ပလက်ဝ သောက . . .

ပလက်ဝ သောက . . .
ပလက်ဝမြို့ကို အမြင့်တစ်နေရာမှ တွေ့ရစဉ်
ပလက်ဝမြို့ကို အမြင့်တစ်နေရာမှ တွေ့ရစဉ်
Published 15 December 2019
ကိုဆူး (ချင်းတောင်ခြေ)

ချင်းပြည်နယ်  ပလက်ဝမြို့မှာ နေထိုင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာ အခုဆိုရင် တစ်လကျော်ရှိခဲ့ပါပြီ။ ယခုအချိန်အထိလည်း ဘာသတင်းမျှ မကြားရတော့ မိသားစုတွေ အနေနဲ့လည်း တော်တော်လေးကို စိုးရိမ်နေကြပါတယ်။ AA လက်နက်ကိုင် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဦးဝှေ့တင်းဟာ ကျန်းကျန်းမာမာ ရှိတယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။ 

“ကျွန်မတို့က ဘယ်လိုလုပ်ပေးစေချင်တယ် ဆိုတာမျိုးတော့ မပြောတတ်ဘူး။ အမြန်ဆုံးလွှတ်ပေးဖို့ ကူညီကြပါ။ အဲဒါပဲ အဓိက ပြောချင်ပါတယ်။ အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒရှိပါတယ်။ လူကြီးမင်းတွေကို ပြောချင်တာက ပလက်ဝမြို့နယ်မှာ ဦးခိုင်သုခ ဖြေကြားချက်နဲ့ ကြည့်ရမယ်ဆိုရင် ပလက်ဝမြို့နယ်မှာ သူ့ကို ( ဦးဝှေ့တင်း ) လွှတ်ပေးဖို့က ပလက်ဝဒေသခံတွေရဲ့ လုံခြုံရေးလို့ ဖြေထားပါတယ်။ သူတို့အတတ်နိုင်ဆုံး ပလက်ဝမြို့နယ်မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေရော၊ တခြားလူမျိုးတွေရော၊ ရခိုင်လူမျိုးတွေရော အကုန်လုံး စည်းစည်းလုံးလုံး ပြန်ဖြစ်အောင် ဘာမှပြဿနာ မဖြစ်အောင်၊ အထင်လွဲမှားမှုတွေ မဖြစ်အောင်လို့ ဦးဝှေ့တင်းကို လွှတ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်” လို့ ဦးဝှေ့တင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က ပြောကြားခဲ့ပါတယ်။

“လက်ရှိ ပလက်ဝအခြေအနေက မကောင်းဘူး။ AA နဲ့ တပ်မတော်ကြားမှာ နှစ်ဖက် ကြားညပ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် အရပ်သား မလုံခြုံမှုတွေက ပိုပိုများလာတယ်။ တောမဝဆိုတဲ့ ကျွန်တော့်ရွာဘက်မှာ တစ်ခါမှ မကြုံဖူးဘူး။ အရပ်သား သုံးယောက်က လက်နက်ကြီး ကျည်ဆန်အစထိပြီး ပလက်ဝဆေးရုံမှာ တက်ရတာရှိတယ်။ အရင်က အရပ်သားကို ထိခိုက်တာမရှိဘူး။ ဒီလိုတွေဖြစ်လာတော့ နံပါတ် (၁) သွားရေးလာရေး ခက်လာတယ်။ တောင်ယာသွားတဲ့ကိစ္စကအစ စားဝတ်နေရေး သွားရတဲ့ ကိစ္စအထိ ခက်လာတယ်။ တပ်ကလည်း လက်နက်ကြီးတွေကို သုံးလာတာဖြစ်လို့ ကျည်ဆန်ဆိုတာ မျက်စိပါတာမှ မဟုတ်တာ။ သွားရေးလာရေး ခက်လာတယ်။ စားဝတ်နေရေး လုပ်ကိုင်စားသောက်ဖို့ ခက်လာတယ်” လို့ ယခင် ချင်းပြည်နယ် အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီး အခြားမြို့တွေနဲ့ အလှမ်းဝေးလွန်း လှပါတယ်။ ပလက်ဝမြို့ကို သွားမယ်ဆိုရင် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်မြို့တို့မှတစ်ဆင့်  ကုန်းလမ်းနဲ့သော် လည်းကောင်း၊ ကုလားတန်မြစ်အတိုင်း သော်လည်းကောင်း သွားလာကြရတာပါ။  အဲဒီဒေသမှာ၂၀၁၅ ကတည်းက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေမှာတော့ တိုက်ပွဲတွေဟာ ပလက်ဝမြို့နယ် အတွင်းမှာ ခပ်စိပ်စိပ် ဖြစ်ပွားလာတာကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေက ပိုမိုမြင့်မားနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ ဒေသခံတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာတွေရှိခဲ့ပြီး တချို့မှာလည်း ယနေ့အချိန်အထိ ဘယ်ဆီဘယ်ဝယ် ရောက်နေသလဲဆိုတာ မှန်းဆလို့ မရနိုင်သေးတဲ့ အနေအထားပါ။

ဒီအထဲမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အဖမ်းခံခဲ့ရတဲ့ သတင်းက ပိုမိုလူသိများခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

“ပလက်ဝဒေသမှာ လက်ရှိအချိန်မှာ သောကအကြီးဆုံးက ဦးဝှေ့တင်း အပါအဝင် အဖမ်းဆီးခံ ချင်းတိုင်းရင်းသားတွေ မထွက်လာနိုင်တဲ့ကိစ္စက ကျွန်တော်တို့အတွက် အိပ်မဝင် စားမပျော်တဲ့ ကိစ္စပဲ။ ဦးဝှေ့တင်း အဖမ်းခံရတဲ့ ကိစ္စက သင်္ကေတဖြစ်တယ်။ ဦးဝှေ့တင်းလို လူမျိုးတောင် အဖမ်းခံထားရတယ် ဆိုတဲ့အနေအထားက ကျန်တဲ့သူတွေဆိုရင် မလုံခြုံတော့ဘူး ဆိုတာကို ပြနေတယ်။ အချိန်မရွေး ကြက်ကလေး ငှက်ကလေးလို ဖမ်းလို့ရတယ်ဆိုတာ ဖြစ်တယ်။ ဦးဝှေ့တင်းကို ကျွန်တော်တို့ ပြောနေရတာက ဦးဝှေ့တင်းသည် သင်္ကေတ ဖြစ်လာတယ်။ အဖမ်းဆီးခံ မလုံခြုံမှုရဲ့သင်္ကေတဖြစ်တယ်။ ဦးဝှေ့တင်း အမြန်ဆုံး လွတ်မြောက်အောင် လုပ်နိုင်မှသာလျှင် အရပ်သားတွေရဲ့ လုံခြုံမှု ရှိတယ်ဆိုတာ ပြနိုင်မယ်။ အဲဒါဟာ  တကယ့်စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တယ်။ ကျွန်တော်တို့သောက။ ဒါက အကြီးဆုံးပဲ။ နောက်တစ်ခုက ဒေသစားဝတ်နေရေး၊ သွားရေးလာရေးပေါ့။ ဒေသဖွံ့ဖြိုးရေးဆိုတာ အများကြီး နောက်ကို ရောက်သွားပြီ” လို့ ပလက်ဝဒေသခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ  ၃ ရက်က ချင်းပြည်နယ် ပလက်ဝမြို့ကနေ စစ်တွေမြို့သို့ စက်လှေနှစ်စင်းနဲ့ ထွက်ခွာလာစဉ် ကျောက်တန်းရွာ အရောက်မှာ ဦးဝှေ့တင်းနဲ့အတူ အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန် နှစ်ဦးနဲ့ စက်လှေမောင်းသူ နှစ်ဦးကို AA လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကျန်ကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်းကိုတော့ ဆက်လက် ဖမ်းဆီးထားခဲ့ပါတယ်။ ဦးဝှေ့တင်းကို ပြန်လည် လွှတ်ပေးဖို့အတွက် NLD ပါတီနဲ့ ချင်းအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ယနေ့အချိန် ( တစ်လနီးပါးရှိသည်အထိ) ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့ နယ် အတွင်းမှာ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်က အခုလို ပြောပြထားပါတယ်။

“AA လက်နက်ကိုင်တွေ ပလက်ဝဒေသမှာ စတင်အခြေချခဲ့တာကတော့ ၂၀၁၅-၂၀၁၆ ခုနှစ် လောက်မှာ AA အဖွဲ့တွေ နယ်စပ်မှာ စတင်လှုပ်ရှားခဲ့တယ်။ အဲဒီလို ယာယီအခြေချတာကနေ အခုဆို မထွက်တော့တဲ့ပုံစံ ဖြစ်သွားတာပေါ့။ ပလက်ဝ တစ်နယ်လုံးကိုလာပြီး ဒုက္ခပေးသလို ဖြစ်နေတယ်။ AA တွေအနေနဲ့ သူတို့ဘာသာသူတို့ စစ်ရေးအခြေအနေ တော်လှန်ရေး လုပ်တာက တစ်ပိုင်းပေါ့။ အခုနောက်ပိုင်းကျတော့ AA လက်နက်ကိုင် လုပ်ရပ်တွေက နယ်မြေလူထုကို တော်တော်လေး ဒုက္ခပေးတဲ့ပုံစံ ဖြစ်နေတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေကလည်း တောက်လျှောက်ဖြစ်နေတယ်။ ပလက်ဝ အထက်ပိုင်း၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ပြည်သူတွေ ထွက်ပြေးနေရတယ်။ အိုးအိမ်တွေလည်း ပျက်စီးပြီး တော်တော်လေး ဒုက္ခရောက်နေကြရပြီ ဖြစ်တယ်” လို့ ပြည်နယ်ဝန်ကြီး ဦးစိုးထက်က သုံးသပ်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသရဲ့ လက်ရှိအခြေအနေကို ဒေသခံတစ်ဦးအား မေးမြန်းကြည့်တော့      “လက်ရှိအခြေအနေမှာ ပလက်ဝဘက်မှာ တိုက်ပွဲတော့ ချနေတယ်။ တစ်နေ့လုံး တစ်ညလုံး လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ပလက်ဝမြို့ရဲ့ မြောက်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ အိန္ဒိယနယ်စပ် တစ်လျှောက်မှာ ဖြစ်တာများတယ်။ နောက်ပိုင်းမှ အတွင်းပိုင်းကို ဝင်လာတယ်။ အတွင်းပိုင်း ဝင်လာတော့ ကျောက်တော်နဲ့ နယ်စပ်ဘက်မှာ ရောက်လာတယ်။ စစ်ဘေးရှောင်က ၆၀၀၀ ကျော်ပြီ။ ပလက်ဝမြို့နယ် အတွင်းမှာ ရွာပျက်တာက ၁၀ ရွာလောက်ရှိပြီ။ စစ်ဘေးရှောင်က ကမ့်ထဲမှာနေတဲ့ အိမ်ခြေက နည်းပါးတယ်။ နီးစပ်ရာ ကိုယ့်ဆွေမျိုးတွေရှိတဲ့ ရွာတွေမှာပဲ ပြောင်းပြီးနေကြတယ်။ ရုတ်တရက် ကြည့်ရင်တော့ စစ်ဘေးရှောင် နည်းတယ်လို့ ထင်ရတာပေါ့။ ကမ့်နဲ့နေတာက အိမ်ခြေ ၄၊ ၅၊ ၆၀ လောက် ပဲရှိမယ်” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာ ကြာရှည်လာခဲ့တော့ ချင်းပြည်နယ်က ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပိုများလာပါတယ်။

“အခု ကျွန်တော်တို့ အဓိက စိတ်ပူတာက စစ်ပွဲဟာ တအားရှည်သွားမှာကိုပဲ စိတ်ပူတယ်။ ကျွန်တော်တို့ဘက်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ဘေးရှောင်နေရတဲ့ သူတွေထက် တိုက်ပွဲကြောင့် လုပ်စားကိုင်စား ပျက်တာက တစ်နယ်လုံး ဖြစ်နေတာ။ ပလက်ဝမြို့နယ်မှာ လူဦးရေက တစ်သိန်းကျော်နေတယ်။ အဲဒီ တစ်သိန်းကျော်စလုံး ခံရတာပဲ။ ပလက်ဝနယ်မှာရှိတဲ့ ချင်းတွေတင် မဟုတ်ဘူး။ ရခိုင်တွေလည်း ခံကြရတာပဲ။  နောက်ပြီး တောတွေ တောင်တွေ မှီခိုပြီး လုပ်ကိုင်စားသောက်တဲ့သူ များတာကိုး” လို့ ခူမီး ချင်းမျိုးနွယ် စုများရေးရာ ပေါင်းစပ်ညှိနှိုင်းမှု ကောင်စီ (KACC) မှ ဆရာ ဦးစောမြက ပြောပြပါတယ်။

ပလက်ဝဒေသမှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့်  ဒီဒေသမှာရှိတဲ့ လူတိုင်းဆီမှာ ပူပင်သောကတွေနဲ့ပဲ နေထိုင်နေကြရတာပါ။ အဓိက ပိုပြီးစိုးရိမ်ကြတာက ဒေသခံတွေ ဖြစ်ပါတယ်။ ပလက်ဝဒေသမှာ နေထိုင်တဲ့ ဒေသခံတွေ တော်တော်များများက တောင်ယာကိုသာ အဓိကအားထား လုပ်ကိုင်စားသောက်ကြတဲ့သူတွေ ဖြစ်ပါတယ်။             

“ပလက်ဝမှာ အများစုက တောင်ယာလုပ်တာ များတာကိုး။ တောင်ယာကို အေးအေးချမ်းချမ်း လုပ်တာတောင် တစ်နှစ်စာ မဖူလုံချင်ဘူးလေ။ ဆောင်းရောက်တဲ့အခါ ဆောင်းသီးနှံတစ်ခု လုပ်တာရှိတော့ ကာမိတာပေါ့။ အခုဟာက တောင်ယာလည်း မရဘူး။ ဆောင်းသီးနှံလည်း လုပ်ဖို့ အဆင်မပြေဘူးဆိုရင် တော်တော်ဒုက္ခ ရောက်နေပါပြီ။ အခုကို အဆင်မပြေတော့ဘူး။ မလေးရှားကို အောက်လမ်းက သွားတဲ့သူတွေ တော်တော်များနေပြီ။ တရုတ်ဘက်ကို သွားတဲ့သူတွေလည်း တော်တော်များနေပြီ။ အဲဒီဆိုးကျိုးတွေ ခံစားရနေပြီ။ ဒေသခံတွေက တိုက်ပွဲတွေ ရပ်ပေးဖို့ကိုပဲ မျှော်လင့်တာပေါ့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီလေ။ လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူး။ အခုဆို AA ကလည်း စကိုက်တို့၊ ဗိုက်ဘာတို့၊ အီးမေးတို့နဲ့ ကြေညာချက်တွေထုတ်ပြီး သွားလာရင် သူတို့ကို အကြောင်းကြားဆိုတော့ ရိုးရိုး တောသူတောင်သားတွေက ဘယ်လိုလုပ် အကြောင်းကြားနိုင်မှာတုံး။ အဲဒါတွေလည်း သွားသာသွားလာ နေရတာ ကြောက်လန့်နေရတယ်” လို့ ပလက်ဝဒေသခံ တစ်ဦးက ရှင်းပြပါတယ်။

စစ်ပွဲတွေ ဖြစ်ပြီဆိုရင်တော့ ဘယ်လိုအကြောင်းအရာနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ပဲဖြစ်ဖြစ် စစ်ပွဲတွေဖြစ်တဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေက စစ်ပွဲတွေရဲ့ဒဏ်၊ စစ်ပွဲတွေကပေးတဲ့ ဒုက္ခတွေကို အရင်ဆုံး ခံစားကြရတာပါပဲ။ နယ်မြေအေးချမ်းတဲ့ ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးဆိုတာ ပြောဆိုနေကြပေမယ့် စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက်တော့ ဘယ်အချိန် အသက်အန္တရာယ်ကို ရင်ဆိုင်ရမလဲဆိုတာ အမြဲတွေးပူပြီး ကြောက်ရွံ့တဲ့စိတ်နဲ့ နေထိုင်ကြရတာပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကုလားတန်မြစ်ကြောင်းမှာ သွားလာတဲ့ ခရီးသည်တင် စက်လှေတစ်စင်းဟာ ခရီးသည်တွေနဲ့အတူ ပျောက်သွားခဲ့လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပျောက်ဆုံးသွားခဲ့ပြီး နောက်ရက်မနက်မှာ ပြန်တွေ့ကြရလို့ အားလုံးဝမ်းသာကြရတာပါ။ သို့ပေမဲ့ အဲဒီအရင်က ပျောက်ဆုံးသွားတဲ့ လူတချို့ဟာ မည်သည့် အကြောင်းအရာဆိုတာ မပြောဆိုနိုင်ကြပဲ ကိုယ့်ဒေသကနေ ပျောက်သွားခဲ့ကြတာ ယနေ့အချိန်အထိ အိမ်ကို ပြန်ရောက်မလာတဲ့သူတွေ အများအပြား ရှိနေပါသေးတယ်။ စစ်ပွဲကပေးတဲ့ ဒုက္ခတွေကြောင့် မခြောက်ခမ်းနိုင်သေးတဲ့ မျက်ရည်တွေဟာ မြစ်တစ်စင်းစာလောက်များ ရှိနေမလား မသိပါဘူး။ စစ်ပွဲတွေ ဖြစ်လာတော့ သွားလာရေးတွေ ကန့်သတ်ခံလာရတယ်။ သွားစရာ လာစရာ အရေးကိစ္စ ခပ်ကြီးကြီးမရှိဘဲ ကိုယ့်အိမ်ကနေ မခွာချင်ကြတော့ဘူး။ ပြောရရင် သွားရေး လာရေးတွေ ခက်ခဲလာတယ်။

သွားလာရေး ခက်ခဲလာတော့ ကုန်စည်ပို့ဆောင်ရေးတွေကိုပါ နှောင့်နှေးကုန်ပါပြီ။ သွားလာရေး ခက်ပြီဆိုရင် ကျန်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခန်းကဏ္ဍတွေမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်လာပါပြီ ။

“ကျွန်တော်တို့ အမြဲတမ်း ပြောနေတာကတော့ ပလက်ဝက ကြားခံမြေစာပင် ဖြစ်နေတယ်။ ချင်းတွေ သူပုန်ထလို့၊ ကိုယ်သူပုန်ထလို့ ကိုယ်ခံရတယ်ဆိုရင် လက်ခံနားလည်လို့ရတယ်။ အခုဟာက ကိုယ်သူပုန်မထဘဲ ကြားညပ်ပြီးတော့ ရှိသမျှ အိပ်မက်လေးတွေ စုထားဆောင်းထားတာတွေ အကုန်လုံး ပြုတ်ပြုတ်ပြုန်း ကုန်ပြီးတော့ နောက်ထပ်အိပ်မက်တောင် မမက်ရဲတဲ့အဆင့် ဖြစ်သွားတယ်ဆိုတော့ တော်တော်ဆိုးတယ်။ တကယ့်လူသားချင်း စာနာတယ်။ တော်လှန်ရေးသစ္စာ ရှိတယ်ဆိုရင် ပလက်ဝ ပြည်သူတွေကိုတော့ ဒုက္ခမပေးသင့်ဘူး” လို့ ဆလိုင်းအိုက်ဇက်ခင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ပလက်ဝဒေသခံတွေ တောင့်တနေတာကတော့ သူတို့ဒေသမှာ စစ်မက်ဖြစ်ပွားနေတာ ရပ်တန့်ဖို့ပါ။ စစ်ပွဲတွေရှိနေသရွေ့ တစ်ဦးနဲ့ တစ်ဦး မသင်္ကာမှုတွေ၊ အမုန်းပွားမှုတွေ၊ သံသယတွေ၊ နာကြည်းစိတ်တွေ၊ ပူလောင်မှုတွေက တစ်ဦးချင်း အပေါ်မှာ ရှိနေကြမှာပါ။ အေးအေးချမ်းချမ်းနဲ့ နေထိုင်ခဲ့တဲ့ အစဉ်အလာရှိတဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ ပြန်လည်အေးချမ်းဖို့ ငြိမ်းချမ်းဖို့ ပလက်ဝပြည်သူတွေရဲ့ မျှော်လင့်ချက် အိပ်မက်တစ်ခုလို ဖြစ်နေပါပြီ။ ပျောက်ဆုံးသူတွေရဲ့ အိမ်အပြန်ကို မျှော်လင့်နေကြတဲ့ သူတွေကလည်း မျှော်လင့်နေကြဆဲပါ။

မည်သို့ အကြောင်းပြချက်နှင့် ဖြစ်တဲ့ စစ်ပွဲတွေဖြစ်ပါစေ ဒုက္ခတွေ၊ သောကတွေ၊ ပူလောင်မှုတွေပဲ ပြည်သူတွေကို ပေးခဲ့တယ်ဆိုတာ ပလက်ဝဒေသခံတွေ နားလည်နေကြပါပြီ ။

ဟိုးအရင်တစ်ချိန်ကတည်းက ချင်းပြည်နယ် ပလက်ဝဒေသ အတွင်းမှာ နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေဟာ နှစ်စဉ်နှစ်တိုင်း တောင်ယာစိုက်ပျိုးလို့ ရလာတဲ့ သီးနှံလေးတွေနဲ့ ကိုယ့်ဘဝ စားဝတ်နေရေးနဲ့ တိုးတက်ရေးကို ရှေးရှုပြီး မျှော်လင့်ချက်တွေထားကြရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ ပလက်ဝဒေသ အတွင်းက တိုက်ပွဲတွေကြောင့် နေ့စဉ်နေ့တိုင်း သောကမီးတွေနဲ့ ရှင်သန်နေကြရတာပေါ့။ ဒီလိုခံစားနေကြရတဲ့ ပလက်ဝဒေသက သောကတွေကို ဘယ်သူဖြေရှင်းပေးမှာလဲ။ စစ်ပွဲတွေကို ဖန်တီးခဲ့တာက ချင်းတိုင်းရင်းသားတွေမဟုတ်။ အစားအစာ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေပါ အကုန်ခက်ခဲ နေကြရတဲ့အပြင် စိတ်မှာလည်း သောကတွေ အပြည့်နဲ့။

ပလက်ဝဒေသရဲ့ သောကတွေကို မည်သည့်နည်းလမ်းဖြင့် ဖြေသိမ့်ပေးနိုင်မယ်ဆိုတာ မည်သူက ပြောပြနိုင်မည်နည်း။ မူလအတိုင်း ငြိမ်းချမ်းခဲ့တဲ့ ပလက်ဝဒေသအဖြစ် ပြန်လည်ရောက်ရှိဖို့ရာဆိုတာ မျှော်လင့်ချက်တစ်ခုအနေ ဖြင့်သာ .... ။

Most Read

Most Recent