လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ကမ္ဘာ့ဘဏ်သည် ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှုနှင့် ရောဂါဘယများကို လျှော့ချရန် ယှဉ်တွဲနေသော အစိတ်အပိုင်းတစ်ရပ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးတည်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် အလွန်မှန်ကန်ပြီး ယနေ့အထိ ခိုင်မာနေဆဲဖြစ်သည်။ အဂတိလိုက်စားမှုများသည် ဆင်းရဲသူများထံမှ ရင်းမြစ်များကို ချမ်းသာသူများထံသို့ ရောက်ရှိသွားစေခြင်း၊ လာဘ်ပေးရသည့် အလေ့အထတစ်ရပ်ဆီသို့ ဦးတည်သွားစေခြင်း၊ အများပြည်သူတို့အတွက် အသုံးစရိတ်များကို ပုံပျက်သွားစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးဖြစ်ခြင်းနှင့် စီးပွားရေးကြီးထွားမှုကို ဟန့်တားခြင်းတို့ကို ဖြစ်စေသည်။ အခြားနည်းလမ်းများဖြင့် ကြည့်ပါက အဂတိလိုက်စားခြင်းသည် ရောဂါလက္ခဏာ တစ်ရပ်မျှသာလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ပွင့်လင်းမြင်သာစွာနှင့် တရားမျှတစွာ အုပ်ချုပ်ရေး၊ နိုင်ငံသားများအား ဝန်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံမှုများ ထောက်ပံ့ပေးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပေါများခြင်းနှင့် စီးပွားရေးကြီးထွားမှုကို ဖြစ်စေသော ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေး အားထုတ်မှုများနှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတို့သည် ကောင်းသောအုပ်ချုပ်ရေးနှင့် ထိရောက်သော အင်စတီကျူးရှင်းများကို ဖြစ်စေလျက် နိုင်ငံကို အဓိက ရည်မှန်းချက်ပန်းတိုင်အား ရယူနိုင်စေသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရန် နည်းလမ်းသုံးခုရှိသည်။
အင်စတီကျူးရှင်းများ တည်ဆောက်ရေးအပေါ် အဓိကထားခြင်း - နိုင်ငံတစ်နိုင်ငံ၏ အင်စတီကျူးရှင်းများအရည်အသွေးနှင့် နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုတို့သည် ဆက်စပ်လျက်ရှိသည်။ ကောင်းစွာလည်ပတ်နေသည့် တာဝန်ခံမှုရှိသော အင်စတီကျူးရှင်းများရှိသည့် အစိုးရအဖွဲ့များသည် ပြည်သူများကို ပို၍ကောင်းစွာ ထောက်ပံ့နိုင်လျက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးကြီးထွားမှုကို ထုတ်လုပ်ပေးသော ဝန်း ကျင်တစ်ရပ်ကို အထောက်အပံ့ဖြစ်စေသည်။ အများပြည်သူကဏ္ဍ စွမ်းဆောင်ရည်သည် အစိုးရဝန်ဆောင်မှုများအပေါ်၌ အကြီးအကျယ် မှီခိုနေရသော အဆင်းရဲဆုံးလူများအတွက် အထူးသဖြင့် အရေးကြီးပြီး ယင်းဝန်ဆောင်မှုများကို တိုးတက်အောင် ပြုလုပ်ခြင်း သည် ဆင်းရဲမွဲတေမှု လျှော့ချရေး၌ မရှိမဖြစ် အရေးကြီးသည်။
ဝန်ဆောင်မှုပေးရန်အတွက် လိုအပ်သောရင်းမြစ်များကို သယ်ဆောင်ပေးခြင်း - အဆင်းရဲဆုံးနိုင်ငံများသည် အတိုင်းအတာကျယ်ပြောသော ပြဿနာများနှင့် လုံးထွေး၍ နေရသည်။ အခွန်ရှောင်သည့် ပြည်တွင်းပြည်ပလုပ်ငန်းများ၊ စာရင်းမဝင်သည့် များပြားလှစွာသော တရားမဝင်လုပ်ငန်းများ၊ အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအရ အားနည်းမှုများ၊ နိုင်ငံတကာ အခွန်ကောက်ခံရေး ပူးပေါင်းဆောင်ရွက်မှု ချို့တဲ့ခြင်းများ နှင့် ပြည်သူ၏ မယုံကြည်မှုများ အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ယင်းသည် အခွန်များကို တိုးမြှင့်ရန်သက်သက်အတွက် ပြဿနာမဟုတ်ဘဲ တရားမျှတကာ တာဝန်ခံမှုရှိပြီး စီးပွားရေးကြီးထွားမှုကို အဟန့်အတားဖြစ်စေခြင်းမရှိသည့် အခွန် ကောက်ခံရေးစနစ်များ ရေးဆွဲချမှတ်ခြင်းနှင့်ဆိုင်သော ပြဿနာဖြစ်သည်။
ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို မြှင့်တင်ခြင်း - ပြည်သူ့ဘဏ္ဍာများကို သုံးစွဲမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိခြင်းသည်အစိုးရနှင့် နိုင်ငံသားတို့အကြား ယုံကြည်မှုကို တည်ဆောက်ပေးသည်။ အများပြည်သူတို့အတွက် သုံးစွဲမှုများကိုလည်း ပို၍တိကျကာ ပို၍ထိရောက်လာစေနိုင်သည်။ ထို့ကြောင့် အစိုးရအဖွဲ့များအနေဖြင့် ဘတ်ဂျက်ကိစ္စများနှင့် ပြည်သူ့ဘဏ္ဍာများ သုံးစွဲမှုတို့နှင့်ပတ်သက်လျှင် ပို၍ပို၍ ပွင့်လင်းမြင်သာလာရန် လိုအပ်သည်။ ယင်းသည် မသမာမှုများနှင့် အဂတိလိုက်စားမှုများကိုလည်း လျှော့ချပေးနိုင်ပြီး ပြည်သူတို့၏ အသံကို ပိုမိုမြှင့်တင်ပေးရာရောက်သည်။
ထို့ကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၌ အရေးကြီးသည့်အချက်တစ်ချက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြစ်ပြီး ယင်းအတွက် အင်စတီကျူးရှင်းများ ခိုင်မာအောင် တည်ဆောက်ရေးအပေါ် အဓိကထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဒီဇင်ဘာ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









