မြေအောက်ရထားလက်မှတ်ခ တိုးမြှင့်မှုကို မကျေနပ်သဖြင့် ကျောင်းသားများက အောက်တိုဘာ ၈ ရက်တွင် ဆန္ဒပြရာမှ အစပြုခဲ့သော လူထုဆန္ဒပြပွဲကြီးသည် ယနေ့အချိန်ထိ ချီလီနိုင်ငံတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ချီလီအစိုးရ၏ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပင်စင်ခံစားခွင့်များ ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့သော လူထုဆန္ဒပြပွဲများလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ပြီးခဲ့သော နိုဝင်ဘာ ၁၂ ရက်တွင် လူထောင်ပေါင်းများစွာသည် ဆန်တီယာဂိုမြို့တော်တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့သည်။ ယင်းလူထုဆန္ဒပြပွဲသို့ နိုင်ငံတစ်ဝန်းမှ ပြည်သူများပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် အခြားမြို့များတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ စာသင်ကျောင်းများ ပိတ်ထားသလို အစိုးရရုံးများလည်း လုပ်ငန်းတာဝန်များ လျှော့ချထားသဖြင့် အားလပ်ရက်ကဲ့သို့ ဖြစ်နေခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှနေ၍ တစ်ခါတစ်ရံ အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများ တစ်လကြာမြင့်ချိန်တွင် ဆန္ဒပြသမားများ အဓိကတောင်းဆိုခဲ့သော စစ်အာဏာရှင်ခေတ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နေရာ အစားထိုးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဟု ချီလီအစိုးရက နိုဝင်ဘာ ၁၅ ရက်က ကြေညာခဲ့သည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်ဟောင်း သြဂတ်စတိုပီနိုချေး လက်ထက်တွင် ရေးဆွဲအတည်ပြုခ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် စတင်အာဏာသက်ဝင်ခဲ့သည်။ နောက်ပိုင်း နှစ်များစွာအတွင်း ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့သည်။
ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများကြား နာရီပေါင်းများစွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ၂၀၂၀ ပြည့် ဧပြီလတွင် လူထုဆန္ဒခံယူပွဲများ ကျင်းပရန် ချီလီ အမျိုးသားကွန်ဂရက်မှ ဥပဒေပြုအမတ်များက နိုဝင်ဘာ ၁၅ ရက်တွင် သဘောတူခဲ့သည်။ ချီလီနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကို အထက်တန်းလွှာ မိသားစုကသာ ချုပ်ကိုင်ထားသည်။ ပြည်သူများအနေဖြင့် လုပ်ခလစာ နည်းပါးမှု၊ ပညာရေးနှင့် ကျန်းမာရေးစရိတ် မြင့်မားမှု၊ ဆင်းရဲချမ်းသာကွာဟချက်ကြီးမားမှုတို့သည် ပြည်သူလူထု၏ အမျက်ဒေါသ ထွက်စေပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲအရှိန်သည် နှစ်လကျော်ကြာမြင့်ပေမယ့် ရပ်တန့်မသွားပေ။ ကျောင်းသား တစ်ဦးဖြစ်သူ ကက်တာလီနာဆန်တာနာသည် မြေအောက်မီးရထားဘူတာရုံရှိ ဆုံလည်ဂိတ်ပေါ်တက်ပြီး ဆန္ဒပြပွဲဆက်လုပ်ကြဖို့၊ လူထုဆန္ဒပြပွဲသည် ချီလီနိုင်ငံသမိုင်းကို ပြောင်းလဲဖို့ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုတုန်းကလည်း ကျောင်းသားများပါဝင်သည့် ဆန္ဒပြပွဲ နှစ်ကြိမ်ပေါ်ပေါက်ခဲ့ဖူးသည်။ ကျောင်းသားများ၏ တောင်းဆိုချက်ကြောင့် ချီလီအစိုးရအနေဖြင့် ပညာရေးမူဝါဒတွေ ပြောင်းလဲပေးခဲ့ဖူးသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ကြားစရိတ် လျှော့ချပေးခဲ့ဖူးသည်။ သို့သော် ပညာရေးပြုပြင် ပြောင်းလဲမှုတွေက ထိရောက်ခြင်းမရှိ။ ယခု တစ်ကြိမ်ဆန္ဒပြပွဲသည် အစိုးရအပေါ် ဖိအား များပေးနိုင်ပြီး ပြည်သူလူထုတောင်းဆိုချက်များကို အစိုးရက လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။
ချီလီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်သူများမှာ တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်းကျောင်းသားများ ဖြစ်ကြသည်။ ၂၀၀၆ တွင် တစ်ကြိမ်၊ ၂၀၀၈ တွင် တစ်ကြိမ် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး ကျောင်းသားများ တောင်းဆိုချက်တချို့ တစ်ဝက်ရခဲ့ကြောင်း အသက် ၃၁ နှစ်အရွယ် ရှိ ဥပဒေကျောင်းသား ဖာဘရီဇိုတာမီနီက ပြောကြားသည်။ ယခင်နှစ်ကြိမ်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တာမီနီသည် ယခုတစ်ကြိမ် ဆန္ဒပြပွဲတွင်လည်း တက်တက်ကြွကြွ ပါဝင်လျက်ရှိသည်။
ကျောင်းသားများနှင့် ပြည်သူလူထုကြီး ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲထဲတွင် ဆူပူသူများလည်း ပါဝင်လာလျက်ရှိသည်။ အကြမ်းဖက်မှု၊ ဆူပူမှုကျူးလွန်သူများသည် မျက်နှာကို အဝတ်ဖြင့်စည်းထားကြသည်။ သူတို့က လုယက်မှုတွေ၊ တိုက်ခိုက်မှုတွေ ကျူးလွန်ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတွေက မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ဤပဋိပက္ခဖြစ်စဉ်များသည် နိုင်ငံတွင်းရှိ နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိသည်။ ဆူပူမှု ပြုလုပ်နေကြသူများသည် အနာကစ်များဖြစ်ကြပြီး ဆန္ဒပြပွဲများသည် သူတို့တစ်တွေ လက်လွတ်စပယ် ထင်ရာစိုင်းခွင့်ရသည့် ပွဲတော်တစ်ခုဖြစ်နေသည်။
တချို့ငြိမ်းချမ်းစွာ ဆန္ဒပြသူအချို့သည်လည်း ခေါင်းစွပ်စွပ်ထားသူများရှိသည်။ မိမိတို့ တောင်းဆိုချက်များကို အစိုးရဘက်မှ လိုက်လျောမှုမပြုမချင်း ဆန္ဒပြပွဲများကို ဆက်လက်ဆင်နွှဲနေမည်ဖြစ်ကြောင်း၊ မိမိတို့ကြောင့် အစိုးရ အရူးမီးဝိုင်းသလိုဖြစ်သွားကြောင်းဖြင့် အသက် ၂၇ နှစ်အရွယ်ရှိ မာတီးယာ့စ်က ပြောသည်။ သူက ခေါင်းစွပ်စွပ်ထားသလို ဒိုင်းကိုလည်း ကိုင်ထားသည်။
“ ကျွန်တော် အနာကစ်လည်း မဟုတ် ဘူး။ သူခိုးလည်းမဟုတ်ဘူး။ လူပေလူတေလည်း မဟုတ်ဘူး” ဟု မာတီးယာ့စ်က ပြောသည်။ သူက တက္ကသိုလ်ကျောင်းသား၊ ဆန္ဒပြပွဲတွင် တပ်ဦးမှ ပါဝင်နေသူဖြစ်သည်။ ရှေ့တန်းမှ ပါဝင်ရသည့်အကြောင်းရင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာဖြစ်ကြောင်း၊ သို့ပေမဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုလူဝေးကို ခွဲနေခြင်းကြောင့် ခေါင်းစွပ် စွပ်ထားရကြောင်း၊ မိမိအနေဖြင့် မျက်ရည်ယိုဗုံး အန္တရာယ်မှ ကာကွယ်ဖို့အတွက် ပေါင်မုန့်ဖုတ်ရာတွင် အသုံးပြုသော ဆော်ဒါကို ရေဘူးထဲထည့်ထားရကြောင်း သူက ရှင်းပြသည်။
တပ်ဦးမှ ပါဝင်နေသော ကျောင်းသားများသည် ဆန္ဒပြပွဲများ၏ ဗဟိုချက်မစုရပ်ဖြစ်သည့် Plaza Italia နှင့် မလှမ်းမကမ်းတွင် စုဝေးနေကြသည်။ သူတို့ ရောက်နေသည့် အရပ်က ချမ်းသာကြွယ်ဝသူများ နေထိုင်ရာ လူကုံထံရပ်ကွက်နှင့် ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက်နှစ်ခုကြားတွင် ရှိသည်။ ဆန္ဒပြသမားများ လူငယ်အချို့သည် လုံခြုံရေးရဲများကို ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ ဤသို့ တန်ပြန်တိုက်ခိုက်မှုကို တချို့က သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ယူဆကြသည်။ တချို့ကတော့ သူရဲကောင်းလုပ်ရပ်ဟု ယူဆထားကြသည်။
“ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေသူတွေဟာ သူရဲကောင်းတွေဖြစ်ကြတယ်” ဟု သမိုင်းပညာရှင် မာရီယိုမာရီယိုဂါဆက်စ်က မှတ်ချက်ချသည်။ ၂၀၁၁ ခုနှစ် ကျောင်းသားခေါင်းဆောင်၊ ယခုအခါ လက်ဝဲကွန်ဂရက်ဖြစ်နေသူ ဂါဘရီယယ်ဘိုရစ်က ၂၀၁၉ ကျောင်းသားများ ဦးဆောင်သော လူထုဆန္ဒပြပွဲသည် ချီလီနိုင်ငံအတွက် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆန်တီယာဂိုကက်သလစ် တက္ကသိုလ်မှ လူမှုဗေဒပညာရှင် မာတီးယာ့စ်ဖာနန်ဒက်စ်ကမူ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကြောင့် ချီလီနိုင်ငံသားတွေစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေသည်ဟု မှတ်ချက်ချသည်။
ချီလီနိုင်ငံတွင် ခေါင်းစွပ်စွပ်ထားသော ဆန္ဒပြသမားများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းသည် ဆန်းကြယ်သောဖြစ်ရပ်တစ်ခုဟု မဆိုနိုင်ပေ။ လက်ဝဲနိုင်ငံရေးသမားများသည် ၁၉၇၃ မှ ၁၉၉၀ ပြည့်နှစ်အထိ ပီနိုချေး၏ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်သည့်အခါတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
“ ဘာပဲဖြစ်ဖြစ် အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေနဲ့အတူ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်တဲ့ကိစ္စဟာ ဒီမိုကရေစီနိုင်ငံမှာ မထင်မှတ်ဘဲ ပေါ်လာတဲ့ ဖြစ်ရပ်တွေပဲ” ဟု ဖာနန်ဒက်စ်က မှတ်ချက်ချသည်။
ဆန္ဒပြပွဲများစတင်ချိန်တွင် ဆန္ဒပြသမားအချို့၊ လူရမ်းကားအချို့သည် လမ်းဘေးရှိ အချက်ပြ အမှတ်အသားများကို ရိုက်ချိုးခြင်း၊ စားသောက်ဆိုင်များကို ချိုးဖျက်ပြီး ဆိုင်ထဲမှ ခုံများကို ယူကာ လက်နက်အဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ပြည်သူလူထုကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများကို ထောက်ခံကြသည်။ ဆူပူလုယက်ဖျက်ဆီးနေသည့် လူရမ်းကားများ၊ သူခိုးများကို ပြစ်တင်ရှုတ်ချကြသည်။ ဆူပူမှုပြုလုပ်နေကြသူများသည် တိုင်းပြည်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းမှုကို ဖျက်ဆီးနေကြသူများအဖြစ် ရှုမြင်ထားကြောင်း အသက် ၅၂ နှစ်အရွယ်ရှိ အွန်ဒရေးရာမီရက်ဇ်က ပြောကြားသည်။ ယခုခေတ် လူငယ်များသည် အာဏာရှင် ပီနိုချေးလက်အောက်တွင် နေထိုင်ခြင်းမရှိခဲ့ကြ။ သူတို့အနေဖြင့် သူတို့လိုလားချက်များကို ဒီမိုကရေစီစနစ်က မဖော်ဆောင်နိုင်ကြသဖြင့် ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် လူငယ်များအတွက် ဘာအာမခံချက်မှ မပေးနိုင်သဖြင့် ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောသည်။
အောက်တိုဘာ ၂၅ တွင် လူတစ်သန်းခန့် လမ်းမပေါ်သို့ထွက်ပြီး သမ္မတ ပီညဲရား ရာထူးမှ နုတ်ထွက်ရေးတောင်းဆိုခဲ့သည်။ အောက်တိုဘာ ၂၆ ရက်တွင် ဆန္ဒပြသမားများနှင့် ရဲ များ အဓိကရုဏ်းဖြစ်ကာ လူ ၂၀ ဦး သေဆုံးခဲ့သည်။ လူ ၂၅၀၀ ခန့် ဒဏ်ရာရပြီး လူ ၂၄၈၀ ခန့် အဖမ်းခံရသည်။ အောက်တိုဘာ ၂၈ ရက် တွင် ပီညဲရားက ဝန်ကြီးရှစ်ဦး ရာထူးအပြောင်းအလဲလုပ်ပြီး ပြည်ထဲရေးဝန်ကြီး အွန်ဒရေး ချက်ဝစ်ကို ရာထူးမှ ဖယ်ရှားပစ်သည်။
လက်တင်အမေရိကတိုက်တွင် အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော ချီလီနိုင်ငံသည် အခြေခံဝန်ဆောင်မှုအများအပြားကို ပုဂ္ဂလိကပိုင် ပြုထားသည့်နိုင်ငံ ဖြစ်သည်။ ချမ်းသာဆင်းရဲ ကွာဟမှုမြင့်မားခြင်း၊ လူမှုရေးမညီမျှမှု မြင့်မားသောနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။
ဆန္ဒပြပွဲတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် ဆူပူရမ်းကားသူများ၊ သူခိုးသူဝှက်များရောပြီး ပါဝင်နေသည့်တိုင် ချီလီပြည်သူများသည် နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။










