၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် အပျော်တမ်းကလပ်အသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် အပျော်တမ်းကလပ်အသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်
Photos : General Aung San Shield Facebook
Photos : General Aung San Shield Facebook
Published 17 December 2019

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် အပျော်တမ်းကလပ်အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရှုံးထွက်ပြိုင်ပွဲကို MNL နှင့် MNL-2 တို့မှ ကလပ်အသင်းများဖြင့်သာ ကျင်းပခဲ့ပြီး လာမည့်ရာသီမှစတင်ကာ အပျော်တမ်းအသင်းများ ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အပျော်တမ်းအသင်းများသည် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်းများအတိုင်း ပြည့်မီမှသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အပျော်တမ်းအသင်းများသည် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက ရှုံးထွက်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း လာမည့်နှစ်မှသာ ပထမဆုံးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

''လာမယ့်ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲမှာ အပျော်တမ်းအသင်းတွေကို ယှဉ်ပြိုင်ခွင့်ပြုမှာဖြစ်ပါတယ်။ စုစုပေါင်း(၅)သင်း ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး သူတို့ကျင်းပနေတဲ့ အပျော်တမ်းလိဂ်ပြိုင်ပွဲတွေကနေ သတ်မှတ်ထားတဲ့ အဆင့်ရတဲ့အသင်းတွေ ယှဉ်ပြိုင်ခွင့်ရမှာပါ။ သူတို့က ပထမအဆင့်ကနေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစည်းအဝေး ပြုလုပ်ဖို့ရှိပါတယ်။ လောလောဆယ်အနေအထားအရ ပထမအဆင့် မှာ အပျော်တမ်း(၅)သင်းနဲ့ MNL-2 ကလပ်အသင်းတွေ ယှဉ်ပြိုင် ရမှာပါ။ ဒုတိယအဆင့်မှာ MNL ကလပ်အသင်းတွေ ပါဝင်လာမှာ ဖြစ်ပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းကိုတော့ ကွာတားဖိုင်နယ်အဆင့်ကပဲ ပေးကစားဖို့များပါတယ်။ ဒါပေမဲ့ ရှုံးထွက်ပြိုင်ပွဲအတွက်ပြုလုပ်မယ့် အစည်းအဝေးမှ အတည်ပြုမှာပါ။ ကျွန်တော်တို့က အပျော်တမ်းအသင်းတွေကို ယှဉ်ပြိုင်ခွင့်ပြုပေမဲ့ ပြိုင်ပွဲစည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ဖို့၊ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဖို့တော့လိုပါတယ်။ အပျော်တမ်းအသင်းတွေကနေ ထူးချွန်တဲ့ကစားသမားတွေ ထွက်ပေါ်လာနိုင်တဲ့အပြင် သူတို့အတွက် ရည်မှန်းချက်တွေရှိလာအောင်လည်း ယှဉ်ပြိုင်ခွင့်ပြုခဲ့တာပါ''ဟု MNL CEO ဦးစိုးမိုးကျော်က Eleven Sports သို့ ပြောကြားခဲ့သည်။

၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဧပြီ (၈)ရက် မှ စက်တင်ဘာ (၃၀) ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ပထမအဆင့်ပွဲစဉ် များကို ဧပြီတွင် စတင်ကျင်းပမည်ဖြစ်သည်။