မျှတခြင်းဟူသည်ကို ဆုံးဖြတ်သည့် ဥပဒေရေးရာ သို့မဟုတ် ဒဿနိကဆိုင်ရာ သဘောတရားကို တရားမျှတမှုဟု ခေါ်သည်။ တရားမျှတမှုဟူသည့် သဘောတရားသည် ယဉ်ကျေးမှုများအလိုက် ကွဲပြားခြားနားကြသည်။ တရားမျှတမှုဆိုင်ရာ အစောပိုင်း သဘောတရားတစ်ရပ်ကို ရှေးခေတ်ဂရိတွေးခေါ်ရှင် ပလေတိုက သူ၏ Republic ကျမ်းတွင် ဖော်ပြခဲ့သည်။ သို့သော် ရှေးခေတ်က တရားမျှတမှုဟူသည် ဘုရားသခင်ထံမှ လာသည်ဟု ဆိုကာ ပလေတိုကို ငြင်းဆိုခဲ့ကြသည်။ ၁၇ ရာစုတွင် ဂျွန်လော့က် ကဲ့သို့သော သဘောတရားရေးရာ ပညာရှင်များက သဘာဝဥပဒေသကို အဆိုပြုခဲ့ကြသည်။ လူမှုရေးဆိုင်ရာ သဘောတူညီမှု အစဉ်အလာကို စဉ်းစားသော တွေးခေါ်ရှင်များက တရားမျှတမှုဟူသည် လူတိုင်းနှင့်သက်ဆိုင်သော အပြန်အလှန်သဘောတူညီချက်တစ်ရပ်မှ ဆင်းသက်လာသည်ဟု အဆိုပြုကြသည်။ ၁၉ ရာစုတွင် ဂျွန်စတူးအက်မေးအပါအဝင် လက်တွေ့အသုံးကျမှုဝါဒီများက အကောင်းဆုံး အကျိုးဆက်များရှိသည့် အရာကို တရားမျှတမှုဟု ခေါ်သည်ဟု ဆိုလာကြသည်။ ဖြန့်ဝေနိုင်သော တရားမျှတမှု သဘောတရားများသည် မည်သည့်အရာကို ဖြန့်ဝေမည်နည်း၊ မည်သူတို့အကြား ဖြန့်ဝေမည်နည်းနှင့် သင့်တော်မှန်ကန်သော ဖြန့်ဝေမှုက အဘယ်နည်းတို့နှင့် သက်ဆိုင်သည်။ သာတူညီမျှရေးဝါဒီများက တရားမျှတမှုဟူသည်သာ တူညီမျှမှု အဝန်းအဝိုင်းထဲ၌သာ တည်ရှိနိုင်ကြောင်း အဆိုပြုကြသည်။ ဂျွန်ရောလ်ကမူ တရားမျှတမှုဟူသည် မျှတမှုဆိုင်ရာ ပုံစံတစ်ရပ်ဖြစ်ကြောင်း ပြသရန် လူမှုရေးဆိုင်ရာ သဘောတူညီချက် အဆိုတစ်ခုကို အသုံးပြုခဲ့သည်။ ရောဘတ်နိုဇစ် ကဲ့သို့သော ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး သဘောတရားရေးရာပညာရှင်များက ဖြန့်ဝေမှုဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ ယထာဘူတရှိမှုကို ဖြိုခွဲလျက် ပိုင်ဆိုင်မှု အခွင့်အရေးအပေါ် အခြေခံသည့် တရားမျှတမှုသည် စီးပွားရေးစနစ်တစ်ရပ်၏ လွှမ်းခြုံသဘော ကြွယ်ဝမှုကို အမြင့်ဆုံးဖြစ်အောင် ပြုလုပ်ပေးကြောင်း အဆိုပြုခဲ့သည်။ ပြန်လည်ဖြန့်ဝေရေးဆိုင်ရာ တရားမျှတမှုနှင့် ပတ်သက်သော သဘောတရားများသည် မကောင်းမှု ပြုလုပ်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းနှင့်ပတ်သက်၍ လာသည်။ တရားမျှတမှုကို ပြန်လည် ထိန်းသိမ်းခြင်းဟူသည် မည်သည့်အရာသည် ကောင်းမှုဖြစ်သနည်းဟူသည်ကို ပြန်လည် ထိန်းသိမ်းရန် အဓိကထားပြီး ခံရသူများနှင့် ကျူးလွန်သူများဟူသော လိုအပ်ချက်များအပေါ် မဖြစ်မနေ အာရုံပြုလာရသည်။
ယဉ်ကျေးမှုတို့ဟူသည် သမိုင်းများ၊ ဒဏ္ဍာရီများနှင့် ဘာသာရေးများကို မျှဝေခံစားမှုအပေါ်၌ မူတည်နေတတ်သောကြောင့် ယဉ်ကျေးမှုများအလိုက် တရားမျှတမှုဟူသည့်အပေါ် နားလည်မှုများ ကွဲပြားကြသည်။ ယဉ်ကျေးမှုအသီးသီး၏ ကျင့်ဝတ်များက တရားမျှတမှုနှင့် ပတ်သက်သောသိမှုအပေါ် သြဇာလွှမ်းမိုးသည့် စံတန်ဖိုးများကို ဖန်တီးသည်။ တရားမျှတမှုဆိုင်ရာ စည်းမျဉ်းအချို့ကို ယဉ်ကျေးမှုအများစု သို့မဟုတ် အားလုံး၌ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝတူညီနေသည်ကို တွေ့နိုင်သော်လည်း ပြီးပြည့်စုံသည့် တစ်ခုတည်းသော တရားမျှတမှုကို ဖန်တီးရန် ယင်းစည်းမျဉ်းများက လုံလောက်ခြင်းမရှိပါ။
Republic ကျမ်းထဲမှ ဆွေးနွေးခန်းတစ်ခုတွင် ပလေတိုသည် တရားမျှတသော ပုဂ္ဂိုလ်နှင့် တရားမျှတသော နိုင်ငံတော် နှစ်ရပ်စလုံးအတွက် ဆိုကရေးတီးကို ကိုးကားခဲ့သည်။ တရားမျှတမှုဟူသည် လူပုဂ္ဂိုလ် သို့မဟုတ် မြို့တစ်မြို့၏ ပဋိပက္ခဖြစ်နေသော အစိတ်အပိုင်းများအကြား သင့်တော်မှန်ကန်သော၊ သဟဇာတဖြစ်သော ဆက်ဆံရေးတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှုနှင့် ပတ်သက်သော ပလေတို၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တရားမျှတမှုဟူသည် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်အရာကိုရှိခြင်းနှင့် လုပ်ခြင်းဖြစ်သည်။ တရားမျှတသော လူတစ်ဦးသည် တရားမျှတမှုအရ မှန်ကန်သောနေရာ၌ရှိပြီး တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်လျက် သူလက်ခံရရှိသော အရာများနှင့် ပတ်သက်၍ တိကျသော ညီမျှမှုကို ပေးခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး၏ ၀ိညာဉ်၌ အစိတ်အပိုင်း သုံးရပ်ရှိပြီး ယင်းမှာ ဆင်ခြင်တုံတရား၊ စိတ်သဘောထားနှင့် ဆန္ဒတို့ဖြစ်သည်။ အလားတူစွာပင် မြို့တစ်မြို့၌လည်း အစိတ်အပိုင်းသုံးရပ်ရှိပြီး ဆိုကရေးတီးက ယင်းကို သရုပ်ဖော်ပြရန် မြင်းရထားတစ်စင်းနှင့် ခိုင်းနှိုင်းပြခဲ့သည်။ မြင်းနှစ်ကောင်၏ စွမ်းအားကို ရထားမောင်းသူက ညွှန်ကြားသောကြောင့် မြင်းရထားတစ်စင်းလုံး အလုပ်ဖြစ်ရသည်။ သူက ဉာဏ်ပညာကို ချစ်မြတ်နိုးသူများ (တွေးခေါ်ရှင်များ) သည်သာ ကောင်းမွန်သည့်အရာကို နားလည်နိုင်သောကြောင့် အုပ်ချုပ်မှုကို တာဝန်ယူသင့်သည်ဟု ဆိုသည်။ လူတစ်ဦး နာမကျန်းဖြစ်ပါက လယ်သမားတစ်ဦးဆီမသွားဘဲ သမားတော်တစ်ဦးထံ သွားခြင်းမှာ သမားတော်သည် ကျန်းမာရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သောကြောင့်ဟု ဆိုသည်။ မြို့တစ်မြို့သည် ကောင်းမှုဟူသည်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးကိုသာ ယုံကြည်သင့်ပြီး ကောင်းမွန်သောအရာများထက် အများအကြိုက်ကိုလိုက်ကာ အာဏာရရှိအောင် ကြိုးပမ်းမည့် နိုင်ငံရေးသမားသက်သက်ကို မယုံကြည်သင့်ဟု ဆိုကရေးတီးက ဆိုသည်။ ဆိုကရေးတီးက တရားမျှတမှုမရှိသော မြို့တစ်မြို့ကို သမုဒ္ဒရာပြင်ကျယ်ထဲ၌ အာဏာရှိသော်လည်း အရက်မူးနေသည့် ကပ္ပတိန် (သာမန်ပြည်သူများ)၊ သင်္ဘောလမ်းကြောင်းနှင့် ပတ်သက်၍ ၎င်းတို့အား အာဏာပေးရေးအတွက် ကပ္ပတိန်ကို ကိုင်တွယ်ရန် ကြိုးပမ်းနေကြသည့် မယုံကြည်ရသော အကြံပေးများ (နိုင်ငံရေးသမားများ) နှင့် သင်္ဘောကို ဆိပ်ကမ်းသို့ ရောက်ရှိစေနိုင်သည့် လမ်းကြောင်းကိုသိသော လမ်းပြ (တွေးခေါ်ရှင်) လိုက်ပါနေသည့် သင်္ဘောတစ်စင်းနှင့် ဥပမာပေးခဲ့သည်။
ထို့ကြောင့် အကောင်းအဆိုးနှင့် အကျိုးအပြစ်ကို ကောင်းစွာ သိရှိသောသူသာလျှင် တရားမျှတမှုကို ထိန်းကျောင်းနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဒီဇင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









