အော်တစ်ဇင်ကျောင်းတွေ စစ်ဆေးဖို့လိုနေပြီလား

အော်တစ်ဇင်ကျောင်းတွေ စစ်ဆေးဖို့လိုနေပြီလား
၂၀၁၇ ခုနှစ် ဧပြီ ၂ ရက်တွင် ကျရောက်သော ကမ္ဘာ့အော်တစ်ဇင်အမှတ်တရနေ့ကို ရန်ကုန်မြို့တွင် ကျင်းပစဉ်
၂၀၁၇ ခုနှစ် ဧပြီ ၂ ရက်တွင် ကျရောက်သော ကမ္ဘာ့အော်တစ်ဇင်အမှတ်တရနေ့ကို ရန်ကုန်မြို့တွင် ကျင်းပစဉ်
Published 9 December 2019
မျိုးထက်ပိုင်

လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ အော်တစ်ဇင်ကလေးငယ် ကြမ်းတမ်းစွာ ထိုးကြိတ်ခံရမှု

မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ New World Therapeutic Trading Center မှာ တက်ရောက်နေတဲ့ အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်တစ်ဦးကို ကျောင်းဆရာ နှစ်ဦးက ကြမ်းတမ်းစွာ ထိုးကြိတ်ရိုက်နှက်နေတဲ့ CCTV မှတ်တမ်းတစ်ခု ဒီဇင်ဘာ ၄ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာထက် ပျံ့နှံ့လာပါတယ်။ အဲဒီ CCTV မှတ်တမ်းထဲမှာတော့ ကျောင်းစာသင်ခန်းတစ်ခုထဲမှာ ကလေးတွေစုပြီး ထမင်းစားနေတာကို မြင်တွေ့ရပါတယ်။ အော်တစ်ဇင် ကလေးငယ်လေးယောက်နဲ့ ဆရာသုံးယောက် ထိုင်နေကြပါတယ်။ ထမင်းဘူးဖွင့်ပြီး မကြာခင်မှာ ကလေးငယ်တစ်ဦးက ထမင်းဘူးကို မှောက်လိုက်ပါ တယ်။ အဲဒါကို ဆရာတစ်ယောက်က ထမင်းဘူးတွေကို သန့်ရှင်းရေးလုပ်ပေးနေတာကို မြင်တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ဆရာတစ်ယောက်က ကလေးငယ်ကို လည်ပင်းက နေသိုင်းဖက်ပြီးတော့ CCTV ကွယ်ရာနေရာ ထောင့်တစ်ခုကို ခေါ်သွားပါတယ်။ ဒါပေမဲ့ အဲဒါကို CCTV ကနေ မြင်နေရပါတယ်။ဆရာဖြစ်သူက ကလေးငယ်ကို လည်ပင်းသိုင်း ဖက်ထားရာကနေ လှဲချပြီးတော့ စတင်ထိုး ကြိတ်ပါတော့တယ်။ ထိုးကြိတ်ပြီးတဲ့နောက်မှာတော့ ဆရာဖြစ်သူက အဆိုပါနေရာက ထွက်သွားတာကို မြင်တွေ့ရပါတယ်။ ကလေးငယ်ကို ဆိုဖာအခင်းနဲ့ ကလေးငယ်ရဲ့မျက်နှာပေါ် အုပ်ထားပါတယ်။ အဲဒါတင်မကသေးပါဘူး။ ဆရာဖြစ်သူက ကလေးငယ်ကို ပြေးပြီးတော့ ဒူးနဲ့တိုက်လိုက်ပါတယ်။ အလားတူ အခန်းထဲရှိနေတဲ့ ဆရာတစ်ဦးကပါ ကလေး ငယ်ရဲ့ခေါင်းကို ရိုက်နှက်နေတာကိုပါ တွေ့ မြင်နေရပါတယ်။ ကလေးငယ်မှာ ကူကယ်ရာ မဲ့စွာနဲ့ သည်းသည်းထန်ထန် ငိုကြွေးနေပါတယ်။

“ကလေး ကျောင်းကပြန်လာချိန်မှာ ညာဘက်မျက်လုံးက နည်းနည်းဖုနေတယ်။ ကလေးကငိုပြီး မျက်လုံးအရမ်းပွတ်လို့ မျက်လုံးကရောင်နေတယ်လို့ ကလေးကို ကျောင်းကနေ သွားကြိုလာတဲ့ ကျွန်မညီမကို ကျောင်း ကနေပြောလိုက်တယ်။ ကျွန်မ ရုံးကပြန်လာ တဲ့အချိန် ကလေးမျက်လုံးက တော်တော် ရောင်နေပြီ။ မျက်လုံးက ပွတ်လို့ ညိုတာမျိုး မဟုတ်ဘူူး။ ထိုးကြိတ်ခံရလို့ ဖြစ်တာမျိုးပါ။ အဲဒါနဲ့ ကျွန်မက ကြီးကြပ်သူဆရာဆီကို ဖုန်း ဆက်တယ်။ ကလေးက ငိုလို့ မျက်လုံးပွတ်လို့ ဖြစ်တာပါလို့ ပြောတယ်။ သူ လုံးဝတာဝန်ယူတယ်။ ဘယ်သူနဲ့မှ မတိုက်မိပါဘူးလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မက CCTV ပြန်ကြည့် ပေးဖို့ ကျောင်းကို တောင်းဆိုတယ်။ နောက်နေ့ မနက် အိပ်ရာနိုးတော့ ကလေးရဲ့မျက်လုံး က တော်တော်ကြီးကို ရောင်နေပြီ။ သူက ညဘက်အိပ်ဖို့တောင် ဆေးတိုက်နေရတာ နေ့လယ်ဘက်ဆို လုံးဝပြန်မအိပ်ဘူး။ ဒါပေမဲ့ မနက် ၈ နာရီကို ပြန်အိပ်သွားတယ်။ အဲဒါနဲ့ အရမ်းစိုးရိမ်သွားပြီးတော့ မနေ့က ကျွန်မ ဖုန်းဆက်ခဲ့တဲ့ဆရာကို ဖုန်းဆက်ပြီး ၁၁ နာရီ ခွဲကို ကလေးကိုကျောင်းပို့ရင်း ကျွန်မကိုယ် တိုင်လာခဲ့မယ်၊ အကျိုးအကြောင်းသိချင်လို့ CCTV ကို ကျွန်မကြည့်ချင်တယ်လို့ ပြော တယ်။ ကျွန်မကလေး ကျောင်းမှာချော်လဲတာ ကလေးအချင်းချင်းဖြစ်တာလို့ပဲ ထင်တာ။ကျောင်းရောက်တဲ့အခါမှာ ကလေးကလည်း စာသင်ခန်းထဲ ဝင်သွားတယ်။ ကျွန်မက ရုံးခန်းထဲမှာ CCTV ကို စကြည့်ပါတယ်။ သူတို့ စပြတာက ၁ နာရီ ၄၆ မိနစ်ကနေ စပြပါတယ်။ကလေးကျောင်းတက်ချိန်က ၁၂ နာရီပါ။ အဲ ဒီအချိန်က စငိုတာလို့ပြောပါတယ်။ အဲဒီ ကနေ ကျောင်းဆင်းချိန်အထိ ကျွန်မ စောင့် ကြည့်တယ်။ ထူးထူးခြားခြား ဘာမှမတွေ့ရ ပါဘူး။ ငိုတော့ငိုနေတယ်။ ဒါပေမဲ့ ရှေ့ပိုင်းကို မကြည့်ရသေးဘူး။ ကျွန်မကလေး ဘာကြောင့် ငိုတာလဲ သိချင်တဲ့အတွက် ၁ နာရီ ၄၆ မိနစ် မတိုင်ခင် ၁၂ နာရီကစပြီး ပြန်ပြဖို့ ပြောခဲ့တယ်။ အဲဒီကျတော့ သူတို့ပြပါတယ်” လို့ ကလေးငယ် ထိုးကြိတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သိရှိ ခဲ့ရပုံကို ကလေးငယ်ရဲ့မိခင်ဖြစ်သူ ဒေါက်တာ ခန့်ခန့်ဝင်းရွှေက အခုလိုပြောပါတယ်။

အဲဒီကလေးငယ်ဟာ အသက် နှစ်နှစ်ခွဲ အရွယ်ကတည်းက New World Therapeutic Trading Center မှာ ကျောင်းတက် နေတာဖြစ်ပြီး ယနေ့အထိ ရှစ်နှစ်ရှိခဲ့ပါပြီ။

အဲဒီဖြစ်စဉ်ကတော့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို မိခင်ဖြစ်သူက အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျောင်းရဲ့ CCTV ကို ကြည့်ရှုခဲ့ရာကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို သိရှိပြီးတဲ့နောက်မှာတော့ ကလေးငယ်ရဲ့မိခင်ဖြစ်သူက ဒဂုံမြောက်မြို့နယ်ရဲစခန်းမှာ ကလေးငယ်ကို ကြမ်းတမ်းစွာထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ဆရာနှစ်ဦးကို မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃ (က) နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် ရဲစခန်းက အာမခံပေးထားတယ်လို့ သိရပါတယ်။ အဲဒီကျောင်းဆရာနှစ်ဦးကိုလည်း New World Therapeutic Trading Center က ကျောင်းတာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆရာနှစ်ယောက်ရဲ့ ကြမ်းတမ်းစွာ ထိုးကြိတ်ရိုက်နှက်ခံရတဲ့ အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ် ရဲ့ ကျန်းမာရေးအခြေအနေဟာ စိတ်အခြေအ နေ ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပြီးတော့ ကလေးငယ်ရဲ့မိဘတွေက ကလေးငယ်ကို အိမ် မှာအလိုလိုက်ဂရုစိုက်ကာ စိတ်ပြန်လည်နူး ညံ့လာအောင် ချော့နေရတယ်လို့ မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောပါတယ်။

အော်တစ်ဇင်ကလေးငယ် ကြမ်းတမ်း စွာပြုမူဆက်ဆံခံရတဲ့ဖြစ်စဉ်အပေါ် မြန်မာအော်တစ်ဇင်အသင်းက ဒီဇင်ဘာ ၃ ရက်နေ့ မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ် ကို အော်တစ်ဇင်ကလေးငယ်ရဲ့မိဘတွေက မြန်မာအော်တစ်ဇင်အသင်းထံကို စာရေး တိုင်တန်းခဲ့အတွက် နိုဝင်ဘာ ၈ ရက်နေ့မှာ အသင်းက အမှုဆောင်တွေက New World Therapeutic Trading Center က တာဝန်ရှိသူတွေနဲ့ ကလေးရဲ့မိဘတွေကို သီးခြားတွေ့ ဆုံခဲ့ပြီးတော့ အော်တစ်ဇင်ကလေးငယ်အပေါ် ကြမ်းတမ်းစွာ ပြုမူဆက်ဆံမှုဖြစ်စဉ်အပေါ် လုံးဝလက်သင့်မခံကြောင်းနဲ့ ကျူးလွန်သူတွေကို တရားဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း New World Therapeutic Trading Center ကျောင်းအနေနဲ့ အပြည့်အဝ တာဝန်ခံပြီး ပူးပေါင်းလုပ်ဆောင်ဖို့ တိုက် တွန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက် မှာတော့ အော်တစ်ဇင်ကလေးငယ်တွေရဲ့ မိခင်တွေဟာ အော်တစ်ဇင်ကျောင်းတွေမှာ သူတို့ရဲ့ကလေးငယ်တွေ အနိုင်ကျင့်ရိုက်နှက်ခံရမှာကို စိုးရိမ်စိတ်များဖြစ်ပေါ်နေပြီး အယုံအကြည်မရှိတော့သလို တစ်ဖက်မှာလည်း အခုလိုဖြစ်စဉ်ကြောင့် ကျောင်းပိတ်လိုက်ရတဲ့အခါ အော်တစ်ဇင်ကလေးငယ် (Special Needs) တွေအတွက် ဒုက္ခရောက်နိုင်တဲ့အနေ အထားတွေ ရှိလာနိုင်တယ်လို့ ဝေဖန်ပြောဆို မှုတွေရှိလာပါတယ်။

 

အော်တစ်ဇင်ဆိုတာ ဘာလဲ၊  ဘာ့ကြောင့် အော်တစ်ဇင်ဖြစ်လာရသလဲ

အော်တစ်ဇင် (Autism) ဆိုတာ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပါတယ်။ အထီးကျန်သူ (သို့မဟုတ်) တစ်ဦးတည်း နေတတ်သူလို့ အဓိပ္ပာယ်ရပါတယ်။အော်တစ်ဇင်ဆိုတာ သွေးစစ်လို့ မသိနိုင်သလို ဓာတ်မှန်ရိုက်လို့လည်း မသိနိုင်ပါဘူး။ ကမ္ဘာတစ်ဝန်းက ကလေးငယ် ၁၀၀ မှာ တစ်ယောက် ဟာ အော်တစ်ဇင် ဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ အော်တစ်ဇင် ဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် များပြားလာနေပါတယ်။ ဦးနှောက်တစ်နေရာရာက ဖွံ့ဖြိုးမှုအရှိန်လွန်ပြီး ဦးနှောက်ရဲ့ အခြား နေရာတွေနဲ့ စည်းကိုက်ဝါးကိုက် လိုက်လျော ညီထွေမပြုမူနိုင်တော့ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှုရှိနေတာကိုလည်း တွေ့ရပါတယ်။ အော်တစ်ဇင်ဖြစ်ပွား ရတဲ့ အခြားအကြောင်းရင်းတွေကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေဟာ စိတ်ခံစားမှု ပုံမှန်မဟုတ်တာ၊ အပြုအမူ ပုံမှန်မဟုတ်တာနဲ့ စကားအပြောအဆို ပေါင်းသင်းဆက်ဆံရေး ပုံမှန်မဟုတ်တာ စတဲ့အချက်တွေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ အော်တစ်ဇင်ဆိုတာ ရောဂါမဟုတ်တဲ့အတွက် ဆေးထိုးဆေးသောက်တာတွေလုပ်ရုံနဲ့ မပျောက် ကင်းသွားပါဘူး။ အော်တစ်ဇင်ကလေးငယ် တစ်ယောက်အနေနဲ့ အခြားသောကလေးငယ်တွေ ကြီးပြင်းလာသလို ကြီးပြင်းလာခြင်းမျိုး မဟုတ်ဘဲ ဦးနှောက်အလုပ်လုပ်ပုံဟာ ပုံမှန် အတိုင်းမဟုတ်ဘဲ အတိုးအလျှော့နဲ့ အလုပ်လုပ်နေတာတွေ၊ အာရုံတွေကို ဘာသာပြန်လွဲပြီး နားလည်မှုလွဲမှားကာ တုံ့ပြန်မှုလွဲမှားနေ တာတွေ၊ တချို့နေရာတွေမှာ တုံ့ပြန်မှုလုံးဝ မရှိတာမျိုးတွေနဲ့ မွေးဖွားကြီးပြင်းလာကြသူတွေဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရှိ အော်တစ်ဇင်ကျောင်းများနှင့် သင်ကြားရေး ဆရာဆရာမများ၏ အရည်အချင်း သတ်မှတ်ချက်များ

မြန်မာနိုင်ငံမှာ အော်တစ်ဇင်ကလေး ငယ်များနှင့်ပတ်သက်ပြီး သင်ကြားရေးဆိုင်ရာ သင်တန်းကျောင်း ၂၃ ကျောင်း ဖွင့်လှစ် ထားတယ်လို့သိရပါတယ်။ အဲဒီကျောင်း ၂၃ ကျောင်းအနက် နှစ်ကျောင်းကတော့ အစိုးရ ကဖွင့်လှစ်ထားတဲ့ ကျောင်းတွေဖြစ်ပြီးတော့ ကျန်တဲ့ ၂၁ ကျောင်းကတော့ ပုဂ္ဂလိကက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ အစိုးရကဖွင့်ထားတဲ့ မသန်စွမ်း သင်တန်းကျောင်းနှစ်ကျောင်းကတော့ အော်တစ်ဇင်ကလေးငယ်များအတွက် သီးသန့်ဖွင့်ထားတဲ့ကျောင်းတွေတော့ မဟုတ်ပါဘူး။ ဖွင့်ထားတဲ့ကျောင်းတွေမှာတော့ အော် တစ်ဇင်ကလေးငယ် ၅၀၀၀ ကနေ ၆၀၀၀ အထိ တက်ရောက်ပညာသင်ကြားနေကြပါ တယ်။ အော်တစ်ဇင်ကလေးငယ်တွေရဲ့ သင်ကြားရေးပိုင်းဆိုင်ရာကို တာဝန်ယူရတဲ့ ဆရာ ဆရာမတွေကို အနည်းဆုံး ၁၀ တန်းအောင်မြင်ရမယ်လို့ ပညာအရည်အချင်း သတ်မှတ် ထားပါတယ်။ အဲဒီ ဆရာဆရာမတွေက အော်တစ်ဇင်နဲ့ပတ်သက်ပြီး ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို တက်ရောက်ရမှာဖြစ်ပါ တယ်။ အစိုးရကဖွင့်ထားတဲ့ သင်တန်းတွေ မှာဆိုရင် Pre Level ၊ Level 1 ၊ Level 2 စတဲ့ သင်တန်းအဆင့်ဆင့်ကို တက်ရောက်ထားရမှာဖြစ်ပါတယ်။ Level 1 အဆင့်ကို   ခြောက်လသင်တန်းတက်ရမှာဖြစ်ပြီးတော့ Level 2 ကို တစ်နှစ်ကျော်တက်ရောက်ပြီးမှ သာ သင်ကြားရေးဆရာ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

“လက်ရှိမြန်မာနိုင်ငံမှာ အော်တစ်ဇင်ကလေးငယ်တွေရဲ့ သင်ကြားရေးပိုင်းက ဆရာဆရာမတွေကို ရွေးချယ်တဲ့နေရာမှာ အနည်းဆုံး ၁၀ တန်းအောင်ပေါ့။ ကျောင်း တွေအားလုံး ရွေးချယ်ပါတယ်။ တချို့ကျတော့ လည်း ဘွဲ့ရပေါ့။ ဒါပေမဲ့ သင်တန်းတော့ တက်ရမယ်ပေါ့။ အော်တစ်ဇင်နဲ့ပတ်သက် တဲ့ သင်တန်းတွေပေါ့။ နောက် အစိုးရကဖွင့် ထားတဲ့သင်တန်းမှာ Pre Level 1ရယ်၊ နောက်နည်းနည်းအဆင့်မြင့်တဲ့ Level 1 ရယ်၊ Level 2ရယ် တက်ထားဖို့လိုတယ်။ Pre Level 1 ကတော့ လူတိုင်းတက်လို့ အဆင်ပြေပေမဲ့ Level 1 တို့၊ Level 2 တို့က တော့ နှစ်ရှည်တက်ရတယ်။ Level 1 ဆို ခြောက်လလောက် Level 2 ဆို တစ်နှစ်လောက် တက်ရတယ်။ အဲဒီအတွက် တချို့ဆို အချိန်မရလို့ မတက်နိုင်သေးတဲ့ ဆရာ ဆရာမ တွေဆိုလည်း ကျောင်းတွေမှာ ခန့်ထားတဲ့အ ချိန် လောလောဆယ်မှာ အခြားသင်တန်းတွေ အပြင်ကဖွင့်တဲ့သင်တန်းတွေလည်း ရှိတယ်။ အဲဒီလိုတော့ ခန့်ထားလို့ရပါတယ်။ မြန်မာ နိုင်ငံမှာ အော်တစ်ဇင်ကလေးငယ်ဘယ် လောက်အထိရှိလဲဆိုတာတော့ Data တွေ မကောက်ရသေးဘူး။ ကျောင်းတွေအားလုံးကတော့ ၂၃ ကျောင်းရှိတယ်။ အဲဒီကျောင်းတွေမှာ အော်တစ်ဇင်ကလေးအရေအတွက် ၅၀၀၀၊ ၆၀၀၀ လောက်ရှိမယ်။ အစိုးရက ဖွင့်ထားတဲ့ကျောင်းကတော့ နှစ်ကျောင်းပဲ ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ မသန်စွမ်း သင်တန်းကျောင်းရှိတယ်။ အဲဒီမှာလည်း အော်တစ်ဇင်တစ်ဦးတည်းမဟုတ်ဘူး။ ရော ပြီးလက်ခံထားရပါတယ်။ ဉာဏ်ရည်မသန် စွမ်းသူတွေကို ရောပြီးလက်ခံထားရပါတယ်။ ကျောင်းဖွင့်မယ်ဆိုရင် လိုင်စင်ယူတယ်လေ။ ဒါပေမဲ့ မသန်စွမ်းဥပဒေထဲမှာ ပါတယ်။ ပါတယ်ဆိုပေမဲ့ လူမှုဝန်ထမ်းမှာရှိတဲ့ ကောင်စီကနေမှ ကျောင်းတွေအားလုံးဖွင့်မယ့်ကိစ္စ ကို ထောက်ကြည့်ရမယ်ပေါ့။ ဒါပေမဲ့ အခု စပြီးတော့ အကောင်အထည်ဖော်တာတော့ မရှိသေးဘူး။ ကျောင်းတွေကိုတော့ ခွင့်ပြု ချက်ပေးတယ်။ လိုင်စင်လျှောက်တဲ့အခါမှာ တော့ ကျန်းမာရေးကို လျှောက်တော့လည်း ကျန်းမာရေးက သူတို့နဲ့မဆိုင်ဘူး။ လူမှုဝန်ထမ်းကို လျှောက်တဲ့အခါမှာလည်း Law ထဲ မှာတော့ စည်းကမ်းချက်တွေတော့ပါတယ်။ မသန်စွမ်းကို မှတ်ပုံတင်တော့ အကောင်အထည်ဖော်နေပြီ” လို့ မြန်မာအော်တစ်ဇင်အသင်း အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးနေထွန်းက ပြောပါတယ်။

အဲဒါအပြင် Special Needs ကျောင်းတွေမှာ သင်ကြားရေးပိုင်းတာဝန်ယူထားတဲ့ ဆရာ ဆရာမများနှင့်ပတ်သက်ပြီး Special Needs ကလေးငယ်တစ်ဦး၏မိခင်ဖြစ်သူ၊ The Body Book ၏စာရေးသူ၊ Parenting Blogger ဖြစ်သူ မ Jessica Mozat က “Special Education ပေါ့။ Special Needs ကလေးလေးတွေကိုသင်တဲ့ သင်ကြားရေး ဆရာ ဆရာမတွေကို ပညာရေးတက္ကသိုလ်တွေမှာ Subject တစ်ခုအနေနဲ့ ထည့်သင်ပေးပေါ့။ နောက်ပြီး ဒါကို Major တစ်ခုအနေနဲ့ ၀ါသနာပါမယ်ဆိုရင် Major သင်ပေးပေါ့။ပြီးတော့ ကျောင်းတွေမှာ အထက်တန်း ကျောင်းတွေမှာ၊ အလယ်တန်း၊ မူလတန်း ကျောင်းတွေမှာ အခန်းလေးတစ်ခန်းပဲဖြစ် ဖြစ် Special Needs ကလေးလေးတွေကို လုပ်ပေးနိုင်မယ်ဆိုရင် ဆရာ ဆရာမတွေအ တွက်ရော ကလေးတွေအတွက်ရော နေရာ ထိုင်ခင်းတို့၊ ကျောင်းတို့ သက်သက်လုပ်နေ စရာမလိုဘူး။ ကျောင်းတွေမှာ အခန်းတွေ လည်းရှိတယ်ဆိုတော့ ဒီပညာရပ်ကို သင်ပေး နိုင်ဖို့ရယ် Awareness ပေါ့။ အခုဆို လူမှုဝန်ထမ်းဦးစီးဌာနကနေပြီးတော့ သင်တန်းတွေ ပေးတယ်။ အဲဒီသင်တန်းတွေတက်ပြီးတော့ မှ ဒီကျောင်းတွေကို ECCD ကအစ တခြား Especial Education နဲ့ပတ်သက်တဲ့ သင်တန်းတွေကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပညာရေးဌာနနဲ့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ပေါင်းပြီးတော့ သင်တန်းတွေပေးကြတယ်။ အဲဒါတွေကို တချို့တွေက တက်တယ်။ တက်ပြီးတော့ Special Needs School လေးတွေ ပြန်ဖွင့်တယ်။ ကျောင်းပိုင်ရှင်တွေက များသောအားဖြင့် တတ်ကျွမ်းကြတာများတယ်။ သူတို့စိတ်နှလုံးကလည်း ဒီကလေးလေးတွေကို ချစ်ခင် သနားကြတာတွေ များတယ်။ ဒီအလုပ်ကို ကလေးတွေကို ချစ်ခင်လို့၊ သနားလို့သာ ရွေးချယ်ကြတာ။ ဒါပေမဲ့ ကလေးတွေက One by One Train ရတဲ့ ကလေးတွေများတဲ့အတွက် ကလေး ၁၀ ယောက်ဖြစ်လာရင် ဝန်ထမ်း ၁၀ ယောက်ငှားဖို့ကျတော့ ပညာပြည့်ဝ နှလုံးရည်ပြည့်ဝတဲ့သူ ရှားသွားတယ်။ အဲဒါကြောင့် အခုလို အော်တစ်ဇင်ကလေးလေးကိစ္စဖြစ်သွားတာပေါ့။ အနည်းဆုံးတော့ ဆရာ ဆရာမ တွေကို Psycho Test လေးတော့ စစ်ဆေးသင့်တယ်။ ECCD သင်ပြီးတာလည်း ကောင်းပါတယ်။ အဓိကက ကလေးလေးတွေက အားနည်းတယ်။ အနိုင်ကျင့်လို့လွယ်တဲ့ ကလေးလေးတွေဖြစ်တဲ့အတွက် အနိုင်ကျင့်ချင်စိတ် လုံးဝမရှိမယ့်သူမျိုး၊ စိတ်ရှည်ပြီး ချစ်ခြင်းမေတ္တာနဲ့ သာမန်ကျောင်းဆရာ ဆရာမတွေ ထက်ကို စိတ်ရှည်သည်းခံ နှလုံးသားကြီးကြီး နဲ့ သင်ပြပေးနိုင်တဲ့သူမျိုးမှ အဆင်ပြေမှာပါ။ အထူးသဖြင့် အဲဒါကို Train ပေးနိုင်ဖို့အရေးကြီးတယ်” လို့ အခုလိုပြောပါတယ်။

 

အော်တစ်ဇင်ကလေးငယ် ကြမ်းတမ်းစွာရိုက်နှက် ထိုးကြိတ်ခံရမှုဖြစ်ပွားပြီးနောက်  အော်တစ်ဇင် ကလေးငယ်မိဘများ၏ စိုးရိမ်ပူပန်မှုများ

လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်ကို ဆရာနှစ်ဦးက ကြမ်းတမ်းစွာ ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက်မှာ တော့ အော်တစ်ဇင်ကလေးငယ်တွေရဲ့ မိဘတွေ များစွာစိုးရိမ်ပူပန်မှုတွေ ဖြစ်လာကြပါတယ်။ ပထမအချက်အနေနဲ့ မိမိတို့ရဲ့ အော် တစ်ဇင်ကလေးငယ်တွေကို (Special Needs )တွေအတွက် ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းတွေ မှာ အခုလို အနိုင်ကျင့် ရိုက်နှက်ခံရမှာတွေ ကို စိုးရိမ်ပူပန်လာကြပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေဟာ စကားမပြောတတ်တဲ့ ကလေးငယ်တွေဖြစ်တဲ့အတွက် သူတို့အပေါ် အခြားသူတွေက အနိုင်ကျင့်ရိုက်နှက်တာတွေ၊ ကြမ်းတမ်းစွာပြုမူဆက်ဆံခံရတာတွေကို မိခင်တွေသိရှိအောင် ပြောပြဖို့ အလွန်ခက်ခဲလှပါတယ်။ စိတ်ခံစားမှု ပုံမှန်မဟုတ်တဲ့အ ပြင် အနိုင်ကျင့်နှိပ်စက်ခံရမှုတွေကိုပါ တွေ့ ကြုံလာရတဲ့အခါမှာတော့ ကလေးငယ်တွေရဲ့ စိတ်အခြေအနေဟာ နဂိုကထက် ပိုမိုကြမ်း တမ်းလာကြပါတယ်။ အဲဒါကြောင့် အော်တစ်ဇင်ကလေးငယ်တွေရဲ့ မိခင်အချို့က ကျူးလွန် သူတွေကို တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဖို့နဲ့ ကျောင်းကိုပိတ်ပစ်ဖို့ ပြောဆို လာကြပါတယ်။ တစ်ဖက်မှာလည်း အော်တစ်ဇင်ကလေးငယ်တွေဟာ သာမန်ကျောင်းတွေ မှာ တက်ရောက်ပညာသင်ကြားဖို့ မလွယ်ကူတာကြောင့် အော်တစ်ဇင်ကလေးငယ်တွေ အတွက် အထူးဖွင့်ထားတဲ့ (Special Needs) ကျောင်းတွေ ပိတ်ပစ်ခံလိုက်ရမှာကို စိုးရိမ်လျက်ရှိနေပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေ အခုလို ရိုက်နှက်ထိုးကြိတ် ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံခံရမှာကို စိုးရိမ်ပူပန်ကြပေမဲ့ အရေးယူမှုလုပ်ဆောင်တဲ့နေရာမှာ တရားဥပဒေအရ အရေးယူဖို့နဲ့ သင်ကြားရေး ပိုင်းတာဝန်ယူထားတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်သင်ကြားစေပြီးမှသာ ဆရာ ဆရာမ များအဖြစ် ဝင်ရောက်လုပ်ကိုင်ကြဖို့သာ အ လိုရှိနေကြပါတယ်။

“အော်တစ်ဇင်ကလေးပဲဖြစ်ဖြစ် ရိုးရိုး ကလေးပဲဖြစ်ဖြစ် ဒီဖြစ်စဉ်က Abuse ဖြစ်သွားပြီ။ တချို့ကလေးတွေက အာရုံမစူးစိုက်နိုင်လို့ သူ့ရဲ့အာရုံစူးစိုက်မှုကို ရဖို့အတွက် နည်းနည်းခပ်ကြမ်းကြမ်းလေး၊ နာမည်ကျယ်ကျယ်ခေါ်ပေးတာမျိုးလုပ်ရတဲ့ Method တွေ ကို အစ်မတို့နားလည်တယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို CCTV မှာကြည့်တဲ့အခါ သင်ကြား ရေးအတွက်လိုအပ်လို့ သူ့ရဲ့ Attention ရဖို့ လုပ်နေတာမျိုးမဟုတ်ဘူး။ ဒါက သက်သက် Abuse သဘောမျိုးဆိုတာကို ဗီဒီယိုကြည့်ရင်းနဲ့ သိသာတယ်။ အစ်မသမီးလေးကိုယ်တိုင် ကလည်း Development Delay နည်းနည်းရှိတဲ့အတွက် Special School ကို ထားတယ်။ Secial Needs ကလေးတွေနဲ့ ရင်းနှီးကျွမ်း ဝင်မှုရှိတယ်။ Special Needs ကျောင်းတွေ ကိုလည်း ရင်းနှီးကျွမ်းဝင်မှုရှိတယ်။ အစ်မတို့ က ဒါတွေကို လေ့လာနေတယ်။ ဒီဆရာကိုင်တွယ်တဲ့ပုံက သင်ကြားရေးအတွက် ဘယ်လို မှ အထောက်အကူဖြစ်တယ်လို့ လက်ခံချင်စရာအကြောင်း လုံးဝမရှိဘူး။ သင်ကြားရေးအတွက် အထောက်အကူဖြစ်စေတဲ့ အပြုအမူ လုံးဝမဟုတ်သလို ကလေးအတွက် ဘယ်လိုမှ ကောင်းနိုင်တဲ့ အပြုအမူ လုံးဝမဟုတ်ဘူး။ ဒါက သက်သက် Abuse လုပ်တာဖြစ်သွားပြီ။ သူတို့တွေက စကား လုံးဝမပြောနိုင်တဲ့ ကလေးတွေပေါ့။ အစ်မကလေးလေးဆိုရင် စကားပြောနိုင်တယ်။ အစ်မတို့ကလေးလေး ကို မူကြိုထားဖို့ကို အစ်မတို့ သုံးနှစ်ရှစ်လမှ မူကြိုစထားခဲ့တယ်။ သူများကလေးတွေ နှစ် နှစ်ကျော်မှာ စထားတဲ့အချိန်မှာပေါ့။ ဘာလို့လဲဆို ကလေးလေးကို တစ်စုံတစ်ခု၊ တစ်စုံ တစ်ယောက်က နာကျင်စေခဲ့မယ်ဆိုရင် ပြန်မပြောတတ်မှာစိုးလို့ ကျောင်းတွေ သေချာရွေးတယ်။ ဆရာ ဆရာမကို သေချာအပ်နှံတယ်။ ပြောတယ်။ ပြီးတော့ CCTV ရှိလား လိုက်မေးတယ်။ ကလေးလေးက ပြောတတ် ဆိုတတ်တဲ့အချိန်ကျမှ အပ်ခဲ့တယ်။ စကား လုံးဝမပြောနိုင်တဲ့ Special Needs ကလေးတွေကျတော့ ကျောင်းကိုပဲ အပြည့်အဝ အားထားရတယ်။ ပြီးတော့ Special Needs ဆရာဆရာမတွေဆိုတာက သူများတွေထက် နှလုံးသားကြီးရတယ်။ အရမ်းပင်ပန်းတယ်။ ကလေးလေးတွေကို တစ်ယောက်ချင်းစီ လေ့ကျင့်ပေးရတာဖြစ်တဲ့အတွက် ပင်ပန်းတယ်။ ကိုယ့် သားသမီးတောင်မှ မနည်းစိတ်ရှည်ရတဲ့အချိန်မှာ ဒီဆရာ ဆရာမတွေက အတော်လေး စိတ်ရှည်ပေးရတယ်ဆိုတာ သိပေမဲ့ ၁၀ နှစ် အရွယ် ကလေးတစ်ယောက်က ထမင်းမှောက်လိုက်တာကို စိတ်တိုစရာလေး အနေအထား တစ်ခုရှိပေမဲ့ ဒီအပြုအမူတွေက လုံးဝမလုပ်သင့်ဘူး။ အစ်မတို့က လုံးဝလက်မခံဘူး။ အကယ်၍ ဒီလိုကလေးလေးတွေကို စိတ်မရှည်ဘူးဆိုရင် ဒီလုပ်ငန်းထဲမှာ မလုပ်သင့်ဘူး။ နောက်ပြီးတော့ သူတို့ရဲ့သင်ကြားမှု Method ထဲမှာ ဒီလိုမျိုးကြီးတွေဖြစ်နေတာကိုလည်း ကျောင်းက သိကို သိသင့်တယ်။ Special Needs ကျောင်းဆိုတာ ကလေးတွေကို Specially Train ဖို့ မျှော်လင့်ထားတာဖြစ်တဲ့အတွက် သူတို့ဆီက ဒီလို Abuse လုပ်ခံရဖို့ဆိုတာကြီးက တစ်ခါမှတောင် မတွေးမိဘူး။ အဲဒါတွေ ကိုကြည့်ရတဲ့အခါ မိဘတစ်ယောက်အနေနဲ့ အရမ်းနာကျင်ရတယ်။ လူတွေတချို့ထင်ကြတယ်။ New World ကြီးကို ပိတ်စေချင်ကြတယ်။ အစ်မကတော့ လုံးဝမပိတ်စေချင်ဘူး။ ဒီကလေးလေးကိုလည်း မျှတမှုရစေချင်တယ်” လို့ Special Needs ကလေးငယ်တစ်ဦး၏ မိခင်ဖြစ်သူ၊  The Body Book ၏စာရေးသူ၊ Parenting Blogger ဖြစ်သူ Jessica Mozart က အခုလိုပြောပါတယ်။

အော်တစ်ဇင်ကလေးငယ် ရိုက်နှက်ခံရတဲ့ဖြစ်စဉ်အပေါ် အော်တစ်ဇင်ကလေးမိခင်တွေကြားမှာ ကျောင်းပိတ်ခံရရင် အခြား အော်တစ်ဇင်ကလေးငယ်တွေ တက်စရာ ကျောင်းမရှိတော့တဲ့အတွက် ဒုက္ခရောက်ကြရမှာကို စိုးရိမ်နေကြပါတယ်။ အော်တစ်ဇင် ကလေးငယ်တစ်ဦးကို Special Needs ကျောင်း တွေက One by One Train ကြတာဖြစ်တဲ့အတွက် ကျောင်းမရှိခင်ကာလတစ်ခုမှာ Training တွေ မရတော့ဘဲနဲ့  Development တွေ နောက်ကျသွားမှာကိုလည်း မိခင်ဖြစ်သူတွေက များစွာစိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ အနည်းအကျဉ်းသာရှိတဲ့ Special Needs ကျောင်းတစ်ကျောင်း ဝင်ခွင့်ရဖို့အတွက်  Waiting List နဲ့ စောင့်ကြရတာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး Jessica Mozart က အခုလိုပြောပါတယ်။

“ဒါပေမဲ့ ဒီကလေးလေးလို အခြားကလေးတွေလည်း အများကြီးရှိသေးတယ်။ ဒီကလေးလေးပြဿနာကြောင့်မို့လို့ ကျောင်းပိတ်လိုက်ခြင်းအားဖြင့် အခြားကလေး အ ယောက် ၃၀၀ လောက် ကျောင်းမရှိတော့ရင် များသောအားဖြင့် Special Needs ကျောင်းတွေက One by One Train ကြတာဖြစ်တဲ့အတွက် သူတို့တွေက Waiting List နဲ့ စောင့်ကြရတာများတယ်။ တခြားကျောင်းတွေကို  waiting List နဲ့ သွားစောင့်ကြရမှာကို အစ်မက စိုးရိမ်တယ်။ ဒီကျောင်းပိတ်လိုက်ခြင်းအားဖြင့် တခြားကလေးတွေ ကျောင်းတက်စရာမရှိနဲ့ ခက်ခဲကြမယ်ပေါ့။ ကျောင်းမရခင် ကာလတစ်ခုမှာ Training တွေ မရတော့ဘဲ Development တွေ နောက်ကျသွားမှာကို အစ်မတို့လည်း စိုးရိမ်တာပဲ။ စိုးရိမ်တာက စိုးရိမ်တာသက်သက်။ တရားမျှတမှုရချင်တာက သက်သက်ပေါ့နော်။ ကလေးငယ်ရဲ့ အမေက CCTV တောင်းကြည့်တဲ့အခါ အရှေ့ပိုင်းကို မပြဘူးပေါ့။ ဒါဟာလည်း ဖုံး ကွယ်တာတစ်ခုဖြစ်တယ်။ ကျောင်းဆရာနှစ်ယောက်ကိုလည်း ထိုက်သင့်တဲ့ပြစ်ဒဏ် ရစေချင်တယ်။ တခြားဆရာ ဆရာမတွေ တခြား ကျောင်းတွေကိုလည်း မထိခိုက်စေလိုဘူး” ဟု ပြောကြားသည်။

၂၀၁၉ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ အာဆီယံအထွေထွေအတွင်းရေးမှူးရုံးနှင့် အာဆီယံ ဒေသတွင်းနိုင်ငံများကိုယ်စားပြု အော်တစ်ဇင်အသင်းများ ပူးပေါင်းလုပ်ဆောင်တဲ့ Asean Autism Mapping Project ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ Asean Autism Mapping Project ရဲ့ လုပ်ငန်းတစ်ခုအနေနဲ့ သက်ဆိုင်ရာအစိုးရတွေက အော်တစ်ဇင်ဆိုင်ရာမူဝါဒတွေ ချမှတ်နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာအော်တစ်ဇင်အသင်းဥက္ကဋ္ဌ ဦးနေမျိုးနိုင် တက်ရောက်ခဲ့ပြီးတော့ မြန်မာနိုင်ငံအစိုးရအတွက် ချမှတ်သင့်တဲ့ မူဝါဒ ၁၀ ချက်ကို အကြံပြု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မူဝါဒ ၁၀ ချက်မှာတော့ ပညာရေးဝန်ကြီးဌာနနဲ့သက်ဆိုင်တဲ့ မူဝါဒလေးချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့သက်ဆိုင်တဲ့ မူဝါဒ နှစ်ချက်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ မူဝါဒလေးချက် ပါဝင်ပါတယ်။

လက်ရှိတွင် အော်တစ်ဇင်ကလေးငယ် ကြမ်းတမ်းစွာ ထိုးကြိတ်ပြုမူခံရမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၄ ရက်က New World Thera- peutic Training Center သို့ သွားရောက်မေးမြန်းခဲ့ရာမှာတော့ လတ်တလောအခြေအနေ မှာ ဖြေကြားနိုင်ခြင်းမရှိသေးကြောင်းနဲ့ ၎င်းတို့ဘက်က ပြန်လည်ဆက်သွယ်ပေးမယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 

 

Most Read

Most Recent