မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အဲဗာတန်အသင်းဘက်သို့ ပေးလိုက်ရသည့်ဂိုးမှာ ပြစ်ဒဏ်ဘောရသင့်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အဆိုပါဂိုးမှာ အဲဗာတန်နောက်ခံလူ ဘိန်းစ်ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ဒီဟေးယားက ထွက်ပုတ်ရာတွင် အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်မှာ ဖိတိုက်သကဲ့သို့ဖြစ်ခဲ့ပြီး ဘောလုံးကျော်အသွားတွင် မန်ယူအသင်းမှ လင်ဒီလော့ဖ်နှင့်ထိကာ ဂိုးဝင်သွားခြင်းဖြစ်သည်။
''ကျွန်တော်တို့အသင်း (၃)မှတ်မရခဲ့လို့ စိတ်ပျက်မိပါတယ်။ အသင်းကတော့ အနိုင်နဲ့အဆုံးသတ်နိုင်လောက်တဲ့ပုံစံမျိုး မရှိခဲ့ဘူး။ သူတို့ကို ခံစစ်မှာပဲ အချိန်ကုန်စေခဲ့တယ်။ ဘယ်အသင်းမဆို ဒီလိုအခြေအနေမျိုးမှာ အနိုင်ရနိုင်ခြေရှိပါတယ်။ ပထမပိုင်းအပြီးမှာ စိတ်ပျက်စရာအနေအထားကနေ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့တယ်။ ဒီလို Set Play တွေကနေ ဂိုးမပေးရသင့်ပါတယ်။ ဒါက ပြစ်ဒဏ်ဘောပါ။ ကျွန်တော် စောဒကတက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့လက်မောင်းတွေက ဒီဟေးယားပခုံးပေါ်ကျော်ပြီး ခုန်တိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်'' ဟု ဆိုးလ်ရှားက Sky Sports ရုပ်သံသို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသို့ ရောက်ရှိရန်နီးစပ်နေသည့် ဟာလန်းမှာ သူ၏အနာဂတ်ကို ဆုံးဖြတ်ပြီးဖြစ်ကြောင်းလည်း ဆိုးလ်ရှားက အတည်ပြုခဲ့သည်။
ဆိုးလ်ရှားနှင့် ဟာလန်းမှာ နော်ဝေကလပ် မိုလ်ဒီအသင်းတွင် ဆုံတွေ့ခဲ့ကြပြီး ဟာလန်း၏အနာဂတ်အတွက် အကြံပေးခဲ့သလားဟု မေးမြန်းမှုကို ဆိုးလ်ရှားက အခြားအသင်းမှကစားသမားများကို မည်သည့်အခါမျှ အကြံပေးလေ့မရှိဟု တုံ့ပြန်ခဲ့သည်။
ဟာလန်းသည် ယခုရာသီ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ၂၂ ပွဲကစားရာတွင် ၂၈ ဂိုးအထိ သွင်းယူပေးထားကြောင်း သိရသည်။