သရုပ်မှန်ဝါဒသည် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့်ပတ်သက်၍ လေ့လာရန်နှင့် ကျင့်သုံးရန် ချဉ်းကပ်ပုံတစ်ရပ် ဖြစ်သည်။ ယင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အခန်းကဏ္ဍကိုအထူးပြုပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံများအားလုံးကို နိုင်ငံတော်အကျိုးစီးပွား (အကောင်းဆုံးဖော်ပြရလျှင် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စများအဖြစ် ရုပ်ဖျက်ထားသော နိုင်ငံတော်အကျိုးစီးပွား) က စေ့ဆော်သည်ဟု ကျယ်ပြန့်သော ယူဆချက်တစ်ရပ်ကို ချမှတ်သည်။
နိုင်ငံရေးဆိုင်ရာ သရုပ်မှန်ဝါဒ၏ အခြေခံအကျဆုံးအဆင့်၌ပင် နိုင်ငံတော်အကျိုးစီးပွားဟူသည် ယေဘုယျကျပြီး ယင်းကိုအလွယ်တကူ အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ယင်းမှာ နိုင်ငံအားလုံးသည် ၎င်းတို့၏နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ထိန်းသိမ်းရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ သို့သော် ယင်းနိုင်ငံတော်အကျိုးစီးပွားနှစ်ရပ် လုံခြုံပြီဆိုသည်နှင့် နိုင်ငံတော်အကျိုးစီးပွားဟူသည် ကွဲပြားခြားနားသော ပုံသဏ္ဌာန်များ ဆောင်လာတော့သည်။ အချို့သောနိုင်ငံများ၏ နိုင်ငံတော် အကျိုးစီးပွားဟူသည် အရင်းအမြစ်များ သို့မဟုတ် မြေများ ပိုမိုလုံခြုံစေရန်ဖြစ်ပြီး အချို့သောနိုင်ငံများအတွက် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံရေးစနစ် သို့မဟုတ် စီးပွားရေးစနစ်များကို အခြားဒေသများသို့ ချဲ့ထွင်ရန် ဆန္ဒဖြစ်လာသည်။ သို့သော် အချို့သောနိုင်ငံများကမူ မိမိတို့ဘာသာရပ်တည်ရန်သာ လိုလားကြသည်။
သို့သော် အထွေထွေသဘောအရ နိုင်ငံတော်အကျိုးစီးပွားဟူသည်ကို ပါ၀ါအားဖြင့် သတ်မှတ်နိုင်သည်။ နိုင်ငံတော်၏ ပါ၀ါဟူသည် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များအားဖြင့် အဓိပ္ပာယ်သတ်မှတ်နိုင်သောကြောင့် ခိုင်လုံသောအဓိပ္ပာယ်တစ်ရပ်ရှိသည်။ သို့သော် သရုပ်မှန်ဝါဒီတစ်ဦးအတွက်မူ ပါ၀ါဟူသည် အခြေခံသဘောအရ နှိုင်းရသတ်မှတ်ချက်တစ်ရပ်သာ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၏ပါ၀ါမှ ကာကွယ်နိုင်စွမ်းရှိသလားဟူသည့် အချက်ပေါ်တွင်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံ၏မူဝါဒများကို ပြောင်းလဲရန် အခြားနိုင်ငံကို အကျပ်ကိုင်နိုင်သလားဟူသည့် အချက်ပေါ်တွင်လည်းကောင်း မူတည်နေသည်။
လုံးဝခိုင်မာသည့် ပါ၀ါမျိုးမဟုတ်ဘဲ နှိုင်းရပါ၀ါသဘောအပေါ် အထူးပြုခြင်းသည် သရုပ်မှန်ဝါဒီတစ်ဦးအတွက် မင်းမဲ့ဆန်သော၊ ပရမ်းပတာနိုင်သော ဝန်းကျင်တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတကာစနစ်နှင့်ပတ်သက်၍ သရုပ်မှန်ဝါဒီ၏ ရှုမြင်မှုမှနေ၍ ဆင်းသက်လာသည်။ နိုင်ငံအားလုံးသည် အခြားနိုင်ငံများနှင့် မည်သို့သောသဘောတူညီချက်များ ရှိထားသည်ဖြစ်စေ မိမိတို့၏ နိုင်ငံတော်အကျိုးစီးပွားကို လုံခြုံအောင်ပြုလုပ်ရန် မိမိတို့၏ ကိုယ်ပိုင်အရင်းအမြစ်များအပေါ်သာ မှီခိုရပြီး မိမိတို့ကိုယ်တိုင်က လိုလားသော ပြည်တွင်းနှင့် ပြည်ပဆိုင်ရာ အခင်းအကျင်းတစ်ရပ်ကိုသာ ထိန်းသိမ်းရမည်ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များ ထူးကဲစွာရှိမနေသကဲ့သို့ သရုပ်မှန်ဝါဒီတစ်ဦးအတွက်လည်း ယင်းကဲ့သို့သောအရာမျိုး မရှိသင့်ပါ။
ထူးကဲသောလုပ်ပိုင်ခွင့်များကို အသိအမှတ်ပြုရန် ငြင်းဆိုလိုက်ခြင်း၏ အကျိုးဆက်များကို အသိအမှတ်ပြုရန် အရေးကြီးသည်။ လုပ်ပိုင်ခွင့်/အခွင့်အာဏာသည် မိမိကိုယ်တိုင်၏ နိုင်ငံပါ၀ါမှ ဆင်းသက်လာခြင်းမျိုး မဟုတ်လျှင် နိုင်ငံရေးဆိုင်ရာ သရုပ်မှန်ဝါဒီတစ်ဦးအနေဖြင့် ဗဟိုချုပ်ကိုင်မှုရှိသော အခွင့်အာဏာကို စိုးရိမ်တတ်ကြသည်။ နိုင်ငံတကာစနစ်ကို ဗဟိုချုပ်ကိုင်မှုမှ ဖြိုဖျက်ခြင်းသည် အင်ပါယာကဲ့သို့သော အရာမျိုးထက် ပိုမိုကြီးမားသော မတူကွဲပြားမှုများကို ခွင့်ပြုနိုင်သည်။ သို့သော် နိုင်ငံများ၏ သဘာဝအတိုင်းဖြစ်နိုင်သည့် အလားအလာသည် ၎င်းတို့၏ပါ၀ါကို ကြီးထွားတိုးတက်အောင် ပြုလုပ်ရေးဖြစ်သောကြောင့် ဗဟိုချုပ်ကိုင်မှုကို ဖြိုဖျက်သည့်စနစ်တစ်ရပ်ကို ထိန်းသိမ်းခြင်းကို အင်အားသုံး၍သာ ဖော်ဆောင်ရမည်ဖြစ်သည်။
ဗဟိုချုပ်ကိုင်မှုကို ဖြိုဖျက်သောစနစ်အား ထိန်းသိမ်းရန် အင်အားသုံးခြင်းကို ပါ၀ါချိန်ခွင်ညှာဟုခေါ်ဆိုသော စနစ်တစ်ရပ်ဖြင့် ထိန်းညှိရသည်။ ယင်းကဲ့သို့သော စနစ်မျိုးသည် အဓိကအင်အားကြီးများအကြား သဘောတူညီမှုရရှိမှသာလျှင် အလုပ်ဖြစ်နိုင်သည်။ အနည်းဆုံးအနေဖြင့် နိုင်ငံတော်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းရန်သည် အရေးကြီးသောရည်မှန်းချက်ဖြစ်ကြောင်း သဘောတူထားရန် လိုအပ်သည်။ အဓိက အင်အားကြီးများအနေဖြင့် သဘောတူထားပါကလည်း စစ်ပွဲများသည် စနစ်အတွင်း၌ ဖြစ်ပေါ်လျက်ရှိဦးမည် ဖြစ်သည်။ သို့သော် ယင်းစစ်ပွဲများကို အဓိကအင်အားကြီးနိုင်ငံ ကိုယ်စီ၏ ကန့်သတ်ထားသော ရည်ရွယ်ချက်များအားဖြင့် ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ ကန့်သတ်ထားသော ရည်ရွယ်ချက်များကို အဓိကအင်အားကြီးတစ်ရပ်က သဘောမတူခဲ့ပါက စစ်ပွဲများသည် ပိုမိုကြီးမားကျယ်ပြန့်ကာ ပို၍အကန့်အသတ် မဲ့သွားလိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သရုပ်မှန်ဝါဒသဘောအရကြည့်လျှင် အခြေခံအကျဆုံး အဆင့်၌ နိုင်ငံတော်၏အကျိုးစီးပွားဟူသည် နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ထိန်းသိမ်းရန် ကြိုးပမ်းမှုပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဒီဇင်ဘာ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









