အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ခန့်အပ်ရေးလုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိရန် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် တောင်းဆို

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ခန့်အပ်ရေးလုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိရန် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် တောင်းဆို
Published 10 December 2019

သက်တမ်းကုန်ဆုံးနေသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အသစ်များ ပြန်လည်ရွေးချယ်ပြီး အမြန်ဆုံး ပြန်လည်ဖွဲ့စည်းရန်နှင့် အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတအား အရပ်ဘက်အအဖွဲ့အစည်း ၂၀ ကျော်က ဒီဇင်ဘာ ၁၀ ရက်တွင် တောင်းဆိုသည်။

လက်ရှိတွင် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့က ကော်မရှင်အဖွဲ့ဝင် ၃၀ ဦးစာရင်းကို နိုင်ငံတော် သမ္မတထံ တင်သွင်းထားသည်ဟု သိရသော်လည်း ရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိနားလည်စေရန် လုပ်ဆောင်ခြင်း မရှိသကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် လုံလောက်သည့် တိုင်ပင်ညှိနှိုင်းခြင်းလည်းမရှိဟု အဖွဲ့အစည်း ၂၂ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးအလုပ်အဖွဲ့က ထုတ်ပြန်သည်။

“ သက်တမ်းကုန်ဆုံးနေတဲ့ ကော်မရှင်ကို အခုလိုမျိုး ပြန်လည်အားဖြည့်တဲ့အချိန်မျိုးမှာ အရင်ရှိတဲ့ ဥပဒေမှာ အားနည်းတဲ့အချက်တွေကို ပြင်ဆင်ရင်ပိုပြီးတော့ ကောင်းပါမယ်။ အဲဒီတော့ လူလည်းပြောင်းဖို့ လိုအပ်သလို၊ မူလည်းပြောင်းဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြလိုတဲ့အတွက် အခုလိုထုတ်ပြန်ချက် ထုတ်တာဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးအလုပ်အဖွဲ့ ၂၀ ကျော်တွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် Equality Myanmar အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။

ကော်မရှင်ဥပဒေအရ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူ/ကယ်/ပြန် ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့သည် အဖွဲ့ဝင်လောင်း ၃၀ ဦးရွေးချယ်ကာ နိုင်ငံတော်သမ္မတထံ တင်ပြရပြီး ၎င်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းတိုင်ပင်ကာ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေ ခုနစ်ဦးမှ ၁၅ ဦးအထိ ခန့်အပ်ခွင့်ရှိမည်ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် အများပြည်သူ ပါဝင်စိစစ်နိုင်မှုနှင့် ထိတွေ့ဆက်ဆံမှု အခွင့်အလမ်းသည် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပိုမိုပွင့့်လင်းမြင်သာစေပြီး ကော်မရှင်တွင် အလွှာစုံပါဝင်ရေးကို အားပေးရာရောက်၍ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သည်ဟု အဖွဲ့အစည်း ၂၀ ကျော်က ဆိုသည်။

လက်ရှိကော်မရှင်အဖွဲ့ဝင်အချို့၏ ယခင်ကအလုပ်အကိုင်နှင့် နောက်ခံသမိုင်းကြောင်းများကြောင့် ကော်မရှင်အပေါ် လူထု၏ ယုံကြည်မှု အားနည်းနေပြီး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ယုံကြည်မှုလည်း နိမ့်ကျနေကြောင်း၊ ထို့အတွက်ကြောင့် ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် လူ့အခွင့်အရေးအတွက် လုပ်ဆောင်လိုသည့် စိတ်နေသဘောထားရှိသူများဖြင့် ကော်မရှင်ကို အားသစ်လောင်းရန် ယခုကော်မရှင်အဖွဲ့ဝင် အပြောင်းအလဲသည် အခွင့်ကောင်းတစ်ရပ်ဟု ကော်မရှင် ပြုပြင်ပြောင်းလဲရေး အလုပ်အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

 

Most Read

Most Recent