အနောက်အာဖရိက ဆာဟယ်ဒေသရှိ မဟာမိတ် ၅ နိုင်ငံနှင့်ပြင်သစ်သည် ပို၍ဆိုးလာသော ဂျီဟတ်ပုန်ကန်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ တွင် ပြောကြားခဲ့ပြီး ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး၌ အမေရိကန်တပ်ဖွဲ့များ ဆက်လက်ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ မော်ရူတေးနီးယားနှင့်ချဒ်နိုင်ငံများမှ ခေါင်းဆောင်များက ၀ါရှင်တန်၏အထောက်အပံ့ အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ပင်တဂွန်သည် အာဖရိကရှိ တပ်ဖွဲ့များကို သိသိသာသာ လျှော့ချရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ပြီးနောက် ပြင်သစ်နှင့် မဟာမိတ်များ၏ ပြောကြားမှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အနောက်တောင်ဘက် ပါအူတွင် အာဖရိကခေါင်းဆောင်များနှင့် ထိပ်သီးကျင်းပခဲ့သော မက်ခရွန်က Barkhane စစ်ဆင်ရေးတွင် ပြင်သစ်တပ်ဖွဲ့ဝင် ၄၅၀၀ စေလွှတ်ထားမှုကို နောက်ထပ် အင်အား ၂၂၀ ကျော် ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆာဟယ်မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင်ရန် အခြားမဟာမိတ်များအား တောင်းဆိုခဲ့သည်။
ပြင်သစ်တပ်ဖွဲ့များသည် လက်နက်တပ်ဆင်မှု နိမ့်ကျသော အာဖရိကတပ်များအား လေ့ကျင့်သင်ကြားမှုကို ဆောင်ရွက်ပေးနေသည်။
ဆာဟယ်တွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း ခေါင်းဆောင်များက ထောက်ပြခဲ့သည်ဟု ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
မာလီ၊ နိုင်ဂျာနှင့်ဘာကီနာဖာဆိုတို့ ချိတ်ဆက်နေသော နယ်စပ်တစ်လျှောက်တွင် ဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ထိုနယ်မြေမှ သူပုန်များအား နှိမ်နင်းရန် ဥရောပအထူးတပ်ဖွဲ့များ ပါဝင်သည့် Takuba Task Force အား တည်ထောင်ကြမည် ဖြစ်သည်။
ယင်းအထူးတပ်ဖွဲ့တွင် မည်သည့်နိုင်ငံများ ပါဝင်သည်ကို အသေးစိတ် မသိရသေးဘဲ ဆာဟာရတစ်ဝန်းမှ အစ္စလာမ္မစ်အစွန်းရောက်များကို အဓိကထား နှိမ်နင်းမည်ဟု အာဖရိကခေါင်းဆောင်များနှင့် ပြင်သစ်သမ္မတတို့က ပူးတွဲထုတ်ပြန်ခဲ့သည်။
မာလီတွင် ပြင်သစ်တပ်ဖွဲ့များနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၁၃၀၀၀ ရှိနေသော်လည်း ၂၀၁၂ ခုနှစ်တွင် မာလီမြောက်ပိုင်း၌စတင်ခဲ့သော ပုန်ကန်မှုသည် အိမ်နီးချင်းများဖြစ်သည့် ဘာကီနာဖာဆို၊ နိုင်ဂျာတို့အထိ ပျံ့နှံ့ခဲ့သည်။
မကြာသေးမီလများအတွင် စစ်ဘက်နှင့်အရပ်ဘက် ပစ်မှတ်များအား အသေအကျေတိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ဆာဟယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာနေသည်။ နိုင်ဂျာတွင် အသေခံတိုက်ခိုက်မှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီးနောက် မက်ခရွန်က အာဖရိကခေါင်းဆောင်များနှင့် ထိပ်သီးကို ချက်ချင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
GS ခေါင်းဆောင်များနှင့် မက်ခရွန်တို့၏ထိပ်သီးကို တက်ရောက်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အကြမ်းဖက်အဖွဲ့များ ခြေကုပ်ရလာနေကြောင်း ယခုလအတွင်း သတိပေးထားခဲ့သည်။
အရပ်သား ထောင်ချီသေဆုံးပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသည့် ဆာဟယ်အကျပ်အတည်းအား ဖြေရှင်းရန် ဘဏ္ဍာရေးအကူအညီ ကတိများအား ဖြည့်ဆည်းပေးရန်လည်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ဆာဟယ်အတွက် နိုင်ငံတကာက ကတိပြုထားသည့် ငွေကြေးနှင့် အထောက်အပံ့ဒေါ်လာ သန်း ၄၀၀ အနက် သန်း ၃၀၀ သာ ယမန်နှစ်က ရရှိခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။














