မှောင်ခိုထွက်နေတဲ့ မြန်မာ့ကျောက်မျက်သယံဇာတတွေကြောင့် အခွန်ဘယ်လောက်နစ်နာနေပြီလဲ

မှောင်ခိုထွက်နေတဲ့ မြန်မာ့ကျောက်မျက်သယံဇာတတွေကြောင့် အခွန်ဘယ်လောက်နစ်နာနေပြီလဲ
မိုင်းရှူးကျောက်မျက်နယ်မြေ၏ သဘာဝအလှအပများကို တွေ့ရစဉ်
မိုင်းရှူးကျောက်မျက်နယ်မြေ၏ သဘာဝအလှအပများကို တွေ့ရစဉ်
Published 12 January 2020
စည်သာ (တောင်ကြီး)

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သဘာဝကျောက်မျက်ရတနာ အများဆုံးထွက်တဲ့ တိုင်းပြည်ကိုပြပါဆိုရင် မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ ကဏ္ဍပေါင်းများစွာရှိတဲ့အထဲမှာ ကုန်ကျစရိတ်နည်းနည်း၊ အရင်းနည်းနည်းနဲ့ အမြတ်ငွေ များများရနိုင်တဲ့ နည်းလမ်းတွေထဲမှာ ခရီးသွားလုပ်ငန်းနဲ့ ကျောက်မျက်ရတနာ စျေးကွက်တို့လည်း အပါအဝင် ဖြစ်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံဆိုရင် ဖားကန့်ကျောက်မျက်လုပ်ကွက် တစ်ခုတည်းကြောင့် မြို့ကြီး သုံးမြို့ ဖြစ်သွားတဲ့အထိ ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်ခဲ့တာပါ။

 

မှောင်ခိုထွက်နေတဲ့ မိုင်းရှူးရတနာမြေပေါ်က သယံဇာတ

မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာအများဆုံးထွက်ရှိတဲ့ ဒေသတွေကတော့ ကချင်ပြည်နယ် ဖားကန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးဒေသတွေပဲ ဖြစ်ပါတယ်။

အဲဒီဒေသတွေအနက် ဖားကန့်မှာတော့ သိကြတဲ့အတိုင်း စက်ယန္တရားများစွာနဲ့ လာတူးနေကြတာကို တွေ့နေရပါတယ်။

ဒါပေမဲ့ အဲဒီဒေသမှာ ကျောက်မျက်ရတနာစျေးကွက်ဆိုပြီး သီးသန့်မရှိသလို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့မှာတော့ ကျောက်မျက်ရတနာ စျေးကွက်ဆိုပြီး သီးသန့်မရှိပါဘူး။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မှာတော့ ကျောက်မျက်ရတနာစျေးလေးတွေ ဖွင့်ပြီး ရောင်းချခွင့်ရနေပါတယ်။

မိုးကုတ်ဟာ ပတ္တမြား၊ နီလာ ကျောက်မျက်ရတနာထွက်ရှိပြီး မိုင်းရှူးမှာတော့ ပတ္တမြားတစ်မျိုးတည်း ထွက်ရှိပါတယ်။ ဒါပေမဲ့ မိုင်းရှူးကျောက်ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားလှပါတယ်။ မိုင်းရှူးမှာ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ ပတ္တမြား ထွက်ရှိချိန် လူအများအပြား ရောက်ရှိလာကြပြီး မိုင်းရှူးတစ်ခေတ် ထခဲ့ပါတယ်။ တောင်ပေါ်ဦးပိုင် (ဗဓရ) လုပ်ကွက်ကို ဗဟိုပြုပြီး ၁၈ မိုင်ပတ်လည်မှာ ကျောက်ထွက်ခြင်းဖြစ်ပြီးတော့ ကျောက်အနည်းအများပဲ ကွာခြားပါတယ်။ အခြား ဖားကန့်၊ ခန္တီးနဲ့ မိုးကုတ် တို့ထက်စာရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသေးတယ်လို့ ဆိုနိုင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်မှာ တောင်ပေါ်ကျောက်မျက်ရတနာ ထွက်ရှိရာ နေရာကတော့ ဝမ်ကန်တောင်ပေါ်ပဲ ဖြစ်ပါတယ်။ အဲဒီမှာ ကျောက်မျက်ရတနာစျေး မရှိတဲ့အတွက် တရားဝင်ရောင်းချခွင့်မရှိဘဲ အောက်လမ်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်နေတာ နှစ်ပေါင်း ၃၀ ကျော် ရှိပါပြီ။ အောက်လမ်းကနေ မှောင်ခိုထွက်သွားနေတာကြောင့်မို့ နိုင်ငံတော်အတွက် အခွန်ငွေပေါင်း ဘီလျံနဲ့ချီပြီး နစ်နာနေသလို ဒေသအတွက်လည်း အကျိုးမရှိပါဘူး။ ရတနာမြေကို ဖင်ခုထိုင်နေတဲ့ ဌာနေတိုင်းရင်းသားတွေ အတွက်ကတော့ အများကြီး ထိခိုက်နစ်နာပါတယ်။

“ တောင်ပေါ်မှာက ဒေသခံက ရှားတယ်လေ။ လူဦးရေ သုံးသောင်းကျော်မှာ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေ ဖြစ်နေတယ်။ ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ ကျင့်သုံးဖို့ပဲရှိတယ်။ MBT လာတော့ ကျွန်တော်တို့ တင်ပြတယ်။ နိုင်ငံတော်အနေနဲ့ ဒီမှာစျေးကွက် ဖော်ဆောင်ပေးနိုင်မလားပေါ့။ အခုဟာက ပြည်ပပဲထုတ်နေတော့ နိုင်ငံတော်အတွက်လည်း အခွန်မရဘူး။ ဒေသခံတွေ အတွက်လည်း အကျိုးအမြတ် မရှိဘူး။ နည်းဥပဒေထွက်လာမှ ပြည်နယ်ကနေ အတည်ပြုယူရမှာပေ့ါ” လို့ မိုင်းရှူးဒေသခံ ကိုကျော်ခိုင်ဦးက ပြောပါတယ်။

ကျောက်မျက်နဲ့ ပတ်သက်ပြီး တွင်းဝခွန်၊ ရောင်းချခွန်၊ ဝင်ငွေခွန်များကို အသုံးပြုပြီး အခွန်ကောက်ခံနေပါတယ်။

ရှမ်းပြည်နယ်မှာ သယံဇာတထွက်ရှိသည့် နေရာများသော်လည်း နိုင်ငံတော်အတွက်၊ ဒေသအတွက် အခွန်မရဘဲ တိုင်းရင်းသားအမည်ခံထားတဲ့ တရုတ်ကုမ္ပဏီအများစုက လက်ဝါးကြီးအုပ်ထားတာကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းရှူးမှာ တွင်းဝခွန်ဆောင်ဖို့ ရာဖြတ်ရှိပေမဲ့ အရည်အသွေးမကောင်းတဲ့ ကျောက်တွေကိုသာ ရာဖြတ်လေ့ရှိပြီး အရည်အသွေးကောင်း ကျောက်တွေကတော့ အောက်လမ်းကနေ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ကျောက်မျက်ရတနာ လုပ်ကိုင်နေသူ အချို့ကတော့ ရာဖြတ်စနစ်ဖြင့် ဖြတ်ပြီး အခွန်ဆောင်စေပြီး မိမိစိတ်ကြိုက်နေရာမှာ ရောင်းချနိုင်တဲ့ စနစ်ကို လိုလားပါတယ်။ ဒါပေမဲ့ တချို့ကလည်း ဥပဒေ၊ နည်းဥပဒေ ထွက်ရှိပြီးမှသာ ထပ်မံစဉ်းစားရမည့်ကိစ္စဟု ပြောကြပါတယ်။ ထိုနေရာတွင် နိုင်ငံတော် အကျိုးအမြတ် ကြည့်မလား၊ စီးပွားရေးလုပ်ငန်းရှင် (ဒေသခံ) အတွက် ကြည့်မလားဟူ၍ နှစ်မျိုး စဉ်းစားနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ထိုသို့ရာဖြတ်ရာတွင် သတ်မှတ်မည့်နှုန်းထားသည် နည်းဥပဒေမထွက်သေးလို့ ပြောဖို့စောနေသေးတယ်လို့လည်း ဆိုပါတယ်။

မိုးကုတ်မြို့မှာ ထာပွဲကုန်းမှ အခွန်ငွေဖြင့် နိုင်ငံတော်မှ အခွန်ငွေရရှိသော်လည်း မိုင်းရှူးမှာတော့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဘာဆိုဘာမှမရှိသေးပါဘူး။ မိုင်းရှူးမှာတော့ စျေးကွက်မရှိသဖြင့် ရန်ပုံငွေမရှိသလို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ ရှားရှားပါးပါးဖြစ်စဉ်လို့ ဆိုရမှာကတော့ အရင်အစိုးရလက်ထက်တုန်းက မြန်မာ့ကျောက်မျက်ရတနာပြပွဲ (ဗဟို) ကနေ မိုင်းရှူးဒေသဖွံ့ဖြိုးရေးအတွက် CSR ရန်ပုံငွေ အမေရိကန် ဒေါ်လာ တစ်သန်း၊ (မြန်မာငွေကျပ် သိန်းပေါင်း ၁၃၆၀၀ ကျပ်) ရရှိခဲ့ခြင်းသာ ရှိခဲ့ပြီးတော့ တောင်တက်လမ်းခင်းခြင်းနဲ့ လျှပ်စစ်မီးလင်းရေးကိစ္စများ အသုံးပြုခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ မိုင်းရှူးကထွက်တဲ့ ကျောက်ဆိုတာက ကာဗွန်ဓာတ်တွေပါနေတော့ ခရမ်း (အမည်း) ပါတာများပါတယ်။ အဲဒါကို မီးဖုတ်ပြီး ပြုပြင်လိုက်မှ အမည်းတွေပြောင်စင်သွားပြီး အနီရောင် သက်သက် လှပစွာကျန်ရှိမှာပါ။ အဲဒီနည်းစနစ်ကို ထိုင်းနိုင်ငံက အရမ်းပိုင်နိုင်ပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ အဲဒီနည်းပညာ မရှိသေးပါဘူး။

ကျောက်ဖုတ်ပြီး ထွက်လာတဲ့ လုံးချောတွေကို အချောထည်ရဖို့ နိုင်ငံတကာ အဆင့်အတန်းမီ ကျောက်သွေးနည်းစနစ်တွေလည်း လိုအပ်နေပါတယ်။ ရိုးရိုးကျောက်နီလေးများကို လှပစွာသွေးပြီး အဆင်တန်ဆာအဖြစ် ကိုယ့်နိုင်ငံမှာပဲ ထုတ်လုပ်၊ ရောင်းချပြီး နိုင်ငံတကာ စျေးကွက်တင်နိုင်မယ်ဆိုရင်တော့ ဒီကျောက်မျက်ရတနာကနေ အခွန်ငွေ ဒေါ်လာဘီလျံပေါင်းများစွာ မလွဲမသွေရရှိမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် ကျောက်စိမ်းအကာကျောက်နဲ့ အဆင်တန်ဆာပေါင်းများစွာပြုလုပ်ပြီး နိုင်ငံတကာ စျေးကွက် သိမ်းကြုံးယူငင်နေတာကို လက်တွေ့ နမူနာယူလို့ရပါတယ်။

 

ထိုင်းနိုင်ငံမှာနေရာယူနေတဲ့ မြန်မာ့ကျောက်မျက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စီလွန်ရပ်ကွက်တစ်ခုလုံးနီးပါး ကျောက်ခန်းတွေချည်း ဖြစ်ပါတယ်။ ဒါ့ပြင် ၇၅ ထပ် ကျောက်စျေး၊ ၂၅ ထပ် ကျောက်စျေးတွေလည်း ရှိပါသေးတယ်။ ကမ္ဘာမှာထွက်တဲ့ကျောက်ပေါင်းစုံ စီလွန်မှာရှိပြီး အဓိကအားဖြင့် ၈၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေ ဖြစ်ပါတယ်။

နောက်ပြီး ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ချအာန်ပူရိရ် (ကျန်ပူရီ) မြို့မှာ ကျောက်ဝိုင်း (ခေါ်) ကျောက်စျေးအကြီးကြီး ရှိပါတယ်။ ကျန်ပူရီဟာ ကျောက်စျေးကွက်မှာ ထင်ရှားသလို ဒူးရင်းသီးမှာလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးသော ဒူးရင်းသီးအဖြစ် ကြေညာခံထားရလောက်အောင် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါတယ်။ ကျောက်စျေးကွက်ကို အမှီပြုပြီး ဒူးရင်းသီးစျေးကွက် အရယူသွားနိုင်တဲ့ ထိုင်းနိုင်ငံအစိုးရကို အတုယူရမှာဖြစ်ပါတယ်။ ကျောက်စျေးကွက် ရောင်းမကောင်းတော့ဘူးဆိုရင်တောင် သူတို့အတွက် တခြားလုပ်ငန်းက အဆင်သင့်ရှိနေပါပြီ။

 

ဥပဒေမှာ ဘာလိုအပ်ချက်ရှိနေလဲ

ကျောက်မျက်ရတနာ ဥပဒေ စတင်ရေးဆွဲချိန်တွင် မူဝါဒမရှိသေးဖြင့် ကျောက်မျက်မူဝါဒကို စတင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကျောက်မျက်ဥပဒေမှာ ပြဋ္ဌာန်းချက်အရ အသေးစားနှင့် တစ်ပိုင်တစ်နိုင် လက်လုပ်လက်စား လုပ်ကွက်များသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး အကြီးစားလုပ်ကွက်ကြီးများသည် ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်ရှိတယ်လို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးနေမျိုးက ပြောပါတယ်။

“ ဥပဒေမှာ လိုအပ်ချက်တွေကတော့ ရှိနေသေးတယ်။ လုပ်ကွက်အကြီးရယ်လို့ မပေးတော့ဘူး။ အလတ်စားပဲထားတယ်။ နောင်လာနောင်သားတွေ အမွေရအောင်ပေါ့။ ကျောက်မျက် ရောင်းချခွင့်ခေါ်တာပေ့ါ။ အင်ပိုလီယန် နေပြည်တော်မှာ တစ်နှစ်ကို နှစ်ကြိမ်။ လွှတ်တော်ကိုယ်စားလှယ်က ဘာတောင်းဆိုထားလဲဆိုတော့ မန္တလေး ကျောက်မျက်စျေး၊ မြစ်ကြီးနား ကျောက်မျက်စျေး၊ မိုးကုတ် ကျောက်မျက်စျေး၊ ပြီးရင် နယ်စပ်ဒေသတွေမှာပါ နယ်စပ်ကျောက်မျက်စျေးလေးတွေ ဖွင့်နိုင်အောင် ကြိုးစားနေတယ်။ ဥပမာ ပြောလိုက်ရင် ဖားကန့် ကျောက်စိမ်းတစ်ကွက်တည်းကြောင့် တရုတ်ပြည်ထဲမှာ မြို့ကြီးသုံးမြို့ရှိတယ်။ ကျောက်စိမ်းနဲ့ပဲနော် မြို့ကြီး ဖြစ်သွားပြီ။ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောသလို လမ်းတွေတောင် ရွှေချလို့ရတယ်။ လုပ်နည်းလုပ်ဟန် မမှန်သေးလို့။ အစိုးရဌာနတွေကလည်း ကျွန်တော်တို့ ချပေးတဲ့ဥပဒေအတိုင်းလုပ်ဖို့၊ တွန့်ဆုတ်တွန့်ဆုတ် မလုပ်ဖို့ပေါ့ဗျာ။ ဥပဒေက ရှိပြီးသားဗျ။ ကိုယ်ကျိုးစီးပွားမပါရင် မလုပ်ချင်တာတစ်ခု၊ ဒီခေါက်ရိုးကျိုးတစ်ခုကို ပြင်ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး ဒီအပိုင်းကို တွန်းကြတယ်။ ရှမ်းပြည်မှာဆိုရင် မိုင်းရှူးပေါ့။ တောင်ကြီးမှာ စျေးလေးလုပ်ချင်တာ၊ မိုင်းရှူးကျောက်သည် Red Diamond လို့ ခေါ်တာ။ ရှားပါး စိန်အနီ။ ဒါကို ကျွန်တော်တို့က တောင်ကြီးမှာ လုပ်ချင်တာ။ ကမ္ဘာမှာဒီစျေးကွက်တစ်ခုပဲ ရှိမယ်။ နိုင်ငံခြားသားတွေ လာဝယ်ချင်ကြလိမ့်မယ်။ ကြိုးစားနေတယ်။ ကျွန်တော်တို့က ကျောက်မျက်တို့၊ သတ္တု၊ သစ်တောတို့ကို အများကြီး မထုတ်ဖို့ ထိန်းသိမ်းထားတယ်။ သားသမီးမျိုးဆက်တွေအတွက် အမွေထားခဲ့ရမှာလေ။ အရင်က ကျွန်တော်တို့ နိုင်ငံကြီး အဆင်ပြေတယ်ဆိုတာ ဒါတွေထုတ်ရောင်းလို့၊ ခု ကျွန်တော်တို့က တားထားလိုက်တယ်။ ထုတ်သင့်သလောက်တော့ ထုတ်မယ်။ စီးပွားရေးတစ်ခု အနေနဲ့ မစဉ်းစားဘူး။ ထိန်းသိမ်းဖို့ စဉ်းစားတယ်” လို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။

 

ကျောက်လုပ်ကွက်တွေကို ဘယ်လိုချထားပေးတာလဲ

ကျောက်မျက်လုပ်ကွက်တွေကို များသောအားဖြင့် အင်အားကြီး အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ လုပ်ပိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ယခုအခါ တစ်ပိုင်တစ်နိုင် လက်လုပ်လက်စား လုပ်ပိုင်ခွင့် ပြုလုပ်ပေမယ့် မိုင်းရှူးမှာတော့ ချထားပေးခြင်း မရှိသေးပါဘူး။ တစ်ပိုင်တစ်နိုင် လက်လုပ်လက်စားများအတွက် လုပ်ကိုင်ခွင့်ပြုထားတယ်ဆိုပေမဲ့ တစ်ပိုင်တစ်နိုင်ဆိုတာ လုပ်ငန်းခွင် ကျွမ်းကျင်မှုနည်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းသော လုပ်ငန်းရှင်များအဖြစ် ပိုမိုရှုပ်ထွေးစေနိုင်မယ်လို့ တချို့ကလည်း ယူဆနေကြပါတယ်။ ကျောက်မျက်ရတနာ ဥပဒေအောက်မှာ တစ်ပြေးညီ လိုက်နာသွားကြဖို့သာ အရေးကြီးပါတယ်။

 

ကျောက်မျက်စျေးကွက် လျစ်လျူရှုမထားသင့်

ရှေးယခင်က တောင်ကြီးမှာ ကျောက်ဝိုင်းတွေရှိခဲ့ဖူးတယ်။ အခုလည်း ရှိပေမယ့် အရင်ထက်စာရင် အတော်နည်းသွားပါပြီ။ လက်ရှိအချိန်မှာတော့ မိုင်းရှူး၊ မိုးကုတ်က ထွက်တဲ့ ပတ္တမြားတွေက အောက်လမ်းကနေ ထိုင်းနိုင်ငံကို ရောက်နေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

တစ်ဖက်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေတစ်ဆင့် ရောက်သွားတော့ နိုင်ငံအတွက် အခွန်ရရှိမှုနစ်နာသလို၊ ကျောက်စျေးကွက်ကလည်း မဖော်ဆောင်နိုင်တဲ့အတွက် စျေးကွက်ထိန်းချုပ်နိုင်မှု မရှိသလောက် ဖြစ်ပြီး၊ တစ်ဖက်နိုင်ငံရဲ့ ချယ်လှယ်မှုအောက်မှာ အမြဲကျရှုံးနေရတာပါပဲ။ တစ်ဖက်နိုင်ငံမှာ မှောင်ခိုစျေးနဲ့ ရောင်းရတဲ့အတွက် ရောင်းတဲ့သူလည်း နစ်နာသလို၊ တန်ကြေးပေးမယ့် ကျောက်တွေကိုလည်း ရာဖြတ်တွေက မကောင်းဘူး ပြောလိုက်တာနဲ့ ဘယ်နေရာမှာမှ စျေးကွက်မဝင်တော့တဲ့ ကျောက်အဖြစ် ရောင်းတန်းအောက်သွားနိုင်တယ်။ ဒါကြောင့် ကိုယ့်စျေးကွက်နဲ့ ကိုယ်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။

 

အစိုးရက ဘာတွေလုပ်ဆောင်ပေးသင့်လဲ

ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိကျသော မူဝါဒတစ်ရပ် အခြေခံထားတဲ့ ကျောက်မျက် ဥပဒေ၊ နည်းဥပဒေ ခိုင်ခိုင်မာမာရေးဆွဲပြဋ္ဌာန်းဖို့ လိုပါတယ်။ ပြည်တွင်းမှာ နည်းပညာကောင်းကောင်းနဲ့ တန်ဖိုးမြင့် ထုတ်ကုန်တွေ တိုးတက်ထုတ်လုပ်လာနိုင်မယ်ဆိုရင် ရောင်းတန်းဝင်လာနိုင်မယ်။ ပြည်နယ်နှင့် တိုင်းအသီးသီးမှာလည်း ကျောက်စျေးကွက်တွေအပြင် နယ်စပ်ဒေသတွေမှာလည်း ကျောက်စျေးကွက်လေးတွေ ဖြစ်လာအောင်ဖော်ဆောင်အားပေးသင့်ပါတယ်။ နိုင်ငံခြားသား ခရီးသွားအများအပြား ဝင်ထွက်သွားလာလည်ပတ်နေတဲ့ ညောင်ရွှေ၊ ကလော၊ တောင်ကြီးတို့လို မြို့တွေမှာလည်း ကျောက်စျေးကွက်တွေကို ဖွင့်လှစ်ဖို့ အားပေးသင့်သလို၊ အစိုးရစီမံချက်နဲ့ မြေနေရာတွေကိုလည်း ဖော်ဆောင်ပေးသင့်ပါတယ်။

နောက်တစ်ခုကတော့ ဥပဒေအရတွင်း ဝခွန်ကို ရတနာခွန်အဖြစ် လျှော့ပေါ့ပေးပြီး အခွန်ဆောင်စေပေမယ့် ပြည်တွင်းအဝယ် မရှိရင်လည်း မဖြစ်တဲ့အတွက် နိုင်ငံတကာ စိတ်ပါဝင်စားနိုင်တဲ့ စျေးကွက်ဖြစ်အောင် စီမံဖော်ထုတ်ဖို့လည်း လိုအပ်ပါတယ်။ နည်းပညာဆိုတာထက် စျေးကွက်က ပိုပြီး အရေးပါတာဖြစ်ပြီး ဖော်ဆောင်နိုင်မယ့် ကျွမ်းကျင်ပညာရှင်များအတွက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်ကိုလည်း လိုအပ်ရင် လွှဲပြောင်းသင့်ပါတယ်။ အစိုးရအနေနဲ့ တွင်းဝခွန် ဆောင်ရာမှာ ရာဖြတ်လိုက်တဲ့ပစ္စည်းအပေါ် လုပ်ပိုင်ခွင့် အသုံးချပြီး ကိုယ်ကျိုးရှာအတ္တသမား ဝန်ထမ်းများကိုလည်း ထိရောက်စွာ စံပြအရေးယူ ဆောင်ရွက်သင့်ပါတယ်။ ဥပဒေဘယ်လောက်ပင် ကောင်းကောင်း ကိုယ်ကျိုးရှာ ၀ိသမလောဘသားတွေကြောင့် ဝန်ထမ်းများလည်း ပျက်စီးကာ ဖြတ်သန်းလာရတဲ့ ခေတ်ဆိုးစနစ်ဆိုးကို နမူနာယူပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းနည်းလမ်းသစ်များကို ရှာကြံဖော်ထုတ်သင့်ပါတယ်။

လက်ရှိမှာတော့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေကတော့ မြန်မာ့ကျောက်မျက်ကို အသုံးချပြီး ပန်းပန်နေဆဲပဲဖြစ်ပါတယ်။                             

 

 

Most Read

Most Recent