ကျောင်းသားကျောင်းသူများတွင် အရက်သောက်သုံးမှု လေးရာခိုင်နှုန်းကျော်ရှိပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ်မတိုင်မီကပင် အရက်စတင်သောက်သုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Global School Based Student Health Survey တွင် ဖော်ပြထားချက်အရ သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိတ်ရောဂါနှင့်ပတ်သက်၍ ဆေးရုံတက်ရောက်ကုသနှုန်းများ မြင့်တက်လာပြီး အများစုမှာ အရက်သောက်သုံးမှုကြောင့်ဖြစ်သော စိတ်ရောဂါများဖြစ်ကြောင်းလည်း သိရသည်။
“စိတ်ရောဂါနဲ့ပတ်သက်ပြီး ဆေးရုံ တက်ရောက်ကုသနှုန်းတွေ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက လူဦးရေ ၃၆၀၀၀ ကျော်သာ တက်ရောက်ကုသရာက နေ ၂၀၁၇ ခုနှစ်မှာ လူဦးရေ ၈၆၀၀၀ ကျော်အ ထိ မြင့်တက်လာပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အတွင်းလူနာစုစုပေါင်းရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ တိုးမြင့်လာတာကိုတွေ့ရပါတယ်။ အဓိက အကြောင်းအရင်းက အရက်သောက်သုံးမှုကြောင့် ဖြစ်ပွားတဲ့ စိတ်ရောဂါတွေဖြစ်တာကို တွေ့ရှိရပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် ငါးနှစ်တာအတွင်း အရက်စွဲရော ဂါဖြစ်ပွားနှုန်း နှစ်ဆခွဲခန့်မြင့်တက်လာသည်ဟုလည်း ၎င်းကပြောကြားသည်။
“မကူးစက်တတ်တဲ့ရောဂါတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ အရက်စွဲရောဂါဖြစ်ပွားနှုန်းက ၂၀၁၈ ခုနှစ်မှာ ၂၀၁၃ ခုနှစ်ကထက် နှစ်ဆခွဲလောက် မြင့်တက်လာတယ်။ ဒါ နိုင်ငံမှာ ပြဿနာတစ်ခုအသွင်ဖြစ်နေပါ တယ်။ အရက်ကြောင့် ရောဂါ တွေလည်းဖြစ် သလို ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ယာဉ်မတော် တဆမှုတွေလည်းဖြစ်ပြီး ဆုံးရှုံးမှုတွေလည်း များနေပါတယ်။ ကမ္ဘာမှာ သေဆုံးရခြင်း အကြောင်းအမျိုးမျိုးရဲ့ ငါးရာခိုင်နှုန်းကျော်က အရက်ပြဿနာနဲ့ သေဆုံးနေကြတာဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ အတွင်း သေဆုံးကြသူ တွေရဲ့ ခုနစ်ဦးမှာ တစ်ဦးနှုန်းက အရက် သောက်တာနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရ မှာ ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အရက်သောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၃ ဒသမ ၃ သန်းကျော် သေဆုံးနေပြီး ၎င်းတို့ အနက် ထက်ဝက်ကျော်မှာ ကင်ဆာ အပါအဝင် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေကြောင်း ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ကြေညာသည့် အချက်အလက်များအရ သိရသည်။
မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ယင်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်း နှစ်စဉ် သေဆုံး လျက်ရှိပြီး ထိုသို့ အရွယ်မတိုင်မီ သေဆုံးမှု များ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါး သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်းနှင့် အဓိကသေဆုံးရသည့်အကြောင်းရင်းများမှာ နှလုံးနှင့် သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စ သည်တို့ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများဖြစ်စေနိုင်သည့် အဓိကအကြောင်းအရာများကို ပိုမိုထိရောက်စွာကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့ စည်းလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန် အကျွံသောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်သော စား သောက်ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှားနည်းပါးသော ဘဝနေထိုင်မှုပုံစံစသည့် မကူးစက်နိုင်သောရောဂါများကို ဖြစ်စေနိုင်သည့်အဓိကအကြောင်းအရာများကို ပိုမိုထိ ရောက်စွာကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက်တစ်ခုဖွဲ့စည်း တည်ထောင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။















