လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်က မြောက်ကိုရီးယားသူလျှိုတစ်ဦးဟာ ဟွမ်အင်ချို၏ဖခင် စီးနင်းလိုက်ပါခဲ့တဲ့ လေယာဉ်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ ပြုံယမ်းက သူ့ဖခင်ကို တောင်ကိုရီးယားနိုင်ငံကို လုံးဝပြန်မလွှတ်ခဲ့ပါဘူး။ သူ့ဖခင် ပြန်ပေးဆွဲခံရချိန်မှာ ဟွမ်ရဲ့ အသက်က နှစ်နှစ်သားပဲရှိပါသေးတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး ဓာတ်ပုံတွေလောက်ပဲ မြင်ဖူးပါတယ်။ ဟွမ် အရွယ်ရောက်လာချိန်မှာတော့ ပျောက်ဆုံးနေတဲ့ ဖခင်ကို ရှာဖွေတဲ့ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ MBC ရဲ့ထုတ်လုပ်ရေးမှူး ဟွမ်ဝန်ဟာ ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ Gangneung မှနေ ဆိုးလ်မြို့ Ginpo လေဆိပ်ကို ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးထွက်ခဲ့ပါတယ်။ လေယာဉ်ဟာ ပြေးလမ်းကနေ ဝေဟင်ပျံတက်ချိန်မှာပဲ မြောက်ကိုရီးယားသူလျှို ချိုချန်ဟီးဟာ လေယာဉ်ဦးခေါင်းပိုင်းရှိ လေယာဉ်မှူး အခန်းထဲ ဝင်ရောက်လာပြီး လေယာဉ်မှူးကို သေနတ်နဲ့ ချိန်ခဲ့ပါတယ်။ လေယာဉ်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကိုမောင်းဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ လေယာဉ်ပေါ်လိုက်ပါတဲ့ အသက် မသေဘဲရှိနေဆဲဖြစ်သူတွေရဲ့ ပြောကြားချက်အရ ပြန်ပေးဆွဲခံရတဲ့ လေယာဉ်ကို မြောက်ကိုရီးယား တိုက်လေယာဉ်နှစ်စင်းက လမ်းပြပြီး မြေပြင်ကို ဆင်းသက်စေတယ်လို့ ပြောကြားခဲ့ကြပါတယ်။ မြောက်ကိုရီးယားသူလျှို ချိုချန်ဟီးနဲ့ စစ်တပ်အရာရှိတွေက တွေ့ဆုံ စကားပြောကြပြီးတဲ့နောက် ချိုချန်ဟီးဟာ မော်တော်ယာဉ်တစ်စီးပေါ် လိုက်ပါသွားခဲ့ပါတယ်။
ဟွမ်ဝန် အပါအဝင် လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၅၀ နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ မျက်နှာကို လက်ကိုင်ပဝါနဲ့ စည်းပြီးနောက် လေယာဉ်ပျံပေါ်ကနေ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ တောင်ကိုရီးယားပိုင်နက်မှာ တောင်ကိုရီးယားလေယာဉ်တစ်စင်းကို မြောက်ကိုရီးယားသူလျှိုတစ်ဦးက ပြန်ပေးဆွဲပြီး မြောက်ကိုရီးယားနိုင်ငံထဲ ခေါ်ဆောင်သွားတဲ့သတင်းကို နိုင်ငံတကာက အထိတ်တလန့်နဲ့ ဝေဖန်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂကလည်း ရှုတ်ချပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာက ဖိအားပေးမှုကြောင့် လေယာဉ်ပျံပေါ် လိုက်ပါလာသူ ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်လာသူတွေထဲမှာ ဟွမ်ရဲ့ဖခင်ကတော့ ပါမလာခဲ့ပါဘူး။
ဟွမ်ဝန်က ခုခံမှုတွေ ပြုလုပ်တဲ့အတွက် မြောက်ကိုရီးယားစစ်သားတွေက သူ့ကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ခရီးသည်တချို့က ပြောပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ကွန်မြူနစ်အယူအဆတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတဲ့ မေးခွန်းတွေအပေါ်မှာ မချေမငံပြောကြားချက်တွေ ပြုလုပ်ခဲ့တဲ့အတွက် ယခုလို တရွတ်တိုက် ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသူတွေက ပြောကြားပါတယ်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဟွမ်ဝန် အပါအဝင် မလွတ်မြောက်ဘဲရှိနေသူတွေ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအာဏာပိုင်တွေက အဲဒီလူတွေကို ဖမ်းဆီးထားတာ မဟုတ်ကြောင်း၊ သူတို့ကိုယ်တိုင်က မြောက်ကိုရီးယားမှာ နေထိုင်လို၍ ကျန်နေခဲ့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ကြက်ခြေနီအဖွဲ့ရဲ့ တောင်းဆိုချက်ဟာ ပြည်သူလူထုကြားမှာ ကြာလာတဲ့အချိန်မှာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။ ပြည်သူလူထုက မေ့ပျောက်သွားပေမယ့် မမေ့ပျောက်နိုင်သူတွေကတော့ ကာယကံရှင်မိသားစုတွေပဲ ဖြစ်ကြပါတယ်။ ဟွမ်ဝန်ရဲ့သား ဟွမ်အင်ချိုကတော့ သူ့ဘဝဟာ ပရိဒေဝသောက သံသရာထဲမှာ တဝဲလည်လည်ဖြစ်နေရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားတဲ့အတွက် ဟွမ်အင်ချိုရဲ့မိခင်ကတော့ အင်မတန်မှ ထိတ်လန့်တုန်လှုပ်သွားပါတယ်။ လေယာဉ်ပျံစီးသွားတဲ့ လင်ယောကျ်ားဟာ ဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့အတွက် သူ့ကလေးတွေကို စက်ဘီးတောင် ပေးမစီးတဲ့အထိ စိတ်ဓာတ်ချောက်ချားခဲ့ပါတယ်။ စက်ဘီးစီးရင် ကားတိုက်တယ်၊ ရေကူးရင် ရေနစ်သေမယ်ဆိုတဲ့ အတွေးတွေက သူမကို ဖိစီးထားခဲ့ပါတယ်။
နှစ်တွေကြာလာတဲ့အချိန်မှာတော့ ပြန်ပေးဆွဲခံရတဲ့အဖြစ်ဟာ မေ့မေ့ပျောက်ပျောက် ဖြစ်မသွားဘဲ ဖခင်သတင်းကို နားစွင့်နေတဲ့ ဟွမ်အင်ချိုကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပျောက်ဆုံးတဲ့ ဖခင်နဲ့ ပြန်လည်ဆုံတွေမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုမွေးပြီး အသက်ရှင်သန်နေခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ကိုရီးယားစစ်ပွဲကာလက ကွဲကွာသွားကြတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံရေး သဘောတူညီခဲ့တာကြောင့် ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ လေယာဉ်ပြန်ပေးဆွဲခဲ့စဉ်က လေယာဉ်အမှုထမ်းတစ်ဦး ဖြစ်သူ ဆွန်ကွမ်ဟီးဟာ နှစ်ပေါင်း ၃၀ ကွဲကွာနေတဲ့ မိခင်နဲ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ကွဲကွာနေတဲ့ သားအမိနှစ်ဦးရဲ့အကြောင်းကိုသိရတဲ့ ဟွမ်အင်ချိုဟာ ဝမ်းနည်းဝမ်းသာဖြစ်ရသလို ပျောက်ဆုံးနေတဲ့ ဖခင်ကိုဖြစ်တဲ့နည်းနဲ့ တွေ့အောင်ရှာမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဟွမ်အင်ချိုဟာ လက်ရှိအလုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ သူ့အလုပ်က စာပေ ထုတ်ဝေရေး တိုက်တစ်တိုက် ဖြစ်ပါတယ်။ အလုပ်ကထွက်ပြီးတဲ့နောက်မှာ ဟွမ်အင်ချိုဟာ တောင်ကိုရီးယားနိုင်ငံတခွင် ခြေဆန့်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သူ့ဖခင် စီးနင်းလိုက်ပါတဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့ကိစ္စကို တောင်ကိုရီးယား ပြည်သူတွေအနေနဲ့ မေ့မေ့ပျောက်ပျောက်ရှိမနေဘဲ အလေးအနက်ထားဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
“ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသား စဉ်းစားပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ဖခင်နဲ့ ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်ကူးလည်း ပါပါတယ်” လို့ ဟွမ်အင်ချိုက ပြောပြခဲ့ပါတယ်။
ဟွမ်ဝန်ဟာ အသက်ရှင်သန်လျက်ရှိနေမယ်ဆိုရင် အသက် ၈၀ ကျော်ပြီဖြစ်ပါတယ်။ ဟွမ်အင်ချိုဟာ ဇွဲလုံ့လနဲ့ ဖခင်ပျောက် ရှာပုံတော်ကို ဖွင့်ခဲ့ပါတယ်။ လေယာဉ်ပျံ ပြန်ပေးဆွဲခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက်ကို မြောက်ကိုရီးယားအစိုးရက ၁၉၈၃ ခုနှစ်မှာ သဘောတူထားတဲ့အချက်ကို သုတေသန ပြုနိုင်ခဲ့ပါတယ်။
“ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေဟာ သူတို့သွားတဲ့ ခရီးလမ်းဆုံးမရောက်သေးမီအချိန်ထိ လေယာဉ်ပျံပေါ်မှာ ရှိနေတယ်ဆိုရင် အဲဒီလေယာဉ်ပျံနဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းချက်နဲ့ ဘောင်ဝင်နေတယ်” လို့ ဟွမ်အင်ချိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ ဖမ်းဆီးထားခံရတဲ့ ခရီးသည်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုသင့်ကြောင်း၊ ဟွမ်အင်ချိုက သက်ဆိုင်ရာကို တင်ပြခဲ့ပေမဲ့ သူ့ရဲ့တောင်းဆိုချက်တွေကို သက်ဆိုင်ရာက ဘာမှပြန်လည် ဖြေကြားခြင်းမရှိတဲ့အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးဟာ နွေးထွေးမှုရှိရာမှ အေးခဲသွားတဲ့အဖြစ်တွေ ကြုံတွေ့ခဲ့တာမို့ ဟွမ်အင်ချိုရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းရေးကြိုးပမ်းချက်တွေဟာ အရာမထင်ခဲ့ပါဘူး။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ပြီးခဲ့တဲ့နှစ်က သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို ဟွမ်အင်ချို အကဲခတ်ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
“ နှစ်နိုင်ငံခေါင်းဆောင်နှစ်ယောက်ဟာ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ စကားကိုပဲ ပြောနေကြပါတယ်။ အရင် ကိုရီးယားသမ္မတလည်း ဒီစကားပဲ ပြောခဲ့တာပါပဲ” လို့ ဟွမ်အင်ချိုက ဝေဖန်ခဲ့ပါတယ်။ လူသားတစ်ယောက်ရဲ့ အရေးကိစ္စဟာ အင်မတန်မှ အရေးပါပါတယ်။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုတော့ ခေါင်းဆောင်နှစ်ယောက် မပြောကြပါဘူး။ အထူးသဖြင့် တောင်ကိုရီးယားအစိုးရက လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအရေးကို ဥပေက္ခာပြုထားတဲ့အတွက် ကျွန်တော်အလွန်တရာ စိတ်ထိခိုက်ရတယ်လို့ သူက မချိတင်ကဲ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေနဲ့ပတ်သက်ပြီး အိုက်စလန်နဲ့ ဥရုဂွေးနိုင်ငံတွေက ထောက်ပြခဲ့ပြီး လေယာဉ်ပြန်ပေးဆွဲခံရချိန်က မြောက်ကိုရီးယားမှာ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက နယ်စပ်ပြဿနာတွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးတွေ့ဆုံချိန်မှာ လေယာဉ်ပြန်ပေးဆွဲခံရသူတွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခြင်းရှိ မရှိဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သတင်းဌာနတွေက မေးမြန်းမှုအပေါ် ဘာမှဖြေကြားမှု မရှိပါဘူး။
ဟွမ်အင်ချိုက မနက် ၄ နာရီအိပ်ယာထပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရပါတယ်။ ညနေ ၅ နာရီအလုပ်ပြီးရင် မီဒီယာအင်တာဗျူးတွေလုပ်သလို သတင်းဌာနတွေအတွက် သတင်းထုတ်ပြန်ချက်တွေ ရေးပါတယ်။
“ ကျွန်တော် လက်လျှော့မယ်ဆိုရင် အဖေ မတရားဖမ်းဆီးခံရတာကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားမှာပေါ့ဗျာ။ အဖေ့အုတ်ဂူကိုကြည့်ဖို့၊ အုတ်ဂူမှာငိုဖို့ ကျွန်တော် စိတ်မဝင်စားဘူး” လို့ ဟွမ်အင်ချိုက ပြောကြားပါတယ်။ သူ့ဖခင် အသက်မသေဘဲ ရှင်သန်လျက်ရှိနေဆဲလို့ ယုံကြည်နေဆဲဖြစ်ပါတယ်။










