EAO များ၊ အစိုးရ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးညှိနှိုင်းအဖြေရှာရာတွင် အချိန်ကာလယန္တရားကို အတိုဆုံးလျှော့ချနိုင်သမျှ လျှော့ချပြီး အမြန်ဆုံး ရလဒ်ကောင်းများ ပြသနိုင်ရေး ကြိုးပမ်းပေးကြရန် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်အမှာစကား ပြောကြားရာတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရလဒ်ကောင်းများ အဖြေတစ်ရက်စောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားများ တစ်ရက်စောပြီး စိတ်ချမ်းသာပျော်ရွှင်ကြမှု ခံစားရမှာဖြစ်တဲ့အပြင် ခေတ်မီ နိုင်ငံတော်ကြီးဆီသို့ တစ်ရက်စောရောက်အောင် အင်တိုက်အားတိုက် ယခုထက်ပိုမို စွမ်းဆောင်နိုင်မှာဖြစ်လို့ EAO အသီးသီးကရော၊ အစိုးရ၊ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူ ပုဂ္ဂိုလ်များကပါ ဆွေးနွေးညှိနှိုင်းအဖြေရှာရာမှာ အချိန်ကာလယန္တရားကို အတိုဆုံး လျှော့ချနိုင်သမျှ လျှော့ချပြီး အမြန်ဆုံးရလဒ်ကောင်းများ ပြသနိုင်ရေး ကြိုးပမ်းပေးကြဖို့လည်း ပြောကြားလိုပါတယ်။ ဒီလိုအချိန်ကန့်သတ်ချက်ယန္တရား လျှော့ချနိုင်ဖို့အတွက်ဆိုရင် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း အဖြေရှာရာမှာ တောင်းဆိုဖက်ဘက်ကလည်း ဖြစ်နိုင်ခြေရှိတာကိုသာ တောင်းဆိုဆွေးနွေး ညှိနှိုင်းလိုက်ရင် လိုက်လျောဖို့ဖြစ်နိုင်ခြေ ရှိ မရှိ ဆောင်ရွက်ပေးရမယ့် နိုင်ငံတော်အစိုးရဘက်မှာလည်း ညှိနှိုင်းအဖြေရှာရာမှာ အချိန်များစွာကြန့်ကြာမှုကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်သည် မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအရ အရေးကြီးသည့်နှစ်၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် နှစ်ဆိုသည်ကိုလည်း သတိမမေ့ကြဘဲ ကန့်သတ်ချက်များကြားမှ စိန်ခေါ်မှု အသီးသီးကို စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်နှင့် လျှောက်လှမ်းနေသည့် နိုင်ငံဖြစ်သည့်အပြင် ထပ်မံ၍လည်း ပိုမိုပြီးပြည့်စုံနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရန်လည်း နိုင်ငံရေးပိုင်း၊ တပ်ပိုင်းဆိုင်ရာ၊ ထာဝရငြိမ်းချမ်းရေး ကိစ္စရပ်များကိုလည်း ပြင်းပြသည့် ဆန္ဒရှိနေကြသည့် ပြည်သူများလိုလားချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်အကောင်အထည်ဖော်သွားနိုင်ရန် JICM အစည်းအဝေး၌ တိုက်တွန်းပြောကြားလိုကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
“တစ်ပိုင်းကလည်း နိုင်ငံရေးအရ UPDJC မှာ အချိန်အတိုဆုံးနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အချက်များအပေါ်မှ အောင်မြင်မှုရလဒ် အသီးအပွင့်များရယူရန် ဆွေးနွေးသလို ထာဝရငြိမ်းချမ်းရေးအတွက်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို JMC ဘက်ကတစ်ဆင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆွေးနွေးညှိနှိုင်း ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နှစ်ဖက်ယုံကြည်မှုဟာ အရေးကြီးသလို ယုံကြည်မှုရဲ့ဆန့်ကျင်ဘက်က စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်” ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းအချက်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာတွင် ကြီးမားသည့် ဟန့်တားနှောင့်ယှက်မှုကို ဖြစ်ပေါ်စေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ပင်လုံ ဒုတိယအစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည့်အပြင် NCA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ချခိုင်းသည့် စာချုပ်မဟုတ်ကြောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်သည် ငြိမ်းချမ်းရေး မဟာဗျူဟာဖြစ်သည့် NCA လမ်းကြောင်းပေါ်တွင် မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းကြောင်း လျှောက်လှမ်းရာတွင်လည်း ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းများကရရှိလာသည့် တပ်မတော်၏ အသိတရား၊ လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အရှိတရားဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူခြောက်ရပ်နှင့်အညီ ခိုင်မာစွာရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာအသိပေးထားပြီး ဖြစ်သည့်အတွက် မိမိတို့တပ်မတော်ပိုင်း အနေဖြင့် JICM၊ JMC နှင့် UPDJC အစည်းအဝေးများ၌ NCA လမ်းကြောင်းအတိုင်းသာ ဆက်လက်ခိုင်ခိုင်မာမာ ရပ်တည်လျက် ဆွေးနွေးညှိနှိုင်းမှု၊ အချိန်ကာလယန္တရား လျှော့ချမှုအတွင်းမှ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။