့ ဖိတ်ကြားခံရရန် ဟက်ဖ်တာက မျှော်လင့်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ရပ်နားမှုအဖြစ် ဇန်နဝါရီ ၁၂ တွင် စတင်ခဲ့သော အပစ်အခတ်ရပ်စဲမှုကို ရုရှားနှင့် တူရကီတို့က အဆိုပြုခဲ့ပြီးနောက် မော်စကိုတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဆီးရီးယားတွင် ဆန့်ကျင်ဘက် ရပ်တည်ခဲ့ကြသည့် ရုရှားနှင့် တူရကီတို့က ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြပြီးနောက် လစ်ဗျားတွင်လည်း ရပ်တည်ချက် ကွဲပြားခဲ့ကြသည့် ထိုနှစ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့ကြခြင်းဖြစ်သည်။














