တာဝန်ယူမှု၊ သမာဓိတည်ကြည်မှု၊ မိမိကိုယ်ကိုယ် စည်းကမ်းသတ်မှတ်မှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့အား လေးစားလိုက်နာမှုဟူသည့် ဒီမိုကရေစီဆိုင်ရာ စံတန်ဖိုးများသည် လူတို့၏ မွေးရာပါ စံတန်ဖိုးများ မဟုတ်ကြပါ။ ဒီမိုကရေစီဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများအား သင်ကြားပေးရသကဲ့သို့ ဒီမိုကရေစီစံတန်ဖိုးများသည်လည်း လေ့လာသင်ယူရသည့်ကိစ္စ၊ သင်ကြားပေးရသည့်ကိစ္စဖြစ်သည်။ ဒီမို ကရေစီအတွက် ပညာပေးမှုတွင် ပါဝင်သည့် အရာများက စီစဉ်ရန်နှင့် အကောင်အထည်ဖော်ရန်တို့အတွက် အခက်အခဲဆုံးနှင့် အငြင်းပွားဖွယ်အကောင်းဆုံး ဖြစ်နိုင်သည်။ အချို့ကလည်း ယင်းစံတန်ဖိုးများကို သင်ကြားပေးခြင်းသည် ကျောင်းသင်ရိုး၏ တစ်စိတ်တစ်ပိုင်း မဖြစ်သင့်ဘဲ မိသားစုအတွင်း လမ်းညွှန်သင်ကြား လေ့ကျင့်ပေးမှုများသာ ဖြစ်သင့်သည်ဟု ဆိုကြသည်။ သို့သော် ဒီမိုကရေစီဟူသည် သီးခြားစံတန်ဖိုးများအပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းတို့ကို မိသားစုအတွင်း၌သာ မဟုတ်ဘဲ အုပ်စုအလိုက် ပြည့်စုံရှင်းလင်းစွာ အမည်တပ်၊ သတ်မှတ်၊ လေ့ကျင့်၊ မြှင့်တင်ပေးရမည်ဖြစ်သည်။ ကလေးများအတွက် ယင်းစံတန်ဖိုးများသည် ကိုယ်ပိုင် တစ်သီးပုဂ္ဂလရွေးချယ်မှုများသက် သက်သာ မဟုတ်ဘဲ အများပြည်သူဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များရှိသည့် ရွေးချယ်မှုများလည်း ဖြစ်သည်။
အားယူခါစ ဒီမိုကရေစီနိုင်ငံများစွာတို့အနေဖြင့် ဒီမိုကရေစီစနစ်တစ်ရပ်အတွင်း မည်သို့မည်ပုံ နေထိုင်ရမည်ကို ၎င်းတို့၏ နိုင်ငံသားများအား ပညာပေးရန်အတွက် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရုန်းကန်ခဲ့ရပုံကို ကြည့်နိုင်သည်။ အဆိုပါ လူ့အဖွဲ့အစည်း များသည် ၎င်းတို့ကိုယ်တိုင်အား ပြန်လည်စုစည်းရရုံမျှမက ၎င်းတို့၏ အင်စတီကျူးရှင်း ဆိုင်ရာ ဖွဲ့စည်းပုံများနှင့် အလုပ်ဖြစ်သော ဒီမိုကရေစီစနစ်များကို ထင်ဟပ်ပြသည့် လုပ်ငန်းစဉ်များကိုပါ ပြန်လည်စုစည်းခဲ့ရသည်။ မူလတန်းကျောင်းများမှ စတင်လျက် ဒီမိုကရေစီအတွက် အားကောင်းသည့် ပညာရေးသင်ရိုးများကိုလည်း ဖွံ့ဖြိုးလာအောင် ပြုလုပ်ကာ အကောင်အထည်ဖော်ခဲ့ကြရသည်။ ငယ်ရွယ်သောမျိုးဆက်များအား ဒီမိုကရေ စီဟူသည့် အုပ်ချုပ်ရေးစနစ်သစ်တစ်ရပ်အတွင်း မည်သို့မည်ပုံနေထိုင်ရမည်ကို သင်ကြားပေးရန် လိုအပ်ကြောင်း အဆိုပါနိုင်ငံများအနေဖြင့် သိမြင်ခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုကဲ့သို့သော အစဉ်အလာအရ အားကောင်းသည့် ဒီမိုကရေစီနိုင်ငံများရှိ လူ့အဖွဲ့အစည်းများအတွင်း၌ပင်လျှင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၌ ဖြစ်ပွားသော ဖြစ်ရပ်များက ဒီမိုကရေစီကျင့်စဉ်များကို နားလည်သိမြင်လာရေးအတွက် မြှင့်တင်ရန် ငယ်ရွယ်သော မျိုးဆက်များကို ပညာပေးရေးအား ထောက်ပံ့ရန်နှင့် မြှင့်တင်ရန် အရေးကြီးပုံကို ထောက်ပြခဲ့သည်။ အလိုအလျောက် သိမြင်ခြင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာရှုထောင့်မှ ချဉ်းကပ်သော၊ သင့်လျော်စွာ ဖွံ့ဖြိုးလာစေသည့် နည်းလမ်းများအတွင်း စီစဉ်အကောင်အထည်ဖော်သော အားကောင်းသည့် သင်ရိုးတစ်ရပ်သည် ဒီမိုကရေစီနိုင်ငံသားများနှင့် ခေါင်းဆောင်များ ဖြစ်လာအောင် လာမည့်မျိုးဆက်ကို ပြင်ဆင်ရာ၌ အထိရောက်ဆုံးနည်းလမ်းတစ်ရပ် ဖြစ်ဖွယ်ရှိသည်။ သင်ရိုး၌ပါဝင်သည့်အရာများကို ဒီမိုကရေစီကို နားလည်ရန် လိုအပ်သော သဘောတရားများနှင့် အချက်အလက်များ ပါဝင်အောင် အသေအချာ စမ်းသပ်စစ်ဆေးထားရမည်ဟု အကြံပြုမှုများရှိသည်။ ကလေးများနှင့် ဆယ်ကျော်သက်များအား သဘောတရားများနှင့် အခြားအချက်အလက် အပိုင်းအစများကို မှတ်မိနေအောင် ပြုလုပ်ရုံဖြင့် မလုံလောက်ပါ။ ဒီမိုကရေစီသင်ရိုးတစ်ရပ်သည် ဒီမိုကရေစီဟူသည် အဘယ်နည်း၊ ယင်းကို မည်သို့ ဖွဲ့ စည်းထားသနည်း၊ ယင်း၏ သမိုင်းကြောင်းနှင့် နိုင်ငံရေးတို့ကား အဘယ်နည်း အစရှိ သည်တို့နှင့်ပတ်သက်၍ဘက်စုံ ပေါင်းစည်းထားပြီး အလွန် လက်တွေ့ကျသော ရှုထောင့်တစ်ရပ်အား တင်ပြရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီနိုင်ငံတစ်ခု၌ နေထိုင်သော နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီဆိုင်ရာ စံတန်ဖိုးများကို အမှန်တကယ် နားလည်သဘောပေါက်လျက် ကျင့်သုံးနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဒီဇင်ဘာ ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









