ရန်ကုန်တိုင်းဒေသကြီး ၁၉၉ Call Center သို့ ၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ခေါ်ဆိုမှုမှတ်တမ်း ၁၄ သိန်းကျော်ရှိသည့်အနက် စနောက်ခေါ်ဆိုမှု ၁၂ သိန်းကျော် ပါဝင်

ရန်ကုန်တိုင်းဒေသကြီး ၁၉၉ Call Center သို့ ၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ခေါ်ဆိုမှုမှတ်တမ်း ၁၄ သိန်းကျော်ရှိသည့်အနက် စနောက်ခေါ်ဆိုမှု ၁၂ သိန်းကျော် ပါဝင်
Published 10 December 2019
အောင်မင်းသိန်း

ရန်ကုန်တိုင်းဒေသကြီး ၁၉၉ Call Center သို့ ၂၀၁၆ ခုနှစ်  ဇူလိုင်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ခေါ်ဆိုမှု မှတ်တမ်း ၁၄ သိန်းကျော်ရှိသည့်အနက် အကူအညီတောင်းခံမှု တစ်သိန်းခွဲကျော်၊ သတင်းအတည်ဖြစ်၍ ကူညီပေးနိုင်ခဲ့မှုတစ်သိန်းကျော်၊ သတင်းပေးသည့်နေရာသို့ သွားရောက်ခဲ့သော်လည်း သတင်းအတည်မဖြစ်မှု လေးသောင်းကျော်နှင့် စနောက်ခေါ်ဆိုမှု ၁၂ သိန်းကျော်ပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြွယ်ကြွယ်၏ ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်သော အခြေအနေတစ်ရပ် ပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် ဖုန်းနံပါတ် ၁၉၉ ကို ဆက်သွယ်ပါက အလျင်အမြန် ချက်ချင်းရောက်လာနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စီစဉ်ထားရှိခြင်း ရှိ မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့မှူးရုံးများတွင် ၁၉၉ Command Center များကို ဖွင့်လှစ်ပြီး သတင်းပေးပို့ချက်များကို ချက်ချင်းတုံ့ပြန်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကြပ်မတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ ထိုသို့ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၁၉၉ Call Center ရဲ့ ၁-၇-၂၀၁၆ မှ ၁၅-၁၁-၂၀၁၉ ရက်အထိ ခေါ်ဆိုမှုမှတ်တမ်းများအား Power Point ဖြင့် တင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ဖုန်းခေါ်ဆိုမှု စုစုပေါင်းကတော့ ၁၄ သိန်းကျော် ဖြစ်ပါတယ်။ အဲဒီမှာ အကူအညီတောင်းခံမှုပေါင်း တစ်သိန်းငါးသောင်းကျော် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ လောင်းကစားမှုများ နဲ့ပတ်သက်တဲ့ သတင်းပေးပို့မှု ရှစ်ထောင်လေးရာကျော် ဖြစ်ပါတယ်။ သတင်းအတည်ပြု၍ ကူညီပေးနိုင်မှုက တစ်သိန်းတစ်သောင်းကျော် ဖြစ်ပါတယ်။ သတင်းပေးတဲ့ ဌာနကို သွားရောက်ခဲ့မှုက ၄၃၄၇၁ ကြိမ်ဖြစ်ပြီးတော့ စနောက်ခေါ်ဆိုမှုက ၁၂ သိန်းကျော်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ရပ်ကွက်၊ ကျေးရွာများအတွင်း ဒုစရိုက်မှုများ၊ ရာဇဝတ်မှုများ၊ ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက သတင်းပို့နိုင်ရန်အတွက် အရေးပေါ်ဖုန်း သတင်းဌာန ၁၉၉ ဖုန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ ရဲစခန်းများတွင် တပ်ဆင်ထားရှိသည့်အပြင် သက်ဆိုင်ရာနယ်မြေရဲစခန်းအတွင်းရှိ ရုံး၊ ရဲစခန်းများ၏ ဖုန်းနံပါတ်များနှင့် ရဲကင်းမှူး၊ နယ်ထိန်းအရာရှိ၊ စခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၏ လက်ကိုင်ဖုန်းနံပါတ်များအား မှုခင်းကျဆင်းရေးဟောပြောပွဲများတွင် ဖြန့်ဝေသည့် လက်ကမ်းစာဆောင်များ၌ ထည့်သွင်းဖော်ပြခြင်း၊ လူစည်ကားသည့်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် သတင်းပေးနိုင်သည့် ရုံး၊ ရဲစခန်းများ၏ဖုန်းနံပါတ်များကို ပိုစတာများဖြင့် ဆောင်ရွက်ထားရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရပ်ကွက်ကျေးရွာများအတွင်း ပြည်သူလူထုရဲ့ လုံခြုံရေးထိခိုက်စေတဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာ၍ ပြည်သူလူထုက ရဲတပ်ဖွဲ့အပေါ် အရေးပေါ်သတင်းပေးဌာန ၁၉၉ သို့ ဖုန်းနှင့် အခြားဆက်သွယ်နိုင်မည့် ဖုန်းများသို့ သတင်းပို့လာပါက အလျင်အမြန်တုံ့ပြန် ကာကွယ်တားဆီးနိုင်ရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး နှစ်အပေါင်း ကိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီး နှစ်အပေါင်း ခြောက်၊ မြို့မ ရဲစခန်းမှူးဦးစီး တစ်အပေါင်း ကိုး၊  နယ်မြေ ရဲကင်းမှူးဦးစီး တစ်အပေါင်း သုံးတို့အား အသင့်စုဖွဲ့ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးများနှင့် တပ်ဖွဲ့ခွဲ၊ ခရိုင်လုံခြုံရေးအဖွဲ့များ၊ မြို့နယ်ရဲစခန်းများရှိ တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ 

 

Most Read

Most Recent