ဖိလစ်ပိုင် Surfer ကစားသမားကို အင်ဒိုနီးရှားသမ္မတ ချီးကျူး

ဖိလစ်ပိုင် Surfer ကစားသမားကို အင်ဒိုနီးရှားသမ္မတ ချီးကျူး
Photos : Philippines Surfing
Photos : Philippines Surfing
Published 9 December 2019

 

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုသည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရေလွှာလှိုင်းစီးအားကစားနည်း၌ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သည့် ဖိလစ်ပိုင် Surfer ကစားသမား ရော်ဂျာကာဆူဂေးကို အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြိုင်ဘက်အား ကူညီဖေးမပေးခဲ့သည့်အတွက် ချီးကျူးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရော်ဂျာကာဆူဂေးသည် Surfing Longboard ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် အင်ဒိုနီးရှားကစားသမား အာရစ်ပ်နူရီဒါယတ်နှင့် ယှဉ်ပြိုင်နေစဉ် ရှေ့မှဦးဆောင်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူမှာ ခြေထောက်၌ ဒဏ်ရာရရှိပြီး ရေထဲသို့ပြုတ်ကျခဲ့သည့်အတွက် ပြန်လှည့်ကာ ကူညီပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းအား တစ်ကိုယ်ကောင်း စိတ်မရှိသူ၊ အားကစားသမားပီသသူအဖြစ် ၀ိုင်းဝန်းချီးကျူးခဲ့ကြပြီး အင်ဒိုနီးရှားပြည်သူများစွာကလည်း ၎င်းကို သူရဲကောင်းတစ်ဦးအဖြစ် လူမှုကွန်ရက်များတွင် ရေးသားဖော်ပြခဲ့ကြသည်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကလည်း Twitter တွင် "ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်တဲ့အခါ အားကစားသမားပီသစွာ အနိုင်ရယူနိုင်ဖို့က အရေးကြီးပါတယ်။ လူသားဆန်တဲ့စိတ်ရှိဖို့ကတော့ အားလုံးရဲ့အထက်မှာပေါ့။ ရော်ဂျာကာ ဆူဂေးကို ကျွန်တော် ဂုဏ်ပြုပါတယ်။ သူက ရွှေတံဆိပ်အတွက် အခွင့်အရေးဆုံးရှုံးသွားနိုင်ပေမယ့် ပြိုင်ဘက်ကို ကယ်တင်ခဲ့တာကြောင့်ပါ" ဟု ရေးသားခဲ့သည်။

သို့သော် ရွှေတံဆိပ်ဆုကို အရယူနိုင်ခဲ့သည့် ကာဆူဂေးကမူ မိမိသည် သူရဲကောင်းတစ်ဦး မဟုတ်ကြောင်းနှင့် ညီအစ်ကိုစိတ်ဓာတ်ဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း၊ မိမိ၏ကူညီမှုမှာ ပြောပလောက်ဖွယ်မရှိကြောင်း ဆိုခဲ့သည်။