အကယ်ဒမီလွင်မိုးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီလွင်မိုးနှင့် တွေ့ဆုံခြင်း
Published 17 December 2019
လင်းလင်းခိုင်

 

တစ်နှစ်တာလုံးတွင် ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားများထဲမှ စိစစ်ရွေးချယ်ကာ အကောင်းဆုံးဟုသတ်မှတ်၍ ဆုချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပေးပွဲအတွက် စိစစ်အကဲဖြတ်မှုများအား ပြုလုပ်နေပြီဖြစ်သည်။ ယခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေးအကဲဖြတ်အဖွဲ့တွင် ၀ါရင့်သက်ကြီးပညာရှင်များသာမက လူငယ်များ၏ ဖန်တီးမှုများအပေါ် သုံးသပ်အကဲဖြတ်နိုင်မည့် လူလတ်ပိုင်း ၀ါရင့်အနုပညာရှင်များလည်း ပါဝင်လျက်ရှိသည်။ အကယ်ဒမီစိစစ်အကဲဖြတ်မှုများတွင် ပါဝင်လျက်ရှိကာ ပရိသတ်များ၏ဆန္ဒနှင့် ထပ်တူကျနိုင်မည့်ဆုများ ရွေးချယ်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသူ သရုပ်ဆောင်အကယ်ဒမီလွင်မိုးနှင့်တွေ့ဆုံ၍ အကယ်ဒမီစိစစ်အကဲဖြတ်မှု အတွေ့အကြုံများ၊ မြေးဖြစ်သူ Liam လေး သြစတြေးလျသို့ ခေတ္တလိုက်သွားမည့်အတွက် ခံစားရမှုများအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - အကယ်ဒမီစိစစ်အကဲဖြတ်အဖွဲ့မှာ ပါဝင်အကဲဖြတ်ဖြစ်တဲ့ အကြောင်းပြောပေးပါဦး။

ဖြေ - ပြီးခဲ့တဲ့နှစ်က အကယ်ဒမီအတွက် ဆူဆူပူပူလေးတွေ ဖြစ်ခဲ့တာရှိတယ်။ ပြီးတော့ ကျွန်တော်တို့လည်း အကယ်ဒမီအတွက် ၀ိုင်းပြီးကူညီပေးသင့်တယ်လေ။ ဒါကြောင့် အကယ်ဒမီစိစစ် အကဲဖြတ်အဖွဲ့မှာ ၀ိုင်းပြီးကူညီဖြစ်တာပါ။

မေး - လူလတ်ပိုင်းအနုပညာရှင်တွေထဲက ပါဝင်ဖြစ်တယ်ဆိုတော့ ကိုလွင်မိုးနဲ့ တခြားဘယ်သူတွေ ပါဝင်ပေးနေလဲ။

ဖြေ - ကိုရန်လေးရယ်၊ ကျွန်တော်ရယ်၊ ကိုကျော်ညွန့်တို့ ကင်မရာပိုင်းကလည်း ပါတယ်။ လူလတ်ပိုင်းတွေ ပါကြပါတယ်။

မေး - အခုနှစ် စိစစ်ရွေးချယ်မှုအပိုင်းမှာ ပြောင်းလဲမှုတွေပါလာမယ့် သဘောပေါ့။

ဖြေ - ပြောင်းလဲရမှာပါ။ ကျွန်တော်တို့တောင်မှ အခုခေတ်နောက်ပိုင်း ပြောင်းလဲလာတဲ့ ဖန်တီးမှုတွေ၊ ဒိုင်ယာလော့ခ်တွေ၊ စကားလုံးတွေ သိပ်နားမလည်တာမျိုးတွေရှိတယ်။ အများကြီးလိုက်မီအောင် ကြိုးစားရတယ်။ နောက်ဆိုရင် ကျွန်တော်တို့ထက်ငယ်တဲ့သူတွေပါ အကယ်ဒမီစိစစ်ရာမှာ ပါသင့်တယ်လို့ ထင်ပါတယ်။

မေး - စည်းမျဉ်းရွေးချယ်မှုတွေနဲ့ ပတ်သက်ရင်ရော။

ဖြေ - ကျွန်တော်ကတော့ အဓိကသရုပ်ဆောင်အလွှာ ခေါင်းဆောင်အနေနဲ့ ပါရတာပေါ့။ ပြီးတော့ တခြားအလွှာတွေ ဥပမာ-ဇာတ်ညွှန်းတို့၊ ကင်မရာတွေမှာလည်း မဲပေးပိုင်ခွင့်ရှိပါတယ်။ မဲပုံစံတွေလည်း ပြောင်းထားပါတယ်။ အလွှာအလိုက် ရွေးထားတဲ့မဲတွေကို အနီးကပ်ဆုံး အများဆုံးဖြစ်အောင်ယူပြီး ပံ့ပိုးထားတဲ့ပုံစံမျိုး လုပ်ထားတာပါ။ ခေါင်းဆောင်တွေကတော့ ငါးမဲစီ ပေးရတဲ့ ပုံစံမျိုးလုပ်ထားပါတယ်။ အဓိကတော့ ခေတ်ကာလနဲ့ကိုက်ညီတဲ့ ရွေးချယ်မှုမျိုးဖြစ်အောင် ကြိုးစားသွားပါမယ်။

မေး - ပရိသတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျမယ့် နှစ်တစ်နှစ်လို့ရော ပြောလို့ရမလား။

ဖြေ - ပရိသတ်စိတ်တိုင်းကျတယ်ဆိုတာ အနီးစပ်ဆုံးပေါ့နော် တစ်ထပ်တည်းကျအောင် ကြိုးစားသွားပါမယ်။ သူတို့မျှော်လင့်ထားသူနဲ့ ကိုယ်ရွေးချယ်ပေးတဲ့သူ တစ်ထပ်တည်းကျသွားရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ကတော့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ အနီးစပ်ဆုံး ပရိသတ်တွေရဲ့ဆန္ဒနဲ့ ထပ်တူကျအောင် ကြိုးစားသွားပါမယ်။

မေး -လောလောဆယ် စိစစ်အကဲဖြတ်နေတဲ့ပုံစံဆိုရင်ရော။

ဖြေ -လောလောဆယ်ကတော့ ဆန်ခါတင်ဇာတ်ကားအဖြစ် ရွေးချယ် သင့် မသင့် သိနိုင်ဖို့အတွက် တစ်ရက်ကိုနှစ်ကားနှုန်းနဲ့ ဇာတ်ကားအားလုံးကို ကြည့်ရတယ်။ ဆန်ခါတင်အဖြစ် ရွေးပြီးရင်တော့ အလွှာအလိုက်က တစ်ရက်ကို တစ်ကားနှုန်းကြည့်ရမှာပေါ့။ ပြီးတော့မှပြန်လည်သုံးသပ်ချက်အနေနဲ့ ထပ်ဖန်တလဲလဲကြည့်ရမယ်။ အဲဒီမှာ အထူးဆုတွေပါလာမယ်။ အကဲဖြတ်အဖွဲ့တွေက ပြန်လည်ကြည့်ရှု အကဲဖြတ်မယ်ဆိုလည်း ပြန်ကြည့်ရမှာပေါ့။ တစ်ကားကို လေးခါလောက် ကြည့်ရမယ့်သဘောရှိပါတယ်။

မေး - ဒီနှစ်မှာ ဇာတ်ကားအရေအတွက် စံချိန်တင်များတော့ အကဲဖြတ်ရတဲ့အပိုင်းမှာ ပိုပြီးခက် ခဲမယ်လို့ ပြောရမလား။

ဖြေ - ဇာတ်ကားအရေအတွက်များသလို ကားကောင်းတွေလည်း များပါတယ်။ အင်တိုက်အားတိုက် လုပ်ထားတာလည်း တွေ့တယ်။ ငွေကြေးအရ မအောင်မြင်ပေမယ့် ဇာတ်ကားကောင်းတာတွေ တွေ့ရတယ်။ အဲဒါလေးတွေလည်း သေချာစိစစ်အကဲဖြတ်နေပါတယ်။

မေး - အကယ်ဒမီအတွက် ပရိသတ်တွေကို ကြိုတင်ပြောချင်တာများရှိမလား။

ဖြေ - ဒီနှစ်ကတော့ အဓိကရွေးချယ်တဲ့ပုံစံတွေ၊ မဲပေးတဲ့ပုံစံတွေရဲ့ အဓိကအဖြေက ခမ်းခမ်းနားနား၊ ဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ပြီး ပရိသတ်နဲ့ထပ်တူကျသွားဖို့က အရေးကြီးပါတယ်။ အဲဒီလိုဖြစ်အောင် ၀ိုင်းဝန်းကြိုးစားရမှာပါ။

မေး - Liam လေးက သြစတြေးလျကို အလည်လိုက်သွားမယ့်အကြောင်းလည်း ပြောပေးပါဦး။

ဖြေ - သမီးငယ်ရော သမီးကြီးပါ ကျောင်းသွားတက်မှာဖြစ်သလို သူတို့အမေလည်း ပါသွားမှာဆိုတော့ သူလည်းလိုက်သွားမှာပေါ့။ သုံးလလောက်တော့ ခွဲရမယ့်သဘောရှိပါတယ်။

မေး - ကိုလွင်မိုးတော့ လွမ်းနေတော့မှာပဲ။

ဖြေ - ဟုတ်တယ်။ အခုတောင်မှခရီးကြာကြာ မသွားနိုင်ဘူး။ လေးငါးရက်ဆို သူ့ကိုလွမ်းလို့ ပြန်ပြန်လာနေရတယ်။

မေး - မိသားစုခရီးလေးရော သွားဖို့ရှိမလား။

ဖြေ - ဘန်ကောက်သွားဖို့လည်း ရှိတယ်။ ပြည်တွင်းခရီးလည်းသွားဖို့ရှိတယ်။ ခရီးက အိုကေသွားပါတယ်။

မေး - သူ့အတွက်ခံစားမှုဆိုရင်ရော။

ဖြေ - ကျွန်တော်အသက် ၂၈ နှစ်အရွယ်မှာ ခေးခေးလေးကိုမွေးခဲ့တာနဲ့ ၅၀  အရွယ်မှာ မြေးရတာကမတူဘူးဗျ။ သားအချစ်မြေးအနှစ်လို့လည်း ဆိုကြတာပေါ့။ အသက်အရွယ် ကြီးလာတာနဲ့အမျှ သံယောဇဉ်တွေ ပိုများလာတယ်။ မေတ္တာတရားတွေ ပိုကြီးလာတယ်။ ကလေးဆိုလည်း ကိုယ့်မြေးမှမဟုတ်ဘူး။ ကိုယ့်မြေးအရွယ် ကလေးတွေတွေ့ရင်လည်း ချစ်တဲ့စိတ်ဖြစ်လာတယ်။ Liam လေးက ချစ်စရာကောင်းပါတယ်။ ချစ်စရာကောင်းအောင်လည်း နေတတ်တယ်။

 

 

Most Read

Most Recent