ဧရာဝတီအသင်းတိုက်စစ်မှူးသစ် ဝင်းနိုင်ထွန်းနှင့် တွေ့ဆုံခြင်း

ဧရာဝတီအသင်းတိုက်စစ်မှူးသစ် ဝင်းနိုင်ထွန်းနှင့် တွေ့ဆုံခြင်း
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 10 January 2020
ညီညီစိုးညွန့်

သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြကစားနေတဲ့ ရတနာပုံတိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ဧရာဝတီအသင်းက ခေါ်ယူခဲ့ပါတယ်။ အပြောင်းအရွှေ့စျေးကွက်ပိတ်ခါနီးမှာ ဧရာဝတီအသင်းကို ရောက်ရှိခဲ့တဲ့ တိုက်စစ်မှူး ဝင်းနိုင်ထွန်း ကို Eleven Sports က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

မေး - ဧရာဝတီအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အရင်ဆုံးပြောပြပေးပါ။

ဖြေ - ရတနာပုံအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ဒီဇင်ဘာလကုန်မှာ ကုန်ဆုံးခဲ့ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းပေမယ့် တချို့အချက်တွေမှာ အဆင်မပြေတာကြောင့် သက်တမ်းမတိုးဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ဆန္ဒက ပြည်ပထွက်ကစားဖို့ဖြစ်ပေမယ့် ဒီနှစ်မှာ အဆင်မပြေသေးတဲ့အချိန်မှာ ဧရာဝတီအသင်းကလည်း ခေါ်ယူခဲ့တာကြောင့် ပြောင်းရွှေ့ဖြစ်ခဲ့တာပါ။ 

မေး - ဧရာဝတီအသင်းနဲ့ ဘယ်နှနှစ်စာချုပ် ချုပ်ဆိုထားပါသလဲ။

ဖြေ - ဧရာဝတီအသင်းနဲ့ တစ်ရာသီပဲစာချုပ်ထားပါတယ်။ ကျွန်တော်က ပြည်ပမှာသွား ရောက်ကစားချင်တဲ့အတွက် လောလောဆယ် တစ်ရာသီပဲချုပ်ဆိုထားတာဖြစ်ပါတယ်။ 

မေး -  ပြည်ပကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေရော ရှိခဲ့ပါသလား။

ဖြေ - ကျွန်တော့်ဆီနဲ့ အသင်းကိုတော့ တရားဝင်ကမ်းလှမ်းတာမျိုး မရှိခဲ့ပါဘူး။ စိတ်ဝင်စားတယ်ဆိုပြီး ပြောတာတွေတော့ ရှိခဲ့ပါတယ်။ 

မေး - ဧရာဝတီအသင်းမှာ တိုက်စစ်ကစားသမားတွေများနေတဲ့အတွက် ပွဲထွက်ခွင့်ရဖို့အဆင် ပြေပါ့မလား။

ဖြေ - ဧရာဝတီအသင်းမှာ နိုင်ငံခြားသားတိုက်စစ်မှူး (၂)ဦးအပြင် ပြည်တွင်းကစားသမားတွေလည်း ရှိပါတယ်။ ပွဲထွက်ခွင့်ရဖို့ကတော့ နေရာတိုင်း၊ အသင်းတိုင်းမှာ ကြိုးစားနေရတာဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ကြိုး စားသွားမှာဖြစ်သလို နည်းပြရဲ့ ယုံကြည်မှုရဖို့လည်း လိုအပ်ပါတယ်။

မေး - ပြည်ပကလပ်မှာ သွားရောက်ကစားချင်တဲ့ဆန္ဒရှိတဲ့အတွက် လက်ရှိအနေအထားထက် ပိုကောင်းအောင် ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ထင်ပါသလဲ။

ဖြေ - လက်ရှိအနေအထားထက် ပိုကောင်းအောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကြံ့ခိုင်မှုအပိုင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်း ပိုကောင်းအောင်  ကြိုးစားသွားမှာပါ။ ဧရာဝတီအသင်းကလည်း ကျွန်တော့်ရဲ့အရည်အသွေးကို ပိုမိုတိုးတက် အောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး - လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်ထားသလား။

ဖြေ - ကစားသမားတစ်ဦးရဲ့ရည်မှန်းချက်က လက်ရွေးစင်ကစားသမားဖြစ်ဖို့ပါ။ ကျွန်တော်လည်း မျှော်လင့်ထားပေမယ့် စီနီယာကစားသမားတွေဖြစ်တဲ့ ကိုအောင်သူ၊ ကိုကျော်ကိုကိုတို့ရဲ့အနေအထားတွေကို မီအောင်ကြိုးစားရမှာပါ။ လက်ရွေးစင်ဖြစ်လာဖို့နဲ့ ပြည်ပထွက်ကစားခွင့်ရဖို့ ပိုကြိုးစားသွားမှာပါ။

 

Most Read

Most Recent