နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့၏ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရွှေတိဂုံစေတီတော်ရှိ အရံစေတီနှစ်ဆူနှင့် မြေစိုက်စေတီ အမှတ် ၂၆ ၏ စိန်ဖူးတော်မြေခခဲ့ပြီး တိုက်အချို့ တိမ်းစောင်းမှုဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ၂၁ နာရီ ၅၄ မိနစ် ၃၁ စက္ကန့်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပြီး ဆက်လက်လူနေထိုင်နိုင်ပြီး Along- able Limit ကျော်နေသည့် တိုက်ရှစ်လုံးကို ပြန်လည်တည့်မတ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် မြို့တော်စည်ပင်၏ လစဉ်သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဝင် ဒေါ်လှိုင်မော်ဦးက ပြောကြားခဲ့သည်။
တိမ်းစောင်းသွားသည့် အဆောက်အအုံ နှစ်ဆယ်ကျော်ကို စစ်ဆေးရာတွင် Along- able Limit ကျော်နေသည့် တိုက်ရှစ်လုံးရှိနေသဖြင့် ၎င်းတိုက်များအား ပြန်လည်တည့်မတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
“Along- able Limit ဆိုတာရှိပါတယ်။ ဘယ်လောက်ကျော်ရင် ပြန်တည့်မတ်ရမယ်။ ဒါမှမဟုတ်ရင် ဒီတိုင်းထားလို့ရတယ် ဆိုတာရှိပါတယ်။ အဲဒီလို ပြန်စစ်လိုက်တဲ့အခါ အဆောက်အအုံရှစ်လုံး မြေငလျင်ကြောင့် မဟုတ်ပါဘူး။ ငလျင်ကြောင့် ပိုသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ အသစ်ဖြစ်တဲ့ဟာလား အဟောင်းဖြစ်တဲ့ ဟာလား၊ အဟောင်းအချက်အလက်က မရှိတဲ့အတွက် ပြည်သူတွေအတွက် အန္တရာယ်ရှိနိုင် မရှိနိုင်ကြည့်တဲ့အခါ Along- able Limit ကျော်တာ ရှစ်လုံးတွေ့ပါတယ်။ အဲဒီရှစ်လုံးက ဖြိုစရာမလိုပါဘူး။ ပြန်မတ်လို့ရပါတယ်။ အဲဒါကြောင့် ဒါကိုပြန်မတ်ဖို့ သက်ဆိုင်ရာတွေနဲ့ စီစဉ်မှာဖြစ်ပါတယ်။ လူတွေပြောင်းရွှေ့ပြီးတော့ ဖြိုရလောက်တဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ငလျင်ကြောင့်လို့ မပြောပါဘူး။ အဆောက်အအုံ ၂၀ ကျော်မှာ ကျန်တဲ့အဆောက်အအုံတွေက Along- able Limit အတွင်းမှာရှိပါတယ်။ ရှစ်လုံးကတော့ ကျော်ပါတယ်။ ဒါကို ပြန်တည့်မတ်ဖို့ စီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
ယင်းငလျင်ကြောင့် ရွှေတိဂုံဘုရား အထက်ပစ္စယာရှိ အရံစေတီနှစ်ဆူနှင့် မြေစိုက်စေတီအမှတ် ၂၆ စေတီတို့၏ စိန်ဖူးတော်များ မြေခခဲ့သည်။
ယခုကဲ့သို့ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေတိဂုံစေတီတော်အတွင်း ထိခိုက်ပျက်စီးမှု ရှိ မရှိနှင့် ပတ်သက်ပြီး လိုက်လံစစ်ဆေးရာ စေတီငယ်များ ထိခိုက်ပျက်စီးမှုမရှိဘဲ မြေစိုက်စေတီအမှတ် ၂၆ နှင့် အထက်ပစ္စယာရှိ အရံစေတီ အမှတ် ၃၂ နှင့် ၃၉ စေတီ နှစ်ဆူ၏ စိန်ဖူးတော်မြေခခဲ့ခြင်းသာ ဖြစ်ပွားခဲ့ကြောင်း ဦးအေးထွန်းက ပြောကြားခဲ့သည်။
ယင်းအရံစေတီနှစ်ဆူနှင့် မြေစိုက်စေတီအမှတ် ၂၆ တို့၏ စိန်ဖူးတော်များကို နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်တပ်ဆင်ခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်တွင်လည်း သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
ယင်းငလျင်ကြောင့် သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာ၊ မြင်သာကျေးရွာ၊ ပုတီးဖြူကျေးရွာ၊ ၀ါးရုံကုန်းကျေးရွာ၊ သီးကုန်းကျေးရွာ၊ ကိုးပင်ကျေးရွာ၊ ဒေါင်းပုန်းကျေးရွာတို့တွင် လူနေအိမ် ၁၀၀ ကျော် အပါအဝင် ဘုန်းကြီးကျောင်း ခြောက်ကျောင်းနှင့် ဘုရားစေတီအချို့ ပျက်စီးခဲ့သည်။
အဆိုပါ ငလျင်ကြောင့်ပင် အမရပူရမြို့နယ် တောင်သမန်အင်းမြောက်ဘက် လင်းဇင်းကုန်း သုသာန်ဟောင်းအတွင်းရှိ အမရပူရခေတ်လက်ရာ ထိုင်းဘုရင်ဟောင်းအထိမ်းအမှတ် ရှေးဟောင်းအဆောက်အအုံ အချို့လည်း ပျက်စီးခဲ့သည်။
မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက်ရုန်းကန်ကာ ပြန့်ထွက်၍ မြေငလျင်လှုပ်ခတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံးငလျင်ကြောကြီးတစ်ခု ဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်- တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများဖြစ်သည်။ ငလျင်ပြတ်ရွေ့ အသေး ၄၀ ခန့်ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွွေးခံစားနိုင်ပေသည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိကမြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။









