တေးသံရှင် စိုင်းဆိုင်မောဝ် မန္တလေးမြို့ရှိ မန္တလာဆေးရုံ၌ ဆေးကုသမှု ခံယူနေရ

တေးသံရှင် စိုင်းဆိုင်မောဝ် မန္တလေးမြို့ရှိ မန္တလာဆေးရုံ၌ ဆေးကုသမှု ခံယူနေရ
Published 3 January 2020
လင်းလင်းခိုင်

တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်သည်ဟူသော သတင်းများမှာ ယနေ့ (ဇန်နဝါရီ ၃ ရက်) တွင် ထွက်ပေါ်လာခဲ့ပြီး ယင်းသတင်းများမှာ မမှန်ကန်ဘဲ မန္တလေးမြို့ရှိ မန္တလာဆေးရုံတွင် ဆေးကုသမှု ခံယူနေရခြင်းသာဖြစ်ကြောင်း မန္တလာဆေးရုံမှ အတည်ပြုပြောကြားခဲ့သည်။ တေးသံရှင် စိုင်းဆိုင်မောဝ် သည် ဒီဇင်ဘာ ၂၈ ရက်ခန့်မှ စတင်ကာ မန္တလာဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

“တေးသံရှင် စိုင်းဆိုင်မောဝ် ဆေးကုသမှု ခံယူနေတယ်ဆိုတာ မှန်ပါတယ်။ လက်ရှိအထိလည်း ဆေးကုသမှု ခံယူနေရတုန်းပါပဲ။ ဒီဇင်ဘာ ၂၈ ရက်လောက်ကနေစပြီး ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး”ဟု မန္တလာဆေးရုံမှ အတည်ပြုပြောကြားခဲ့သည်။

တေးသံရှင် စိုင်းဆိုင်မောဝ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက် သီတင်းကျွတ်လပြည့်ညတွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် ရွှေအိုရောင်ဂီတညဖျော်ဖြေပွဲတွင် တေးသီချင်းများဖြင့် ပါဝင်သီဆိုခဲ့သည်။ တေးသံရှင် စိုင်းဆိုင်မောဝ်သည် ၂၀၁၈ ခုနှစ်အတွင်းကပင် ကျန်းမာရေးထိခိုက်မှုကြောင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး ထိုင်းနိုင်ငံတွင်လည်း ဆေးကုသမှု သွားရောက်ခံယူခဲ့သေးကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် ရွှေအိုရောင်ဂီတည ဂီတဖျော်ဖြေပွဲ၌ ပါဝင်သီဆိုခဲ့စဉ်ကလည်း ကျန်းမာရေး အခြေအနေမှာ အနည်းငယ် ထိခိုက်ခံစားရလျက် ရှိသော်လည်း ပါဝင်ဖျော်ဖြေခွင့်ရသည့်အတွက် ဝမ်းမြောက်ရကြောင်း ပရိသတ်များထံ ပြောကြားခဲ့သည်။

တေးသံရှင် စိုင်းဆိုင်မောဝ်သည် ရှမ်းပဲပုပ်လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊ တစ်ရွာသားနဲ့ပုဝါပါး စသည့် အောင်မြင်သော တေးသီချင်းများစွာကို သီဆိုခဲ့သူဖြစ်ကာ တေးအယ်လ်ဘမ် များစွာကို ထွက်ရှိခဲ့သူ ဖြစ်သည်။

 

 

Most Read

Most Recent