အမေရိကန်က အီရန်၏ အထိနာနေပြီဖြစ်သော စီးပွားရေးအား ဇန်နဝါရီ ၁၀ တွင် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်ခဲ့သည်။ ထို့ပြင် သုတ်သင်ခံခဲ့ရသော အီရန်ဗိုလ်ချုပ် ကာဆင်ဆိုလေမာနီက အမေရိကန်သံရုံးများအား တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေခြင်းကြောင့် ယင်းကဲ့သို့ ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟုဆိုကာ အမေရိကန်က ၎င်းတို့၏စစ်ဆင်ရေးကို ကာကွယ်ပြောကြားခဲ့သည်။
အီရန်တွင် ကဏ္ဍအချို့၌ ဒုတိယမြောက် သြဇာအကြီးဆုံးပုဂ္ဂိုလ်ဟု မှတ်ယူခံရသော ဆိုလေမာနီအား အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်၍ သတ်ဖြတ်ခဲ့ပြီးနောက် အီရန်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အခြေစိုက်သော စစ်စခန်းနှစ်ခုအား ဒုံးများဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ပွဲသို့သက်ဆင်းရန် အန္တရာယ်ကို ကြုံခဲ့ရပြီးနောက် ထိုပိတ်ဆို့အရေးယူမှုသစ်သည် အမေရိကန်၏ နောက်ဆုံး တုံ့ပြန်မှုဖြစ်ခဲ့သည်။
အီရန်၏ဒုံးများဖြင့် ပစ်ခတ်မှုများအား စစ်ရေးဖြင့် ထပ်မံ တုံ့ပြန်သွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီး ၀ါရှင်တန်သည် အီရန်အား အမြင့်ဆုံးဖိအားပေးမှုကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။
ယခုပိတ်ဆို့အရေးယူမှုသစ်များအရ အီရန်အစိုးရအတွက် အထောက်အပံ့ဖြစ်နေသည့် ဒေါ်လာဘီလျံများစွာကို မိမိတို့က ဖြတ်တောက်ပစ်ဖွယ်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတိဗင်အမ်နူချင်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ အီရန်၏စီးပွားရေး အထိနာစေရန် ရည်ရွယ်သော ဧရာမပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီးချိန်တွင် ယခုအရေးယူမှုသစ်များက အီရန်၏ သံမဏိလုပ်ငန်းနှင့် ထိပ်တန်းတာဝန်ရှိသူ ရှစ်ဦးအား ပစ်မှတ်ထားခြင်းဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် လတ်တလောအထိ အီရန်အစိုးရ ရရှိနိုင်မည့် ဒေါ်လာဘီလျံများစွာအား ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ အီရန်သည် ရေနံဝင်ငွေရရှိမှု ရာခိုင်နှုန်း ၈၀ ကျဆင်းခဲ့ပြီး ၎င်း၏ ပြည်ပအရန်ငွေကြေး အကြမ်းဖျင်းအားဖြင့် ရာခိုင်နှုန်း ၉၀ ကို သုံးစွဲ၍ မရဖြစ်ခဲ့ကြောင်း၊ အီရန်က ဥပဒေနှင့် မညီသောနည်းလမ်းများ ဆက်လက်လုပ်ဆောင်ပါက မိမိတို့က ပိတ်ဆို့အရေးယူမှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ပွန်ပီယိုက ဆိုခဲ့သည်။
ပိတ်ဆို့အရေးယူမှုသစ်များတွင် အကျုံးဝင်သူများထဲ၌ အီရန်၏ Supreme National Security Council အတွင်းရေးမှူး အလီရှမ်ခါနီ၊ အီရန်လက်နက်ကိုင်တပ်၏ ဒုတိယစစ်ဦးစီးချုပ် မိုဟာမက်ရီဇာအက်ရှ်တီယန်နီ၊ အီရန်အစိုးရအား သစ္စာခံသော စေတနာ့ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Basij ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဂိုလမ်ရီဇာဆိုလေမာနီတို့ ပါဝင်သည်။ အီရန် သံမဏိထုတ်လုပ်သည့် ကုမ္ပဏီနှင့် သတ္တုတွင်းကုမ္ပဏီ ၁၇ ခုကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။
ထို့ပြင် တရုတ်နှင့် Seychelles တို့တွင် အခြေစိုက်သော ကုမ္ပဏီသုံးခု၏ ကွန်ရက်တစ်ခုအပြင် အီရန်သတ္တုထုတ်ကုန်များအား ဝယ်ယူ၊ ရောင်းချနှင့် လွှဲပြောင်းပေးမှုတွင် ပါဝင်သည့် သင်္ဘောတစ်စင်းကိုလည်း ပိတ်ဆို့ အရေးယူမှုစာရင်းသို့ ထည့်သွင်းခဲ့သည်။














