(၁)
‘ မိတ်ဆွေ ’ ဆိုသည့် ဝေါဟာရနှင့်ပတ်သက်၍ သင့်ဘက်က အဘယ်ပုံ သဘောထားရှိမည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ ‘ မိတ်ဆွေ ’ ဆိုသည့်အသံကို ကြားမိသောခဏ၌ သင့်စိတ်က တစ်စုံတစ်ယောက်၏ မျက်နှာကို ဖြတ်ခနဲ မြင်ယောင်မိခြင်းမျိုး ဖြစ်ခဲ့ဖူးပါသလား။ ဒါဆိုလျှင်တော့ ထိုတစ်ယောက်က သင့်မိတ်ဆွေ တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုအဆိုကလည်း သိပ်တော့ မသေချာလှပါ။ ထိုစကားလုံးကို ကြားမိ၊ ရေရွတ်မိချိန်၌ မိတ်ဆွေမပီသသော လူတစ်ယောက်ကို နာကျည်းစိတ်ဖြင့် သတိရလိုက်မိခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ရံခါ၌ ဝေါဟာရ တစ်ခုက မူလအဓိပ္ပာယ်နှင့် ကွဲပြားခြားနားသော အနက်တစ်မျိုးကို ဟောဆိုတတ်သည်ပဲ မဟုတ်ပါလား။
‘ အမေ’ ဟူသည် မေတ္တာတရား၏ အထင်ရှားဆုံးသော ပြယုဂ်ဖြစ်သည်ဟု အဆိုရှိသည်။ ကျွန်ုပ်တို့ အများစုကလည်း ထိုအတိုင်းပင် သိနားလည်ထားကြသည်။ အမေ၏ မေတ္တာအထုအထည်နှင့် နှိုင်းယှဉ်မည်ဆိုပါက မြင့်မိုရ်တောင်သည်ပင် ဆီးစေ့မျှလောက် သေးငယ်သွားသည်ဟု အဆိုရှိသည်။ ထိုအဆိုကိုလည်း ကျွနု်ပ်တို့က ငြင်းစရာ အကြောင်းမရှိပါ။ သို့သော် ထိုဥပမာစကားအပေါ် နားလည်ရခက်နေသူ သို့မဟုတ် သံသယဝင်နေသူတို့လည်း ဧကန်ဧက ရှိနေနိုင်ပါသည်။ ကလေးကို မွေးထုတ်ခဲ့သည့်အမေက မွေးပြီး၍မှမကြာခင် ကလေးကို စွန့်ပစ်ခဲ့သည် ဆိုပါစို့။ ထိုအဖြစ်သည် စိတ်ကူးဖြင့်ပင် တွေးကြည့်ချင်စရာမကောင်းသော ဘဝအစတစ်ခု ဖြစ်သည်။ သို့သော် လောက၌ ထိုအဖြစ်မျိုးက တကယ်ပဲ ရှိနေခဲ့သည်။ ထိုပုံထိုနည်း ကြီးပြင်းလာရသူ ကလေးငယ်တစ်ယောက်၏ စိတ်၌ ‘ အမေ’ ကို ခိုင်းနှိုင်းသည့် ဥပမာက တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ဝေါဟာရတစ်ခုက အနက်တစ်မျိုးတည်းကိုသာ ဟော၏ဟု အဆိုရခက်သည့်သဘော။
သည်တော့ မိတ်ဆွေ၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ တစ်ယောက်၏ နားလည်မှုနှင့် တစ်ယောက်၏ နားလည်မှုတို့လည်း ခြားနားနေကြမည်သာ။ ထိုအဖြစ်ကိုအခြေခံ၍ ‘ မိတ်ဆွေတုနှင့် မိတ်ဆွေစစ်’ ဆိုသည့် ဝေါဟာရတစ်ရပ် ပေါ်ပေါက်လာခဲ့ဟန်တူသည်။ တကယ်တော့ ထိုစကားက မပြတ်သား။ နှစ်ခွ သဘောကိုဆောင်သည်။ သို့သော် ကျွနု်ပ်တို့ အနေဖြင့် ကိုယ်နှိုက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုအဓိပ္ပာယ်က နေ့စဉ်သုံး ဝေါဟာရတစ်ခုအဖြစ် တွင်ကျယ်ပြီး ဖြစ်နေခဲ့သည်။ ဝေါဟာရတစ်ခု၏ဘေး၌ ‘ အတု’ ဆိုသည့် ဝေါဟာရတစ်ခု ဘယ်ခေတ်လောက်က စတင်ပူးကပ်နေခဲ့ပါလိမ့်။ ဆေးဝါးအတု၊ မြက်ခင်းအတု၊ ခြေထောက်အတု၊ နှလုံးအတု စသည်ဖြင့်။
(၂)
လောကအလယ်၌ အူဝဲသံပေးပြီး လူဖြစ်လာခဲ့ရသည့် ကလေးငယ်တစ်ယောက်အတွက် အဦးဆုံး ဆုံတွေ့လိုက်ရသည်က မိဘနှစ်ပါး ဖြစ်သည်။ နောက်တော့ မွေးချင်းများ၊ မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများကို အဆင်ပြေသလို ရင်ဆိုင်ကြုံတွေ့လာရသည်။ အချိန်တန်တော့ သူလည်း ကစားဖော်ရလာသည်။ ထိုကစားဖော်ကိုပင် သူငယ်ချင်းခေါ်၍ ထိုသူငယ်ချင်းကိုပင် မိတ်ဆွေဟု ခေါ်ကြ ပြန်ပါသည်။
ငယ်ရွယ်သူတို့ဘဝ၌ ကြုံတွေ့ရတတ်သည့် ကစားဖော်ဆိုသည်က များသောအားဖြင့် သက်တူရွယ်တူ အိမ်နီးနားချင်းထဲက ဖြစ်နေတတ်သည်။ အတောင်အလက် စုံလာချိန်မှာတော့ လူရွယ်တစ်ယောက်၏ ရွေးချယ်ခွင့်က ကလေးဘဝကထက် ပိုမိုကျယ်ပြန့်လာရသည်။ လူရွယ်တစ်ယောက် ဖြစ်လာချိန်မှာတော့ မိတ်ဆွေအပေါင်းအသင်းဆိုသည်က အိမ်နားနီးချင်းထဲကလည်း ဖြစ်ချင်ဖြစ်မည်။ တစ်နယ်တစ်ကျေးကလည်း ဖြစ်ချင်ဖြစ်မည်။ သူကြိုက်လျှင် အပေါင်းအသင်းလုပ်၍ သူမကြိုက်လျှင် အပေါင်းအသင်းမလုပ်ဘဲ နေနိုင်ကြောင်း သိတတ်စပြုပြီ။ မိတ်ဆွေဆိုသည့် ဝေါဟာရကို ဖွင့်ဆိုရာ၌ အိမ်းချင်းနီးကြသည်ထက် စိတ်ချင်းနီးဖို့က ပို၍အရေးပါခဲ့ကြောင်းလည်း သူသိခဲ့ပြီ။
ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက တရင်းတနှီး ပေါင်းသင်းလာခဲ့ကြသူတို့ အိုကြီးအိုမ ဘဝနေဝင်ချိန်နီးသည့်တိုင်အောင် အခင်အမင်မပျက် လက်တွဲမပျက် နေသွားကြသူတို့လည်း လောကမှာရှိသည်။ များသောအားဖြင့် တောကျေးလက်နေ ပုဂ္ဂိုလ်အများစု၌ ထိုသဘောကို ပိုတွေ့ရတတ်သည်။ အပြန်အားဖြင့် တွေ့ရတတ်သည်က ငယ်စဉ်က တပူးတွဲတွဲ ရှိခဲ့ကြပါလျက် အရွယ် ထောက်လာချိန်ရောက်မှ တစ်ယောက်နှင့် တစ်ယောက် ခံယူချက်ချင်း အစေးမကပ်ဖြစ်ကာ နှလုံးသားချင်း ဝေးသွားတတ်ကြခြင်းပဲ ဖြစ်သည်။ အချို့ဆိုလျှင် မခေါ်နိုင်မပြောနိုင် ဖြစ်ကြရသည် အထိပင်။ ငယ်စဉ်က မရှိအတူ ရှိအတူဘဝဖြင့် နေနိုင်ခဲ့ကြသည်မှန်သော်ငြား (တစ်ချိန်မှာ) တစ်ယောက်က ပညာရေး၊ စီးပွားရေး၌ တင့်တောင့်တင့်တယ်ဘဝကို ရောက်သွားသည်။ လူဆိုသည်က မရှိသူချင်း မေတ္တာသက်ဖို့ လွယ်သလောက် တစ်စုံတစ်ယောက်၏ တင့်တယ်မှုအသရေကိုတော့ မုဒိတာပွားဖို့ ခက်တတ်သည့်အမျိုးဖြစ်သည်။
သို့သော် လောက၌ အများဆုံးကြားရတတ်သည့် စကားတစ်ခွန်းကလည်း မုဒိတာပဲ ဖြစ်နေခဲ့ပြန်သည်။ တစ်စုံတစ်ယောက် အောင်မြင်လာချိန်၌ မိတ်ဆွေတို့ထံမှ အမြဲလိုလို ကြားရတတ်သည့် စကားတစ်ခွန်းက ‘ မုဒိတာ’ ဖြစ်သည်။ တကယ်တော့ မုဒိတာဆိုသည်က အများနားလည်ထားကြသည့် ‘ ကွန်ဂရက်ကျူလေးရှင်း’ ထက်မြင့်သည်။ သူတစ်ပါး၏ ဂုဏ်ကျက်သရေကို မြင်ရချိန် သို့မဟုတ် မိမိနှင့် နီးစပ်သူတို့ ပြည့်ပြည့်စုံစုံ ကြွယ်ကြွယ်ဝ၀ ဖြစ်နေသည်ကို မြင်ရချိန်တွင် မိတ်ဆွေရင်းတို့ ရင်၌ ဝမ်းမြောက်မှုသဘော ဖြစ်ပေါ်လာတတ်သည်။ ထိုဝမ်းမြောက်မှုမျိုးက မုဒိတာအစစ် ဖြစ်ဖို့ခဲယဉ်းသည်။ ပီတိအစွမ်းဖြင့် ရွှင်လန်းစွာဖြစ်ပေါ်လာသော ‘ လောဘမူ၊ သောမန ဿသဟဂုတ်’ သာ အဖြစ်များ၏ဟု ကျမ်းဂန်တို့၌ ဆိုသည်။ အရပ်သုံးစကားဖြင့် ဆိုရပါမူ မိတ်ဆွေ၏အပျော်ကို မိတ်ဆွေနှင့်အတူ ဝေမျှခံစား ပျော်ရွှင်ခြင်းဟု ဆိုနိုင်မည်ထင်ပါသည်။
မိတ်ဆွေဆိုသည့် ခေါင်းစဉ်အောက်၌ တစ်မျိုးတစ်ဖုံ တွေ့ရတတ်သည့်အချက်က အပေးအယူလက္ခဏာ ဖြစ်သည်။ အချို့က တစ်စုံတစ်ယောက်ကို အပေါင်းအသင်းလုပ်ရာ၌ ‘ သူ့ဆီကဘာရနိုင်မလဲ’ ဆိုသည့်စိတ်ဖြင့် ချဉ်းကပ်တတ်ကြသည်။ “ ကိုယ့်ဘက်က ဒါတွေဒါတွေ ပေးလိုက်ရင် သူ့ဘက်က ဒါတွေဒါတွေ ထွက်လာနိုင်တယ်” ဆိုသည့်စိတ်ဖြင့် မိတ်ဖွဲ့လိုကြခြင်းဖြစ်သည်။ အချို့ကတော့ ထို့ထက်ပိုသည်။ သူတို့က ကိုယ့်တက်လမ်းအတွက် တစ်ပါးသူကို ကျော်ခွဖြတ်နင်းလိုသူများ ဖြစ်သည်။ လူတစ်ယောက်ကို ကြည့်ရာ၌ပင် သူ့ကျောပြင်မှာ လှေကားထစ် ဘယ်နှထစ် ရှိသလဲဆိုသည့် မျက်လုံးဖြင့် ကြည့်ချင်တတ်ကြသည်။ ထိုမျက်လုံး၌ကား မိတ်ဆွေ၏ အရိပ်အရောင်ကို မတွေ့နိုင်ပါ။
နောက်တစ်မျိုးတွေ့ရတတ်သည့် အပေးအယူကိစ္စကတော့ ရိုးရိုးလေးပဲ ဖြစ်သည်။ ကိုယ့်အလှူမှာ သူက တစ်သောင်း လက်ဖွဲ့တော့ သူ့အလှူမှာလည်း တစ်သောင်းလက်ဖွဲ့လိုက်မည်ဆိုသည့် အတုံ့အလှည့် သဘောမျိုး ဖြစ်သည်။ ဒါကိုပဲ အချို့က ‘ လူမှုရေး’ ခေါ်ကြပြန်သည်။ “ သုမိတ္တာရှိရင် ကိုယ့်မိတ္တာလည်း ရှိရမှာပေါ့” ဆိုတတ်ကြသည်။ ရိုးရာဆန်ဆန် အမြစ်တွယ်နေသည့် ထိုကိစ္စအတွက်တော့ အထူးအထွေ မပြောလိုပါ။ သို့သော် ‘ သူအခက်အခဲ ဖြစ်တုန်းက ငါက ဒီလိုဒီလို အကူအညီပေးခဲ့ရတာ။ ငါ့အလှည့်ကျတော့ နေစိမ့်တယ်လား၊ ဒီလိုကြေးလား’ ဆိုသည့် စိတ်အခံဖြင့် အသာအနာကို စျေးတွက်တွက်နေခြင်းမျိုးကတော့ ထားသင့်သည့်စိတ်အနေ မဟုတ်ပါ။
တစ်ယောက်အပေါ် ကိုယ်စွမ်းနိုင်သည့် အတိုင်းအတာဖြင့် အကူအညီပေးလိုက်ခြင်းသည် ကိုယ်လုပ်လိုက်သည့် ကောင်းမှုကိစ္စရပ်မျှသာ ဖြစ်သည်။ ထိုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ မထားသင့်ပါ။ ထိုကိစ္စကို အကြောင်းပြု၍ တစ်စုံတစ်ယောက်၏ တုံ့ပြန်မှုကို မမျှော်ကိုးသင့်ပါ။ တစ်စုံတစ်ရာကို မမျှော်ကိုးဘဲ စိတ်လွတ်ကိုယ်လွတ် ပေးဆပ်ခြင်းမျိုးကိုသာ သူတော်ကောင်းတို့ ချီးမွမ်းရိုး ရှိပါသည်။ ဒါကိုပဲ ‘ မုတ္တစာဂီ’ (လွတ်လွတ်ပေး စွန့်ခြင်း) ခေါ်ကြသည်။ ‘ လွတ်လွတ်ပေးစွန့်ခြင်း’ ဟူသည် အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းနှင့်သာ ဆိုင်သည်မဟုတ်။ မိတ်ဆွေတို့အပေါ် ကူညီစောင့်ရှောက်ခြင်းနှင့်လည်း ဆိုင်ပါသည်။
(၃)
လူ့အဖြစ်ကို ရလာကြသူ မည်သူမဆို မိဘ၊ ဇာတိနှင့် မွေးနေ့ရက်စွဲကို ရွေးချယ်ခွင့် မရှိသော်လည်း မိတ်ဆွေကိုတော့ ရွေးချယ်ခွင့်ရှိသည်။ အချို့က အပေါင်းအသင်း သိပ်မများ။ လူကိုရွေး၍ ပေါင်းသည်။ ယုံကြည်မှု အခြေခံဖြင့် ပေါင်းသည်။ အများအားဖြင့်တော့ သူတို့သည် သူ့စိတ်ကိုယ့်စိတ်ထပ်တူ နီးပါး ရှိနေတတ်သူများ ဖြစ်သည်။ တကူးတက ရှာဖွေထားခဲ့သည် မဟုတ်သော်ငြား တစ်ယောက်၏ ကံသုံးပါး အလှုပ်အရွေ့ကို ကြည့်၍ ကိုယ်နှင့် ဓာတ်တည့်သူ ဟုတ်၊ မဟုတ်ကို ပင်ကိုသိဖြင့် ဆင်ခြင်ကာ မိတ်ဆွေအဖြစ်ရွေးချယ်ပြီး ဖြစ်သွားတတ်ကြသည်။ ထိုမိတ်ဆွေမျိုးနှင့် ပတ်သက်လာလျှင် ကိုယ့်ဘက်ကရော သူ့ဘက်ကပါ သာသည်နာသည် မတွေး။ ကာလအပိုင်းအခြားဟု မရှိ။ ညကြီးသန်းခေါင်ဟု မရှိ။ တံခါးမရှိ။ ဓားမရှိ။ သူ့ကိစ္စက ကိုယ့်ကိစ္စဖြစ်၍ ကိုယ့်အတွင်းရေးက သူ့အတွင်းရေး ဖြစ်တော့သည်။ သူတို့၏ မိတ်ဆွေအဖြစ်က တစ်သက်ပတ်လုံး မြဲမြံခိုင်မာသည်။ ထိုမိတ်ဆွေမျိုးကို ပါဠိအဘိဓာန်၌ ‘ ဒဠှမိတ္တ’ ဆိုသည့် ပါဠိဖြင့် သီးခြားပြဆိုသည်။ ဆရာကြီး ရွှေဥဒေါင်းကတော့ ‘ ရင်ဘတ် မိတ်ဆွေ’ ဟု သုံးနှုန်းခဲ့ဖူးသည်။
ပါဠိအဘိဓာန်၌ မိတ်ဆွေအနက်ဟော ပါဠိ ငါးပုဒ်ကို ပြဆိုသည်။ ၎င်းတို့သည်ကား ‘ မိတ္တ၊ ဝယဿ၊ သဟာယ၊ သုဟဒ၊ သခ’ တို့ ဖြစ်သည်။ ထိုတွင် “ အခါခပ်သိမ်း အလိုသို့ လိုက်၍ ခွင့်ပြုတတ်သူသည် ‘ သုဟဒ ’ ၊ စိတ်တူ ကိုယ်မျှ အတူတကွသော အမူအရာရှိသူသည် ‘ မိတ္တ’ ၊ အသက်တမူ အလေးမူ၍ ကြည်ဖြူနှစ်သက်တတ်သူသည် ‘ သခ’ မည်၏ ” ဟု တောင်ပေါက်ဆရာတော်၏ အဘိဓာန်နိသျသစ်၌ ဆိုသည်။
“ ဤလောက၌၊ သတ္တဘဝါး၊ အတူသွားက၊ မည်ငြားမိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆဲ့နှစ် လှမ်းသော်၊ အဘော်သဟဲ၊ လခွဲဉာတိ၊ မည်ဘိမပျက်၊ ထိုထက်လွန်စွာ၊ ရက်ကြာကာလ၊ ပေါင်းဘက်ကြမူ၊ အတ္တသမာ၊ မှန်စွာထိုလူ၊ ကိုယ်နှင့်တူ၏ ” ဟု မဃဒေဝလင်္ကာသစ်၌ ဆိုပါသည်။ (သတ်ပုံမူရင်းအတိုင်း)
ထိုအဆိုအရသော် ခရီးတစ်ခုကို ခုနစ်ဖဝါးမျှ အတူသွားဖူးလျှင် မိတ်ဆွေ။ ၁၂ လှမ်းမျှ လှမ်းဖူးမည်ဆိုပါက အဖော် (သူငယ်ချင်း)။ လခွဲ ၁၅ ရက်မျှ အပေါင်းအသင်း လုပ်ခဲ့ဖူးလျှင် ဆွေမျိုးစာရင်းသွင်းလောက်သူ (ဉာတိ)။ ထို့ထက်အလွန် အပေါင်းအသင်း အဆက်အဆံရှိကြပါမူကား ကိုယ်နှင့်ထပ်တူ ပြုအပ်သောမိတ်ဆွေ (အတ္တသမာနတာ) မည်၏ဟု ဆိုလိုရင်းဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး စိတ်ချင်း ဆက်သွယ်မိကြမည်ဆိုပါက ခုနစ်ဖဝါးမျှ အတူမသွားဖူးပါသော်လည်း မိတ်ဆွေဖြစ်နိုင်ကြသလို နှစ်နှင့်ချီ၍ အဆက်အစပ် ရှိနေစေဦးတော့ စိတ်ချင်းမဆက်သွယ်နိုင်ကြလျှင်တော့ မိတ်ဆွေဖြစ်ဖို့ ခဲယဉ်းနေကြမည်ပဲ ထင်သည်။
မိတ်ဆွေနှင့်ပတ်သက်၍ လူကြီးသူမတို့ထံမှ ကြားရတတ်သည်က “ စိုသောလက် မခြောက်စေနှင့်” ဆိုသည့် စကားတစ်ခွန်း ဖြစ်သည်။ ဘဝချင်း မတူကြသူတို့၏ နယ်မြေ၌ တစ်ယောက်၏ ခံစားချက်ကို တစ်ယောက်က မစာနာနိုင်ဖြစ်ခဲ့သော် မပြောပလောက်သည့် ကိစ္စလေးအပေါ်မှာပင် အဖုအထစ် ဖြစ်ချင်ဖြစ်နေတတ်သည်။ ထိုအခါမျိုး၌ အတော်အတန် ကိစ္စရပ်မျိုးကို သည်းခံစိတ်ဖြင့် ခွင့်လွှတ်နိုင်ဖို့ လိုပါလိမ့်မည်။ သည်းခံစိတ်မမွေးဘဲ မာနအခံဖြင့် တုံ့ပြန်လိုက်မည်ဆိုပါက ထိုနှစ်ယောက်၏ ဆက်ဆံရေးက ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်သွားနိုင်သည်။ ပြတ်တောက်သွားသော ကြိုးတစ်စကို တစ်ချိန်မှာ ပြန်ဆက်မိကြသည်ဆိုဦးတော့၊ ကြားထဲမှာ အထုံးအဖုက ခံနေပါလိမ့်မည်။ လွဲမှားသော အတ္တမာနအခံကြောင့် စစ်မှန်သော မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးရမည်ဆိုလျှင်တော့ အဖြစ်က တကယ်ပဲ ဝမ်းနည်းဖို့ ကောင်းပါသည်။










