အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရေး ဆွေးနွေးရန် အီရတ်၏တောင်းဆိုချက်ကို အမေရိကန်ပယ်ချ

အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရေး ဆွေးနွေးရန် အီရတ်၏တောင်းဆိုချက်ကို အမေရိကန်ပယ်ချ
အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ သံရုံးတစ်ဝိုက်တွင် အမေရိကန်စစ်သားများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ၌ တွေ့ရစဉ် (Photo: AFP)
အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ သံရုံးတစ်ဝိုက်တွင် အမေရိကန်စစ်သားများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ၌ တွေ့ရစဉ် (Photo: AFP)
Published 11 January 2020
Ref: AFP

အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ခန့်အား ရုပ်သိမ်းရေးအတွက် စတင်ဆွေးနွေးရန် အီရတ်က တောင်းဆိုမှုကို အမေရိကန်က ဇန်နဝါရီ ၁၀ တွင် ပယ်ချခဲ့သည်။

ဘဂ္ဂဒက်တွင် အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီးအား အမေရိကန်က သုတ်သင်ခဲ့ပြီးနောက် အီရတ်က ယင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုဟု ရှုမြင်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအား အီရတ် ယာယီဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

ဆွေးနွေးရန်အသင့်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း တပ်ဖွဲ့များ ရုပ်သိမ်းရေး ဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် အချုပ်အခြာခိုင်မာသော၊ သာယာစည်ပင်သော၊ တည်ငြိမ်သော အီရတ်၏ မဟာမိတ်ဖြစ်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မော်ဂန်အော်တာဂတ်က ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်က အီရတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုသည် မှားယွင်းမှုဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အီရတ်နှင့် အခြားနေရာများတွင် အမေရိကန်တပ်ဖွဲ့များ တပ်ဖြန့်ထားမှုသည် အလဟဿဖြစ်မှုဟု ဝေဖန်ခဲ့ဖူးသည်။ သို့သော်လည်း အီရတ်က အမေရိကန်တပ်ဖွဲ့များ နှင်ထုတ်ရန် ကြိုးပမ်းမှုကို ထရန့်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ၏မစ်ရှင်သည် အလွန်ရှင်းလင်းကြောင်း၊ ဒေသခံတပ်ဖွဲ့များအား လေ့ကျင့်သင်ကြားပေးရေးနှင့် အစ္စလာမ္မစ်အစွန်းရောက်တို့အား နှိမ်နင်းရေးဖြစ်ကြောင်း ပွန်ပီယိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ ၌ ဘဂ္ဂဒက်လေဆိပ်တွင် အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီအား အမေရိကန်က ဒရုန်းနှင့်တိုက်ခိုက်ခဲ့မှုကို ဒေါသထွက်နေသည့် အီရတ်ခေါင်းဆောင်များက နိုင်ငံခြားတပ်ဖွဲ့များ ဆုတ်ခွာရေးကို ပါလီမန်တွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အီရတ် ယာယီဝန်ကြီးချုပ် အဒယ်အဗ္ဗဒယ်မာဒီက နိုင်ငံခြားတပ်ဖွဲ့များ အီရတ်မှ ဆုတ်ခွာရေး ပါလီမန်၏ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးစေလိုသည်ဟု ပွန်ပီယိုအား တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ကြေညာချက်က ဖော်ပြခဲ့သည်။

သို့သော်လည်း အီရတ်ဝန်ကြီးချုပ်သည် အင်အားချည့်နဲ့သော အခြေအနေ၌ ရှိပြီး ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် အာဏာရယူထားသည်မှာ တစ်လကျော်သာ ရှိသေးသည်။

အမေရိကန်နှင့် အီရန်တို့၏လွှမ်းမိုးမှုကို ရှုတ်ချသော ကန့်ကွက်ဆန္ဒပြမှုများကလည်း ဇန်နဝါရီ ၁၀ တွင် ပြန်လည် ဖြစ်ပွားခဲ့သည်။

အာဏာရှင် ဆက်ဒမ်ဟူစိန်ကို အမေရိကန်က ဖြုတ်ချခဲ့ပြီးနောက် အီရတ်နိုင်ငံတစ်ဝန်းတွင် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ပြီး ရှီအိုက်အများစုနေထိုင်သော အီရတ်ကို အီရန်က သြဇာလွှမ်းမိုးလာခဲ့သည်။

ယခင်အမေရိကန်သမ္မတ ဘာရက်အိုဘာမားက အီရတ်မှ အမေရိကန်တပ်များ ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ပြီး အစ္စလာမ္မစ် အစွန်းရောက်များ နှိမ်နင်းရန် ၂၀၁၄ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များကို အီရတ်က ပြန်လည်ဖိတ်ခေါ်ခဲ့သည်။

သို့သော်လည်း ထရန့်လက်ထက်တွင် အီရတ်သည် အမေရိကန်နှင့် အီရန်ကြားမှ စစ်မြေပြင် ဖြစ်လာခဲ့သည်။ ထရန့်က အီရန်ကို ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့သောကြောင့် အီရန်က ကျောထောက် နောက်ခံပေးထားသော အီရတ် ပြည်သူ့စစ်များက အမေရိကန်တပ်ဖွဲ့များကို ဒုံးကျည်များနှင့် တိုက်ခိုက်နေခဲ့သည်။

အီရန်ကို အရေးယူဆောင်ရွက်မှုများအတွက် နိုင်ငံတကာ၏ထောက်ပံ့မှု ရရှိရန် ကြိုးပမ်းနေသော ထရန့်က မဟာမိတ်နေတိုးအား အရှေ့အလယ်ပိုင်းတွင် ပို၍ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် တောင်းဆိုထားသည်။                                    

 

Most Read

Most Recent