IS ဂျီဟတ်အဖွဲ့သည် အင်အားပြန်လည်စုစည်းနေပြီး အရှေ့အလယ်ပိုင်းဒေသတွင် ပြန်လည်အင်အားကောင်းလာနေကြောင်း ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဇန်နဝါရီ ၁၃ ရက်တွင် အသိပေးခဲ့သည်။
ဆီးရီးယားတွင် ၎င်းတို့၏နောက်ဆုံး ခြေကုပ်ယူထားသည့်နေရာမှ ဂျီဟတ်များအား ပြီးခဲ့သောနှစ်တွင် မောင်းထုတ်ခဲ့ပြီးနောက် လပိုင်းအကြာတွင် IS ဂျီဟတ်များသည် ဆီးရီးယားအရှေ့နှင့် တောင်ပိုင်းတွင်သာမက အီရတ်အနောက်ပိုင်းတွင်ပါ ပြန်လည်အခြေခိုင်လာပြီး အင်အားကောင်းလာနေမှုကို အဓိကစိုးရိမ်ကြောင်း အဗ္ဗဒူလာက ပြောကြားခဲ့သည်။
IS အဖွဲ့ ပြန်လည်ထွက်ပေါ်လာမှုကို မိမိတို့ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း အဗ္ဗဒူလာက ယခုသီတင်းပတ်အတွင်း ဘရပ်ဆဲလ်၊ စထရက်စ်ဘော့နှင့် ပါရီတို့တွင် ဆွေးနွေးမှုမပြုလုပ်မီ France 24 ရုပ်သံနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ ဆီးရီးယားမှ ပြည်ပတိုက်ခိုက်ရေးသမားအများအပြားသည် ယခုအခါ လစ်ဗျားတွင် ရောက်ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပဘက်မှ သုံးသပ်ပါက လစ်ဗျားသည် ဥရောပနှင့် ပိုမိုနီးကပ်သဖြင့်လာမည့် ရက်များအတွင်း ထိုကိစ္စအား အရေးတကြီး ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ဆီးရီးယားနိုင်ငံ အိုင်ဒလစ်မှ တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာသည် မြောက်ဘက်နယ်စပ်မှ ထွက်ခွာပြီး လစ်ဗျားသို့ သွားရောက်ခဲ့ကြကြောင်း အဗ္ဗဒူလာက ပြောကြားခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုမြင့်တက်ခြင်းနှင့် ပတ်သက်၍ အဗ္ဗဒူလာက လာမည့်လအနည်းငယ်အတွင်း မိမိတို့သည် ဒေသတွင်းအတွက် သင့်လျော်သော အနေအထားကို ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ လတ်တလောတွင် တင်းမာမှုအရှိန် လျော့ကျနေဖွယ်ရှိပြီး ယင်းအတိုင်း ရှေ့ဆက်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာကြီး၏အစိတ်အပိုင်းဖြစ်သော မိမိတို့ဒေသတွင် မတည်မငြိမ်ဖြစ်မှုကို ခံနိုင်စွမ်း မရှိကြောင်း၊ တီဟီရန်တွင် မည်သည့်အရာဖြစ်ပေါ်မှုမဆို ဘဂ္ဂဒက်၊ အမ္မန်၊ ဘေရွတ်အပြင် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ သက်ရောက်စေမည်ဖြစ်ကြောင်း ဂျော်ဒန်ဘုရင်က ပြောကြားခဲ့သည်။
လစ်ဗျားတွင် သင်တန်းပေးရန် ရည်ရွယ်ချက်ဖြင့် တူရကီက တပ်ဖွဲ့ဝင်များကို မကြာသေးမီက တပ်စွဲမှုသည် ထရီပိုလီအတွက် ပိုမိုရှုပ်ထွေးမှုသာ ဖြစ်စေမည်ဖြစ်ကြောင်း အဗ္ဗဒူလာက ပြောကြားခဲ့သည်။
နိုင်ငံတကာက သီတင်းပတ်များစွာ သံတမန်ရေးကြိုးပမ်းမှုများနှင့် အင်အားကြီး ရုရှားနှင့် တူရကီတို့၏ တောင်းဆိုမှုများကြောင့် လစ်ဗျားတွင် ကိုးလကြာမြင့်ပြီဖြစ်သော တိုက်ခိုက်မှုများအား အဆုံးသတ်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရန် ထိုပဋိပက္ခတွင် ပါဝင်နေသည့် နှစ်ဖက်စလုံးက သဘောတူထားကြသည်။
၂၀၁၁ ခုနှစ်တွင် လစ်ဗျားကာလရှည် အာဏာရှင် မွမ်မာကဒါဖီအား ဖြုတ်ချနိုင်ခဲ့ပြီးနောက်ပိုင်း လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းအား နိုင်ငံအများအပြားက ချိုးဖောက်ခဲ့ကြကြောင်း ကုလသမဂ္ဂက ပြီးခဲ့သော နိုဝင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
ဂျော်ဒန်နှင့် ယူအေအီးတို့သည် လစ်ဗျားစစ်ဘုရင် ခါလီဖာဟက်ဖ်တာ၏တပ်များအား ပုံမှန်ထောက်ပံ့ပေးနေသည့်အပြင် တူရကီ၏ ဒေသတွင်းပြိုင်ဘက်များဖြစ်သော ဆော်ဒီ၊ အီဂျစ်တို့ကလည်း ကူညီပေးနေသည်။ အရှေ့အလယ်ပိုင်းတွင် တည်ငြိမ်မှုသည် အရေးပါကြောင်း ရှုမြင်ထားသော ဂျော်ဒန်သည် ဆီးရီးယားမှ ဒုက္ခသည် ၁.၃ သန်းကို လက်ခံထားသည်။














