တိရစ္ဆာန်နှင့် လူသားအကြား ကူးစက်တတ်သော Zoonosis ရောဂါများ၊ emerging and reemerging animal diseases များသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများရှိ မွေးမြူရေးကဏ္ဍအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် စိုက်ပျိုးမွေးမြူရေးကို အခြေပြုထားပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ မွေးမြူရေးကဏ္ဍသည် အရှိန်အဟုန်ဖြင့် နှစ်စဉ်တိုးတက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၏ ခန့်မှန်းတွက်ချက်မှုအရ မွေးမြူရေးလုပ်ငန်းများသည် နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိကြောင်း၊ ထိုနည်းတူ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မွေးမြူရေးကဏ္ဍအတွက် စိန်ခေါ်မှုအသစ်များလည်း နေ့စဉ်ပေါ်ထွက်လျက်ရှိပြီး အထူးသဖြင့် emerging and reemerging animal diseases များ၊ တိရစ္ဆာန်နှင့် လူသားအကြား ကူးစက်တတ်သော Zoonosis ရောဂါများမှာ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်၏ ပြောကြားချက်အရသိရသည်။
နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန် လက်ရှိဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး စခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်းကို ယခုနှစ် ဧပြီလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ မွေးမြူသူတွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိစေဖို့ အစိုးရအနေနဲ့ ကျွဲ၊ နွားတွေ တရားဝင်တင်ပို့ ရောင်းချတာတွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၇)ကို ထုတ်ပြန်ပြီး ခွင့်ပြုခဲ့ပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအားကို အခြေခံပြီး ကျွဲ၊ နွားတွေ တရားဝင် တင်ပို့ရောင်းချနိုင်ဖို့ ဆောင်ရွက်သလို တဖက်မှာလည်း တစ်နိုင်ငံက တစ်နိုင်ငံ တိရစ္ဆာန်တွေ ကုန်သွယ်ရာမှာ နိုင်ငံတကာစံနှုန်းနဲ့အညီ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီး ထိန်းသိမ်းစောင့်ကြည့်တာတွေကိုလည်း ပြုလုပ်ရပါတယ်။ ဒါတွေလုပ်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်းတွေကို ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်အတွက် ကုန်သွယ်မှုပြုလုပ်နိုင်သော ကျွဲနွားများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းတွင် ထိန်းသိမ်းထားရှိ၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့နယ်အတွင်း ဝက်သေဆုံးမှုဖြစ်စဉ်များသည် အာဖရိကဝက် အပြင်းဖျားရောဂါကြောင့်ဖြစ်ကြောင်း သြဂုတ် ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ယင်း သတင်းထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့နယ်၊ ပုန်ဆန်ကျေးရွာစု၊ ဝမ်နွဲ့ကျေးရွာတွင် ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ ၆ ရက်အထိ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြင့် ဝက် ၁၂ ကောင် သေဆုံးမှုနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် သြဂုတ် ၉ ရက်၌ သေဆုံးဝက်များမှ နမူနာပစ္စည်းများရယူပြီး ရန်ကုန်နှင့် မန္တလေးတိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းများတွင် မော်လီကျူလာနည်းပညာဖြင့် စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျားရောဂါဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေး ဝက်၊ တောဝက်များတွင် သေဆုံးမှုမြင့်မားသော ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးမရှိကြောင်းနှင့် ရောဂါကူးစက် ဖြစ်ပွားကြောင်း အတည်ပြုပြီးပါက ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးသည့် ခြံအား သုတ်သင်ရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရကြောင်း သိရသည်။
အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားလျက်ရှိသည့် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ၂၀၁၉ ခုနှစ် သြဂုတ် ၃ ရက်မှ စ၍ ဝက်ကောင်ရေ ၁၁၆၀၀၀၀ ကျော်ကို လည်းကောင်း၊ မွန်ဂိုလီးယားနိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ဇန်နဝါရီ ၁၅ ရက်မှစ၍ ဝက်ကောင်ရေ ၃၁၁၅ ကျော်ကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ဝက်ကောင်ရေ ၃၇၀၀၀၀၀ ကျော်ကိုလည်းကောင်း သုတ်သင်ရှင်းလင်းခဲ့ရသဖြင့် ဝက်မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများသည့် ဝက်ရောဂါတစ်မျိုးဖြစ်ကြောင်းနှင့် သို့သော် လူသို့ ကူးစက်တတ်သည့် ရောဂါပိုးအမျိုးအစားမဟုတ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။















