နှစ် ၇၀ ပြည့် ရဝမ်အမျိုးသားနေ့ ကချင်ပြည်နယ် ပူတာအိုမြို့တွင် ကျင်းပ

နှစ် ၇၀ ပြည့် ရဝမ်အမျိုးသားနေ့ ကချင်ပြည်နယ် ပူတာအိုမြို့တွင် ကျင်းပ
Published 9 December 2019
ထွန်းလင်းအောင် (မြစ်ကြီးနား)

နှစ် ရဝပြည့် ရဝမ်အမျိုးသားနေ့ကို ပူတာ အိုမြို့တွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရဝမ်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ မယစ်ယောရှုက ဆိုသည်။

၎င်းက “ကျွန်တော်တို့ ကျင်းပတာက နှစ် ၇၀ ပြည့်ပေါ့။ အရင်ကာလတွေကတော့ ဘာသာရေးနဲ့တွဲပြီး ဆုတောင်းပွဲပေါ့။ စည်စည်ကားကား ကျင်းပတာက သုံးကြိမ်မြောက်ပဲ ရှိသေးတယ်။ အဇီးလမ်ရိုးရာ မနောအက ကတယ်။ ဖူဆယ်ဘောလုံးပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲ၊ အခမ်းအနားပွဲတွေ ပါတယ်။ ညနေပိုင်းမှာ အတူနေကြတဲ့ တိုင်းရင်းသား အကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေနဲ့ ညစာစားပွဲရှိတယ်” ဟု ပြောကြားသည်။

ရဝမ်အမျိုးသားနေ့မှာ ၁၉၄၉ ခုနှစ် ခေါင်လန်ဖူးမြို့နယ်၊ ဝူးနင်ကျေးရွာတွင် ရဝမ်စာပေကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို ရဝမ်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင်မှာရေး၊ ရဝမ်အမျိုးသားများ သွေးစည်းညီညွတ်ရေး၊ ရဝမ်တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ရဝမ်လူမျိုးနှင့် စာပေယဉ်ကျေးမှုများ ရေရှည် တည်တံ့ရေးကို ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရဝမ်တိုင်းရင်းသားများသည် ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသများ (အထူးသဖြင့် ပူတာအိုခရိုင်တွင်) အဓိက နေထိုင်သူများဖြစ်ပြီး ကချင်မျိုးနွယ်စုတွင် ဂျိန်းဖော၊ လချိတ်၊ လဝေါ် ၊ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စသည့် မျိုးနွယ်စုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

 

 

Most Read

Most Recent