တရုတ်တွင် ထူးဆန်းသော အဆုတ်ရောင်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွား

တရုတ်တွင် ထူးဆန်းသော အဆုတ်ရောင်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွား
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီ ၄ ၌ ခရီးသည်များအား ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးနေစဉ် (Photo: AP)
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီ ၄ ၌ ခရီးသည်များအား ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးနေစဉ် (Photo: AP)
Published 11 January 2020
Ref: AFP

ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က လူရာပေါင်းများစွာအား သေဆုံးစေခဲ့သည့် SARS ရောဂါနှင့် အမျိုးအစားတူအုပ်စုမှ ဗိုင်းရပ်စ်သစ်တစ်မျိုးကြောင့် ဖြစ်ပွားသည်ဟု ယူဆရသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကြောင့် အသက် ၆၁ နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ထိုရောဂါကြောင့် ပထမဆုံး သေဆုံးမှုဖြစ်ကြောင်း တရုတ်က ဇန်နဝါရီ ၁၁ တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် လတ်တလောအချိန်အထိ ထိုဗိုင်းရပ်စ်သစ်ကြောင့် လူ ၄၁ ဦးသည် အဆုတ်ရောင်ရောဂါနှင့် ဆင်တူသော လက္ခဏာများ ခံစားနေရပြီး ယင်းတို့ထဲမှ တစ်ဦးသည် ဇန်နဝါရီ ၉ တွင် သေဆုံးခဲ့ကြောင်း ဝူဟန်ကျန်းမာရေးကော်မရှင်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ အခြားခုနစ်ဦးသည် အခြေအနေ စိုးရိမ်ရပြီး နှစ်ဦးမှာမူ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန်သူများ၏ အခြေအနေမှာ တည်ငြိမ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

သေဆုံးခဲ့သည့် အမျိုးသားသည် ရောဂါကူးစက်ဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်သည်ဟု အာဏာပိုင်များက ဖော်ထုတ်ခဲ့သည့် မြို့ထဲရှိ ပင်လယ်စာစျေးတစ်ခုမှ ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ဝူဟန်ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ နာတာရှည် အသည်းဝေဒနာ အပါအဝင် အခြားကျန်းမာရေး ပြဿနာများလည်း ခံစားနေရသော ထိုအမျိုးသားသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပြင်းထန်သော နမိုးနီးယား ခံစားရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုကော်မရှင်က ထုတ်ပြန်ခဲ့သည်။

၂၀၀၂- ၂၀၀၃ ခုနှစ်အတွင်း ပြည်မကြီးတရုတ်တွင် ၃၄၉ ဦးနှင့် ဟောင်ကောင်တွင် နောက်ထပ် ၂၉၉ ဦး သေဆုံးခဲ့ရသည့် Sudden Acute Respiratory Syndrome သို့မဟုတ် SARS ရောဂါဖြစ်ပွားမှု၏ ခြောက်လှန့်မှုကြောင့် ယခုဗိုင်းရပ်စ်သစ် ဖြစ်ပွားမှုကို တပ်လှန့်ထားကြသည်။

ထိုရောဂါ ဖြစ်ပွားစေသောပစ္စည်းသည် သာမန် အအေးမိမှုမှသည် SARS ကဲ့သို့ အလွန်ပြင်းထန်သော နာမကျန်းဖြစ်စေမှုအထိ ကျယ်ပြန့်သော ရောဂါဖြစ်ပွားမှုအစုထဲမှ ယခင်က မသိရသေးသည့် coronavirus အမျိုးအစားဖြစ်မည်ဟု ယုံကြည်ရကြောင်း ထိုရောဂါဖြစ်ပွားမှုအား စစ်ဆေးနေသည့် တရုတ်သိပ္ပံပညာရှင်များက ပြီးခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ထိုဗိုင်းရပ်စ်၏ မျိုးရိုးဗီဇဆိုင်ရာ အစီအစဉ်ကို ဝူဟန်ရှိ လူနာတစ်ဦးတွင် တွေ့ရှိခဲ့ရကြောင်း ဟောင်ကောင်ကျန်းမာရေးဌာနမှ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၁ တွင် ထုတ်ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်သစ်သည် လင်းနို့များတွင် တွေ့ရှိခဲ့သော SARS နှင့် ရာခိုင်နှုန်း ၈၀ တူညီမှုရှိကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ထောက်ပြချက်ကိုလည်း အွန်လိုင်းတွင် ဖော်ပြခဲ့သည်။ သို့သော် ထိုဗိုင်းရပ်စ်သစ်သည် SARS ၏ မျိုးကွဲတစ်ခုဖြစ်ကြောင်း ပြတ်ပြတ်သားသား ကောက်ချက်ချရန်မှာ စောလွန်းနေပြီး ဟောင်ကောင်အနေဖြင့် သတိဖြင့်နေထိုင်ကြရန် လိုအပ်ကြောင်း ၎င်းတို့က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ရထားများနှင့် လေယာဉ်များတွင် ပိုးသတ်ဆေးများ ဖြန်းခြင်းနှင့် ခရီးသွားများအား စစ်ဆေးခြင်းတို့အပါအဝင် ကြိုတင်ကာကွယ်မှု အစီအစဉ်များအား ဟောင်ကောင် အာဏာပိုင်များက လုပ်ဆောင်နေကြသည်။

 

Most Read

Most Recent