ရန်ကုန်မြို့ရှိ တော်လှန်ရေးပန်းခြံအား ပြုပြင်မွမ်းမံ၍ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နိုင်ငံတော်အလံတင်၊ အလံချအခမ်းအနားပြုလုပ်မည်ဖြစ်ကာ အခမဲ့ဝင်ရောက် လေ့လာနိုင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁ ရက်က သတင်းထုတ်ပြန်သည်။
အဆိုပါပန်းခြံအား အများပြည်သူများ အခမဲ့ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ရန် နေ့စဉ်နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေ့စဉ်နံနက် ၅ နာရီခွဲတွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် ညနေ ၅ နာရီခွဲတွင် နိုင်ငံတော်အလံချအခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ သမိုင်းဝင်တော်လှန်ရေး ပန်းခြံအား ပြန်လည်အဆင့်မြှင့် ပြုပြင်မွမ်းမံ ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် အဆိုပါပန်းခြံ၌ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဦးစွာ နံနက် ၅ နာရီခွဲတွင် အလံတင်တပ်စိတ်မှ နိုင်ငံတော်အလံတင် အခမ်းအနားပြုလုပ်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက နံနက် ၆ နာရီတွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပန်းခြံအတွင်းရှိ ပြန်လည် အဆင့်မြှင့်မွမ်းမံထားရှိမှုများမှာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းဝင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည့် သမိုင်းဝင် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်း ချည်ခဲ့သော မြင်းချည်တိုင် သပြေပင်တို့အပါအဝင် အလေးပြုခံစင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ရေပန်းများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ၊ ပန်းခြံအတွင်း မုခ်ဦးများနှင့် မီးအလှ ဆင်ယင်ထားရှိမှုများဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများကို ၂၀၀၅ ခုနှစ် နှစ် ၆၀ ပြည့် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ၏ ဖော်ပြမှုအရ သိရသည်။
ယခုအခါ တပ်မတော်နေ့အခမ်းအနားများကို နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီးတွင် ပြုလုပ်လျက်ရှိသည်။















