ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားသုံးဦးအပေါ် ပိတ်ဆို့အရေးယူမှု မြှင့်တင်

ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားသုံးဦးအပေါ် ပိတ်ဆို့အရေးယူမှု မြှင့်တင်
Published 11 December 2019
Ref: AFP

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်များအား ကုလသမဂ္ဂ ထိပ်တန်းတရားရုံးတွင် ချေပရန် ကြိုးပမ်းနေစဉ် ဘင်္ဂါလီမွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ အမေရိကန်က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားစစ်ဘက် ထိပ်တန်းတာဝန်ရှိသူ သုံးဦးအား ပိတ်ဆို့အရေးယူမှုများကို ဒီဇင်ဘာ ၁၀ ရက်တွင် ထပ်မံမြှင့်တင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်မှုကို အမေရိကန်က ပြီးခဲ့သော ဇူလိုင်တွင် ချမှတ်ခဲ့သည်။ သို့သော် ယခုနောက်ဆုံး အရေးယူမှုသည် အမေရိကန်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပိုင်ဆိုင်မှုအရပ်ရပ်ကို ထိန်းချုပ်ခြင်းနှင့်  အမေရိကန်တွင် ၎င်းနှင့် ဆက်နွှယ်၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ကိုင်သည့် မည်သူ့ကိုမဆို တရားမဝင်အဖြစ် သတ်မှတ်ခြင်း ပြုလုပ်သွားမည် ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဌာနသည် ထိုလေးဦးအပြင် အခြားနိုင်ငံများမှ ၁၄ ဦးကိုလည်း အလားတူ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အမေရိကန်သည် အပြစ်မဲ့ အရပ်သားများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်းနှင့် ရက်စက်စွာ ပြုမူခြင်းတို့ကို သည်းခံသွားမည် မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စတိဗင်အမ်နူချင်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကွပ်ကဲမှုအောက်တွင် စစ်သားများက အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြကြောင်း ယုံကြည်ရသော သတင်းများ ရရှိခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များကို ဥပဒေဘောင် ကျော်လွန်၍ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားတပ်မတော်သား ခေါင်းဆောင်များကို အမေရိကန်နိုင်ငံက ၂၀၁၉ ခုနှစ် ဇူလိုင် ၁၆ ရက် က ပိတ်ဆို့အရေးယူမှုအနေဖြင့် ၎င်းတို့အား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အခြား စစ်ဘက် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း အကျုံးဝင်မည့် ထိုပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များအား သတ်ဖြတ်မှုအတွက် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက ချမှတ်သည့် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူမှုများ ဖြစ်သည်။

 

 

Most Read

Most Recent