ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် ယခင်အစိုးရ လက်ထက်က ရွေးကောက်ပွဲကော်မရှင် အကြွေးများဆပ်ရန်အတွက်ဟုဆိုကာ ကျောင်းမြေပေါ်တွင် တရားမဝင် ဆောက်လုပ်ခဲ့သော ပေ ၁၀၀ ကျော်အရှည်ရှိသော ၁၀ ခန်းတွဲ နှစ်ထပ်ဆိုင်ခန်းများကိုဖယ်ရှားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ

ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတွင် ယခင်အစိုးရ လက်ထက်က ရွေးကောက်ပွဲကော်မရှင် အကြွေးများဆပ်ရန်အတွက်ဟုဆိုကာ ကျောင်းမြေပေါ်တွင် တရားမဝင် ဆောက်လုပ်ခဲ့သော ပေ ၁၀၀ ကျော်အရှည်ရှိသော ၁၀ ခန်းတွဲ နှစ်ထပ်ဆိုင်ခန်းများကိုဖယ်ရှားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ
Published 3 January 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်း ငါးကြောင် ကျေးရွာအုပ်စု ပင်ဖြစ်ကျေးရွာတွင် ယခင်အစိုးရလက်ထက်တက်လာစဉ်က ရွေးကောက်ပွဲကော်မရှင် အကြွေးများဆပ်ရန်အတွက်ဟုဆိုကာ ကျောင်းမြေပေါ်တွင် တရားမဝင်ဆောက်လုပ်ခဲ့သော အရှည်ပေ ၁၀၀ ကျော်ရှိသော ၁၀ ခန်းတွဲ နှစ်ထပ်ဆိုင်ခန်းများကို ဖျက်သိမ်းပြီး မြေနေရာပြန်လည်ရရှိရန်လိုလားနေကြောင်း ဒေသခံများက ပြောကြားသည်။

ပင်ဖြစ်ကျေးရွာ အထကပိုင်မြေနေရာ၊ ဘောလုံးကွင်းအရှေ့တွင် ဆိုင်ခန်းပိတ်၍ တည်ဆောက်ထားသဖြင့် ကျောင်းဆိုင်းဘုတ်တပ်ရန် မြေနေရာမကျန်တော့ခြင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်ကျောင်း ဆင်းချိန်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှိခြင်း၊ ပြည်သူများတောင်းဆိုခြင်းကြောင့် ပညာရေးဌာနမှ အဆိုပါအဆောက်အအုံ အချက်အလက်များလာယူသည်မှာ နှစ်ခါရှိ ပြီဖြစ်ကြောင်း၊ ထို တရားမဝင် အဆောက်အအုံကို ဒေသခံများက ပြန်လည်လိုလားနေကြောင်း ပင်ဖြစ်ကျေးရွာ NLD ပါတီဥက္ကဋ္ဌ ဦးဇော်က ပြောကြားသည်။

“၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အကြွေးဆပ်ရန်ဆိုပြီး အကြောင်းပြပြီးတော့ အဲဒီတိုက်တန်းကြီးကို ဆောက်တာပေ့ါ။ အဲဒီစည်းကမ်းချက်တွေမှာ ပါတယ်။ အစိုးရက ညွှန်ကြားချက်တွေကိုလည်း လက်မခံပါဘူး။ ပြည်သူလူထုတွေဆီက ငွေကောက်ခံခြင်းလည်း မပြုပါဘူးတဲ့။ ဒီအဆောက်အအုံငွေနဲ့ အကြွေးဆပ်ပါမယ် ပြောထားတာရှိတယ်။ မြေလှူတဲ့လူတွေလည်း ထောင်ကျခံရဖူးတယ်။ မြေလှူထားတာကို ပလပ်မြေပါဆိုပြီးတော့ ထွေအုပ်၊ မြေစာရင်း၊ စည်ပင်တို့ ပေါင်းပြီးတော့ ၁၀ ခန်းတွဲ အဆောက်အအုံဆောက်သွား တယ်။ ကန့်ကွက်တဲ့ကြားက မရမကဆောက် ပြီးရောင်းစားတယ်။ အဲဒီက ရတဲ့ငွေကြေးတွေ ကိုလည်း ကျေးရွာကိုလည်းကောင်း၊ စာသင် ကျောင်းကိုလည်းကောင်း တစ်ပြားတစ်ကျပ်မှ လည်း မပေးဘူး။ အရင်က ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူး ဦးသိန်းဇော်ပေါ့။ ၂၀၀၆ မှာ ဖြစ် ပြီးတော့ ၂၀၁၂ အထိ ဖြစ်တာ။ အခုလိုသဘာ ဝပတ်ဝန်းကျင်တွေလည်း ဖျက်ဆီးသွားသေး တာ။ ပေ ၁၀၀ ကျော်မယ်၊ နှစ်ထပ်ဆောင်ပေါ့။ အနောက်မှာ ကျောင်း ရှိပေမဲ့ ဆိုင်းဘုတ်တပ် စရာနေရာမကျန်တော့ဘူး။ ဒီမြေက ကျောင်း ပိုင်မြေပါပဲ။ ဒါပေမဲ့ အထကပိုင်တဲ့ မြေနေရာ မှာကို ဆိုင်းဘုတ်တပ်စရာ နေရာမကျန်ဘူး။ ကလေးတွေ ကျောင်းဆင်းကျောင်းတက်ချိန် မှာ ယာဉ်အန္တရာယ် လမ်းအန္တရာယ်တော် တော်များတယ်။ ပြည်သူက ပြန်တောင်းနေ တာ၊ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် အကြွေး ဆိုတာ၊ ကော်မရှင်မှာ အကြွေးရှိစရာမလိုဘူး လေ။ အသုံးစရိတ်ဆိုတာ အစိုးရကနေချထားပေးတာ။ ဘယ်လောက်ကုန်လဲ ဆိုတာလည်း စာရင်းမပြဘူး” ဟု  ဦးဇော်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်ကို သွားရောက်တားမြစ် ကန့်ကွက်ခဲ့သည့် ရပ်စောက်မြို့နယ် NLD ပါတီဝင် ဦးခွန်မောင်စိုးသည် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းခံရသလို ကျေးရွာသားများလည်း ထောင်ချခံခဲ့ရကြောင်း သိရသည်။

“အဲဒီမှာ သက်ဆိုင်ရာက လာမတားဘူး လားဆိုတော့ တပ်နယ်မှူးကြီး ဗိုလ်ချုပ်ဇော် ဝင်းကလည်း လယ်ကျင်းတူးနေတုန်း ၂၀၁၂ ခုနှစ် ခရစ္စမတ်နေ့ ညနေ ၃ နာရီမှာ ဒါမလုပ်ရဘူး၊ ကျောင်းမြေလို့ တားမြစ်တယ်။ ခဏလေး ရပ်ပြီးတာနဲ့ ပြန်လုပ်တယ်။ မကြာဘူး။ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းထွန်း လာတားတယ်။ ဒေသမှာ တည်ငြိမ်အေးချမ်းမှုမရှိတော့ဘူး။ ပျက်ယွင်းနေတယ်ဆိုပြီး မြို့နယ်ဌာနဆိုင်ရာ အားလုံးပါတယ်။ ရပ်လိုက် ဆောက်လိုက်နဲ့ စာထွက်လာတာ ၂၀၁၂ ဒီဇင်ဘာမှာ စာထွက်လာတယ်။ ဒေသပြည်သူလူထုကို ချပြပြီးတော့ သဘောတူမှ ဆောက်ပါဆိုတာ ညွှန်ကြားစာထွက်လာတယ်။ ဒီစာကို အကြောင်းခံပြီးတော့ ကျွန်တော်ကနေ ဒီစာကို လိုက်နာပါ၊ ပြည်သူလူထုကို ချပြပါ။ ချမပြဘဲ ဆောင်ရွက်ရင် ဆောက်လုပ်သူရဲ့တာဝန်သာဖြစ်သွားလိမ့်မယ်လို့ စာကိုင်ပြီးပြောတာကို ရဲ တပ်ဖွဲ့နဲ့ ပေါင်းပြီးတော့ ကျွန်တော့်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲတယ်။ ထောင်ထဲကိုရောက် သွားတယ်။ ဒီစာအတိုင်းဖတ်ပြီး အော်ပြီးတား တာ၊ အဲဒီအတောအတွင်း မှာ သပိတ်စခန်း လုပ်ထားတယ်။ ဆန္ဒတော့မပြသေးဘူး။ အ ဆောက်အအုံပေါ်ကနေ လက်သမားရဲတင်း တစ်လက်လူအုပ်ကြီးထဲကျလာတော့ အမျိုးသမီးတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ရဲတင်းယူပြီး အဆောက်အအုံကို ထုဖြိုလိုက်တယ်။ ပြည်နယ်ခွင့်ပြုချက်ကို ယူထားတုန်းပဲ ရှိသေး တယ်။ ပုဒ်မ (၁၈) နဲ့ ကျွန်တော်တစ်ယောက်တည်းကို ၅၀၅ (ခ) နဲ့ တရားစွဲခံရတာ ထောင်ဒဏ်တစ်နှစ်ကျပါတယ်” ဟု ရပ်စောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးခွန်မောင်စိုးက ပြောကြားသည်။

အဆိုပါ အထက ကျောင်းရှေ့ရှိ ဘောလုံးကွင်းကိုပိတ်၍ တည်ဆောက်ထားသော ၁၀ ခန်းတွဲနှစ်ထပ်စျေးဆိုင်ခန်းများကို ဖယ်ရှားပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

 

 

 

Most Read

Most Recent