ဆောင်းရာသီသည် ဝင်ရိုးစွန်းနှင့် သမပိုင်းဒေသတို့၏ တစ်နှစ်တာအတွင်း အအေးဆုံး ကာလတစ်ခုဖြစ်သည်။ ဆောင်းရာသီသည် မိုးရာသီနှင့် နွေရာသီအကြားတွင် ရှိပြီး ဥတုလေးခုရှိသော ဒေသများတွင် ဆောင်းဦးကာလနှင့် နွေဦးကာလအကြားတွင် ကျရောက်သည်။ မိမိဝင်ရိုးပေါ်တွင် လည်ပတ်နေသော ကမ္ဘာ၏ နေနှင့် အဝေးဆုံးဘက်၌ ကျရောက်သော ကမ္ဘာခြမ်းတွင် ဆောင်းရာသီ ဖြစ်ပေါ်သည်။ မတူညီသော ယဉ်ကျေးမှုများနည်းတူ ဆောင်းရာသီ စတင်သည့်နေ့ရက်သည် ကွဲပြားကြသည်။ အချို့သည် ရာသီဥတု အခြေအနေအပေါ်မူတည်၍ ရာသီ၏ စတင်ရာ ရက်ကို သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် လဆယ့်နှစ်လရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ လေးလသည် ဆောင်းရာသီကာလ ဖြစ်သည်။
မြောက်ဘက်ကမ္ဘာခြမ်း၌ ဆောင်းရာသီဖြစ်ပေါ်နေချိန်၌ အပြန်အလှန်အားဖြင့် တောင်ကမ္ဘာခြမ်းတွင် နွေရာသီ ဖြစ်ပေါ်နေသည်။ ဒေသအများအပြား၌ ဆောင်းရာသီတွင် နှင်းများကျကာ အပူချိန်က ရေခဲမှတ်အောက်သို့ ရောက်နေလေ့ရှိသည်။ ဆောင်း ယဉ်စွန်းချိန်တွင် နေ၏ အမြင့်သည် မြောက် (သို့) တောင်ဝင်ရိုးစွန်း၏ အနုတ်အောက် အများဆုံးရောက်နေသော အပူချိန်နှင့် ဆက်နွှယ်နေသည်။ ဝင်ရိုးစွန်းမှ တိုင်းတာကြည့် မည်ဆိုပါက နေသည် မိုးကုတ်စက်ဝိုင်းအောက် အဝေးဆုံးသော အကွာအဝေးတွင် ရောက်ရှိနေပြီး ထိုနေ့သည် နေ့တာအတိုဆုံးနှင့် ညတာအရှည်ဆုံး နေ့တစ်နေ့ဖြစ်နေသည်။ အစောဆုံး နေဝင်ချိန်နှင့် နောက်အကျဆုံး နေထွက်ချိန် ဖြစ်ပေါ်သော ဝင်ရိုးစွန်းအပြင်ဘက်ဒေသများ၏ ဆောင်းယဉ်စွန်းချိန်သည် ကွဲပြားကြသည်။ ဘဲဥပုံလမ်းကြောင်းအတိုင်း လည်ပတ်နေသောကမ္ဘာကြောင့် တစ်နှစ်ပတ်လုံး ဖြစ်ပေါ်နေသည့် နေရောင်ရသော နေ့များ ပြောင်းလဲမှုသည် လတ္တီကျူများပေါ်တွင် မူတည်နေသည်။
သမိုင်းတစ်လျှောက် အအေးဆုံး ဆောင်းရာသီများအနက် ၁၇၃၉-၁၇၄၀ ခုနှစ်သည် အပြင်းထန်ဆုံးသော ဆောင်းရာသီများထဲမှ တစ်ခုဟု ဗြိတိန်နိုင်ငံရှိ မှတ်တမ်းများအရ သိရသည်။ သိမ်းမြစ်သည် ရက်သတ္တပတ် ရှစ်ပတ်မျှ အေးခဲနေခဲ့သည်။ အိုင်ယာလန်ဒုဗ္ဘိက္ခန္တရကပ် (၁၇၄၀-၄၁) သည် အနည်းဆုံး လူပေါင်း ၃၀၀,၀၀၀ ကျော်၏ အသက်ကို သေကျေပျက်စီးစေခဲ့သည်။
မြန်မာလများတွင် ၁၀ လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ဖြစ်ကာ အလွန်အေးသော အချိန်အခါလည်းဖြစ်သည်။ ယနေ့ခေတ် အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများ ကျင်းပလေ့ရှိကြသည်။ ရှေးယခင်က မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို လတစ်လလုံး ကျင်းပစေသည်။ မြင်းခင်းသဘင်ပွဲတွင် မြင်းစီးပွဲ၊ ဓားပြိုင်ပွဲ၊ လှံပြိုင်ပွဲ၊ လေးတင်ပွဲနှင့် ဆင်ဖြင့် စီးချင်းထိုးခြင်း အစရှိသည့် စစ်စွမ်းရည်ပြသသော ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိပြီး ရှေးခေတ်မြန်မာ့တပ်မတော်ရေးရာနှင့် စစ်လက်နက်များကို ခင်းကျင်းပြသသော ပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအတွက် လူစွမ်းကောင်းများကို ရွေးချယ်တင်မြှောက်လေ့ ရှိကြသည်။ အချို့သော ဘုရားပွဲများကိုလည်း ပြာသိုလတွင် ကျင်းပလေ့ရှိသည်။ ထင်ရှားသော ပုဂံအာနန္ဒာဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်သည်။
တပို့တွဲလသည် မြန်မာလများတွင် ၁၁ လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာသီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ဖြစ်စေ မိသားစုဆွေမျိုး အပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိသည်။ မည်သို့ပင် ကျင်းပသည်ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင် ဖြစ်သည်။ စုပေါင်းပြုလုပ်သည့် ထမနဲထိုးပွဲများတွင် ကောက်ညှင်းဆန်နှင့် အခြားပါဝင်ပစ္စည်းများကို စုပေါင်းအကုန်ကျခံကြလေ့ရှိပြီး လုပ်အားစိုက်ထုတ်သူများလည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ နှစ်အတန်ကြာအတွင်း ယခုနှစ်ရောက်မှသာ ထူးထူးခြားခြား အအေးပို၍လာသော ဆောင်းနှင့်အတူ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
■ (ဒီဇင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









